နှစ်သစ်ကူးည အရက်သောက်စား မူးယစ်ရာမှ စကားများ ရန်ဖြစ်ကာ ခိုက်ရန်
ဖြစ်ပွားမှုလေးမှုနှင့် ယာဉ်တိမ်းမှောက်မှု သုံးမှုတို့တွင် ပါဝင်ခဲ့သူဟု
တိုင်ကြားခံရသူ ၂၇ ဦးကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများတွင် အမှုဖွင့်ကာ
စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။အဆိုပါ ပြစ်မှု ကျူးလွန်မှုများတွင် ရဲဝန်ထမ်းကို သံတုတ်နှင့်
ရိုက်မှု၊ ရဲအရာရှိ တစ်ဦးကို မူးယစ်ဆဲဆို ခြိမ်းခြောက်မှုနှင့်
ဓားထိုးမှုများလည်း ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်း မှုခင်းရဲတပ်ဖွဲ့မှ
ရဲအရာတစ်ဦးက ပြောကြားသည်။
“နှစ်သစ်ကူးည ၁၂ နာရီ နောက်ပိုင်းကနေ နံနက် ၎
နာရီထိ သက်ဆိုင်ရာမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားမှုတွေ ရှိသလို
တချို့မြို့နယ်တွေမှာ အပျော်လွန် မူးယစ်ပြီး လူငယ်ချင်း စကားများခိုက်ရန်
ဖြစ်ပွားမှုတွေ ရှိပေမယ့် သက်ဆိုင်ရာ ရပ်ကွက်က လူကြီးမိဘတွေက ပြေလည်အောင်
ဖြေရှင်းလို့ အမှုမဖွင့်တာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သန်လျင်မြို့နယ်၊
မြို့ဟောင်းအလယ် ရပ်ကွက် ဗိုလ်ချုပ် နေဝင်းလမ်းရှိ စားသောက်ဆိုင်ရှေ့တွင်
နှစ်သစ်ကူးည နံနက် ၁ နာရီက ဆောင်းဘောက်စ်များဖွင့်ကာ အမျိုးသားခြောက်ဦး
အော်ဟစ်ဆူညံ နေသောကြောင့် ရဲတပ်ကြပ်တစ်ဦးက ဆူညံမှုများ မလုပ်ရန်
ပြောကြားစဉ် အမျိုးသားငါးဦးက အဆိုပါ ရဲတပ်ကြပ်ကို ဝိုင်းချုပ်ပြီး
ကျန်တစ်ဦးက သံတုတ်ဖြင့် ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အလားတူ
ယင်းည ၁ နာရီခွဲခန့်က လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ရုံးခန်းသို့
ဆာကူရာတာဝါ F & R စားသောက်ဆိုင်မှ ဘားတာဝန်ခံ အသက် ၂၉ နှစ်အရွယ်
အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အရက် သေစာ သောက်စား မူးယစ်ကာ နယ်မြေခံ
ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး နောက်ရဲမှူး၏ ပခုံးပေါ်ရှိ ရာထူးတံဆိပ်ကို
ကိုင်ပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း လသာ မြို့မရဲစခန်းမှ သိရှိရသည်။
ကမာရွတ်မြို့နယ်၊
လှည်းတန်း ပင်မဒေသန္တရ ဆေးခန်းအနီးတွင် ည ၂ နာရီခန့်က လူငယ်အချင်းချင်း
စနောက် ပြောဆိုနေစဉ် စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး
ဆိပ်ကြီးခနောင်တို အနောက် ရပ်ကွက်တွင် နှစ်သစ်ကူးည လမ်းပေါ်
သောက်စားမူးယစ်နေသူ ၁၆ ဦးက နေအိမ် ပြန်လာသော ဇနီးမောင်နှံကို ဝိုင်းဝန်း
ထိုးကြိတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
သိရှိရသည်။
နှစ်သစ်ကူးည ယာဉ်တိုက်မှုများအနက် နံနက် ၁ နာရီခန့်က
ဗဟန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒိုရှေ့တွင် ယာဉ်သုံးစီး
မျက်နှာချင်း ဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ သင်္ဃန်းကျွန်း
မြို့နယ်ရှိ သာကေတ တံတားအဆင်း ရဲကင်းရှေ့တွင် ယင်းနေ့ နံနက် ၁ နာရီ ၄၅
မိနစ်ခန့်က ဆိုင်ကယ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊
နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်ရှိ
သမိုင်းဘူတာရုံလမ်းတွင် အငှားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး
ဓာတ်တိုင်ကို ဝင်တိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါရုံး၏ ထုတ်ပြန်ချက်အရ
သိရှိရသည်။
အဆိုပါ အမှုများနှင့် ပတ်သက်၍ လူ ၂၇ ဦးကို
သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ကာ အရေးယူလျက် ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:
Post a Comment