သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေ ဗီဇာလျှောက်ထား
စရာမလိုဘဲ ထိုင်းနိုင်ငံကို သွားရောက်နိုင်ဖို့ နှစ်နိုင်ငံ သဘောကွဲလွဲမှု
တချက်ပဲ ရှိနေတယ်လို့ မြန်မာ နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိကြီးတဦးက
ပြောပါတယ်။
ထိုင်းနိုင်ငံဘက်က ထိုင်းနိုင်ငံဘက်ရှိ အပြည်ပြည်ဆိုင်ရာ
လေဆိပ်တွေကတဆင့် လာရောက် လည်ပတ်မယ့် မြန်မာနိုင်ငံသားတွေကို
ဗီဇာလျှောက်ထားစရာမလိုဘဲ ခွင့်ပြုမယ်လို့ သဘောတူညီထားပြီးပေမယ့်
မြန်မာဘက်ကတော့ အဲဒီလေဆိပ်တွေအပြင် နယ်စပ် ၀င်ပေါက်တွေကနေပါ ဗီဇာမလိုဘဲ
ခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်
အခု ၂၀၁၄ ခုနှစ်ထဲ ထိုင်းနဲ့ မြန်မာ ဗီဇာ မလိုဘဲ
သွားရောက်လည်ပတ်နိုင်ဖို့ နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်မလားလို့
မေးကြည့်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာ ဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက အခုလိုပြောပါတယ်။
“တခုတော့ ရှိတယ်။ ကျနော်တို့က လိုက်လျောဖို့ လိုတာပေါ့။ အဲဒီကနေသွားတဲ့
တရားဝင်ပတ်စ်ပို့တွေကို နယ်စပ်ပေါက်တွေကနေ ဗီဇာ တိုးဖို့မလိုဘဲနဲ့
သူတို့အဆိုပြုချက်အတိုင်း လေယာဉ်နဲ့ သွားမယ်ဆိုတာကို ကျနော်တို့က
သဘောတူလိုက်ရင် လက်မှတ်ထိုးဖြစ်မှာပါခင်ဗျ။ ကုန်းလမ်းက ၀င်တာကိုပါ
ကျနော်တို့က တောင်းဆိုထားတယ်။ သူတို့ ကုန်းလမ်းကိုတော့ ခွင့်မပြုဘူး။
အဲဒီဟာလေး အဆင်ပြေရင် ထိုးဖြစ်မှာပါခင်ဗျ။”
မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး
ဦးနောင်နောင်းဟန်ကတော့ ထိုင်းခရီးသွားတွေ မြန်မာပြည် လာလည်ကြတာများနေတဲ့
အချိန်ဖြစ်လို့ လေဆိပ်က ဗီဇာမလိုဘဲ လာရောက်လည်ပတ်ခွင့်ပြုဖို့
ကောင်းပြီလို့ ပြောပါတယ်။
“ဘယ်လို အတားအဆီးတွေ ရှိသေးလို့ ခွင့်မပြုသလဲဆိုတာ ကျနော်နားမလည်ဘူး။
ဒီလိုမျိုး လေဆိပ်ကနေ ၀င်လာတာကို သူတို့ နိုင်ငံကလည်း ခွင့်ပြုမယ်လို့
ပြောတဲ့အတွက် အမြန်ဆုံး ခွင့်ပြုသင့်နေပြီလို့ ကျနော်ထင်တယ်။ အခြားက
နယ်စပ်ကနေ၀င်ရင် ဗီဇာကြေးတွေ ကောက်ခံဖို့ အခက်အခဲ ရှိနေတယ်လို့ ကျနော်တို့
သိထားတယ်။ ဒါပေမယ့် အခုဟာက ဗီဇာမလိုပဲနဲ့ ၀င်လို့ရမယ်ဆိုတော့
အဲဒီကိစ္စတွေလည်း မရှိတော့ဘူး။ အတားအဆီးကတော့ ရှိပါဘူး။
ခွင့်ပြုပေးမယ်ဆိုရင် မူဝါဒပိုင်းအရပဲ နည်းနည်းပြုပြင်ဖို့လိုမယ်
ထင်ပါတယ်။”
လောလောဆယ် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေ
ဗီဇာမလိုဘဲ ၁၄ ရက်တိုင် သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတွေကတော့ ဒေသတွင်း
နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့
ဖြစ်ပါတယ်။ ဒီ လေးနိုင်ငံကိုလည်း လေဆိပ်တွေကတဆင့် သွားရောက်လည်ပတ်မှ ဗီဇာ
မလိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံတွေ အားလုံးကို ဗီဇာ မလိုဘဲ
သွားရောက်လည်ပတ်နိုင်ဖို့ ကမ်းလှမ်းထားပြီး တချို့နိုင်ငံတွေကတော့ အခုထိ
အကြောင်းမပြန်ကြသေးဘူးလို့ သိရပါတယ်။
မြန်မာအစိုးရအနေနဲ့တော့ ဆက်လက် ကမ်းလှမ်းပြီး ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့
ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကတော့
ဒေသတွင်းနိုင်ငံအားလုံးကို ဗီဇာလျှောက်စရာမလိုဘဲ
သွားလာနိုင်နေကြပြီဖြစ်ပြီး သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေပဲ
ဗီဇာကင်းလွတ်ခွင့် မရကြသေးတာ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment