“အောင်ပြီ.. အောင်ပြီ.. အောင်ပြီ”ဟု အော်ဟစ်ကြွေးကြော်၍ ရန်ကုန်မှ
တစ်သုတ်ပြီး တစ်သုတ် ထွက်ခွာ လာကြသည့် ၀န်ထမ်းပေါင်းစုံ တို့ကြောင့်
ပြည်သူများ မမျှော်လင့်ထားသည့် မြို့တော်ကြီး တစ်ခုသည် မြန်မာပြည်၏
ဗဟိုအချက် အချာကျသည့်နေရာတွင် လွန်ခဲ့သည့် ရှစ်နှစ်က ဘွားခနဲပေါ်ပေါက်လာ
ခဲ့သည်။
ရန်ကုန်မြို့တော်မှ အစိုးရဌာန ဆိုင်ရာဝန်ထမ်း များစွာကို နေပြည်တော်ဟု
အမည်တွင်သည့် မြို့တော်သစ်ကြီး ဆီသို့ တစ်သုတ်ပြီး တစ်သုတ်
ပြောင်းရွှေ့ပေးခဲ့စဉ်က မင်္ဂလာဒုံတစ်နေရာရှိ စုရပ်တွင် “အောင်ပြီ”ဟု အော်ဟစ်၍
ကားပေါ်တက် ထွက်ခွာခဲ့ကြ ရခြင်းဖြစ်သည်ဟု ပထမဆုံး အသုတ်ပြောင်းရွှေ့ရာတွင်
ပါဝင်ခဲ့ သူများက ပြောပါသည်။
၂၀၀၃ ခုနှစ်ခန့် ကပင် စတင်တည်ဆောက်နေသည့် များပြားလှသည့်
အဆောက်အအုံများကို ဒေသခံများက အစိုးရရုံး စိုက်ရာ
ဗဟိုမြို့တော်ကြီးတစ်ခုဖြစ် လာလိမ့်မည်ဟု ကနဦးက မထင်မှတ် ထားခဲ့ကြပါ။
အချို့က ရန်နိုင်အမည်ဖြင့် မြို့တစ်မြို့တည်ဆောက်မည်ဟု ယူဆခဲ့သူလည်း
ရှိပါသည်။ သို့သော် နိုင်ငံတော် ဘဏ္ဍာငွေများစွာ ပုံအောကာ စက်အင်အား၊
လူအင်အားဖြင့် တည်ဆောက်ခဲ့ရာ ခမ်းနားလှသည့် အဆောက် အအုံများစွာက
နှစ်အနည်းငယ် အတွင်း ပေါ်ထွက် လာသည်။ အထူး စီမံကိန်းများ အကောင်
အထည်ဖော်ရေးအဖွဲ့က ဦးဆောင်လျက် ဆောက်လုပ်ရေး ကုမ္ပဏီများစွာက
လက်စွမ်းပြခဲ့ကြသည်။ ဆောက်လုပ်ရေး ကုမ္ပဏီများ၊ အင်ဂျင်နီယာ များလည်း
မြို့တော် သစ်ကြောင့် ပိုချမ်း သာကုန်သည်။
ထိုစီမံကိန်းကြီးကို ဇာတ်လိုက်ကျော်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
မြေပုံပေါ်တုတ်ချောင်းထောက်၍ စီမံခန့်ခွဲ ခဲ့သည်။ ပျဉ်းမနားမြို့နယ် အနီးရှိ
ကျေးရွာများ ကိုဖျက်သိမ်းကာ လွန်စွာ ကျယ်ပြန့်သည့် လွင်ပြင်ကြီး တစ်ခုအား
အဓိကမြို့ငါးမြို့ပါဝင်သည့် ဗဟို အစိုးရရုံးစိုက်ရာ မင်းနေပြည်အဖြစ်
သတ်မှတ်ခဲ့သည်။ ယခင်က ဗမာပြည်ကွန်မြူနစ် ပါတီမှ
နာမည်ကျော်ခေါင်းဆောင်ကြီးများ ကျင်လည်ကျက်စား ခဲ့ရာဒေသ၊
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗမာ့
ကာကွယ်ရေးတပ်မတော် (BDA)ကို ရုံးထိုင်ကွပ်ကဲ ခဲ့သည့်ဒေသ၊ ဗကပကို
အပြုတ်တိုက်နိုင်ခဲ့သည့် မြန်မာ့ တပ်မတော်၏ အောင်မြေ တစ်ခုဖြစ်သည့်
ပျဉ်းမနားနှင့် အနီးတစ်ဝိုက် အင်တိုင်းတောကြီးသည် ယနေ့အချိန်တွင်တော့
ခေတ်မီလွန်းလှသည့် ဒေသတစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည်။
နေပြည်တော် တည်ဆောက်ခြင်း အပေါ် အမျိုးမျိုးဝေဖန်ခြင်း များရှိနေသော်လည်း
လက်တွေ့တွင် တစ်ချိန်က မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး
အခြေအနေ၊ နိုင်ငံတကာ ဆက်ဆံရေးအနေအထား စသည်တို့နှင့် ဆက်စပ်လျက်
အဓိကအားဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး မဟာဗျူဟာအရ
ဖြစ်ပေါ်လာခဲ့ခြင်းဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဆိုသည်။
စစ်ရေး မဟာဗျူဟာများ အရ နိုင်ငံတော် ကာကွယ်ရေးကို
ရေရှည်မြော်မြင်သုံးသပ်ရာတွင် Heart Land Theory ကို
ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်သည် စစ်ရေးအရ Heart Land မဟုတ်ဘဲ
Venerable Area အတွင်း ကျရောက်နေသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲများ၊
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင် သမိုင်းကြောင်းများ စသည်တို့အရ
မြန်မာနိုင်ငံကို ပြည်ပကျူးကျော်စစ်များမှ ကာကွယ်ရာတွင် ရန်ကုန်၌ Command
Post ထား၍ မဖြစ်နိုင်တော့ ဟူသော အယူအဆတစ်ရပ်ကြောင့် နေပြည်တော်ပေါ်ပေါက်
လာရခြင်းဖြစ်သည်။
ထိုအချိန်က ကမ္ဘာ့အရေး အရာ စစ်ရေးမဟာဗျူဟာ အရ မြန်မာနိုင်ငံကို အဆင့်ဆင့်
ကာကွယ်နိုင်သော မိတ္ထီလာလွင်ပြင်၊ ပျဉ်းမနားလွင်ပြင်၊ ပဲခူးလွင်ပြင်ဟူ၍
လွင်ပြင်သုံးခုရှိခဲ့ရာ မိတ္ထီလာလွင်ပြင်မှာ မဟာမိတ်များ
အကျွမ်းတ၀င်ရှိခဲ့ခြင်း၊ ပဲခူးလွင်ပြင်မှာ ပြည်တွင်း စစ်မှတ်တမ်းများ
ရှိခဲ့ခြင်း၊ ပျဉ်းမနားမှာ ဗမာ့ကာကွယ်ရေး တပ်မတော်၏ ဌာနချုပ်ဖြစ်ခဲ့ခြင်း၊
မြေနေရာများစွာ ရရှိနိုင်ခြင်း စသည့်အကြောင်းခြင်းရာများ အရ နေပြည်တော်ဟူ၍
ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဤသို့ ရွှေ့ပြောင်းနိုင်ရေးအတွက်လည်း
ကမ္ဘာအရပ်ရပ်ရှိ မြို့တော်ရွှေ့ပြောင်းခဲ့သော အခြားနိုင်ငံများ၏ ဥပမာများ၊
သင်ခန်းစာများကို ရယူ၍ဆောင်ရွက်ခဲ့သည် ဟုလည်း ဆိုသည်။ ထို့ကြောင့်
အုပ်ချုပ်ရေးမြို့တော်သစ် ပေါ်ပေါက်လာခြင်းမှာ အစိုးရက ၂၁
ရာစုနှစ်နောက်ပိုင်း ပြည်ပကျူးကျော်မှုများကို ကာကွယ်ရန်ဟု သုံးသပ်ရသည်။
စီမံကိန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း
မလွတ်ကင်းသည့်ကျေးရွာများကို ဖျက်သိမ်းခဲ့သည်။ တောင်ယာလယ်လုပ်ကြသည့်
ရွာသူရွာသားများကို ကြာပင်ဟူသည့် ကျေးရွာနယ်မြေသို့
မြေကွက်များအစားထိုးပေးအပ်၍ အိမ်ဆောက်ပစ္စည်းနှင့် ငွေကြေးအနည်းငယ်
ထောက်ပံ့လျက်နေရာပေးထားခဲ့သည်။ ပြန့်ကျဲနေသော ကျေးရွာငယ်လေးများ
တစ်စုတစ်စည်းတည်း စုပေါင်းလိုက်သဖြင့် ရုတ်ခြည်းစည်ကားသွားခဲ့ကာ
ရွှေကြာပင်ဟူသည့် အမည်သစ်တွင်ခဲ့သည်။ သို့ရာတွင် စစ်အစိုးရသည်
မင်းနေပြည်တော်ဖြစ်မြောက်ရေးကိုသာ အဓိကအာရုံထားခဲ့ပြီး မူလဒေသခံပြည်သူများ၏
ရေရှည်အကျိုးစီးပွားအတွက်မူ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပေ။
ကျေးရွာမြေနေရာများကို သိမ်းဆည်းစဉ်က မြေတစ်ကွက်စီ
ပြန်လည်ပေးအပ်သည့်စနစ်ကို ကျင့်သုံးခဲ့ရာ လယ်ယာများကို
ထပ်မံသိမ်းဆည်းသည့်အခါတွင်လည်း လယ်သိမ်းခံရသူများကို
မြေကွက်ထပ်မံပေးလျော်ရခြင်းမျိုး ရှိလာခဲ့သည်။ ထိုအခါ ပထမမြေတစ်ကွက်ကို
အိမ်ဆောက်လုပ်နေထိုင်လျက် လယ်သိမ်းရာမှ ထပ်မံရရှိသည့် မြေကွက်ကို
ရောင်းချခြင်းမှစ၍ လယ်ဧကများများသိမ်းခံရသူများတွင်
မြေကွက်များများပိုင်ဆိုင်လာခဲ့သည်။
ဤတွင် မလိုအပ်သည့်မြေကွက်ကို သင့်လျော်သည့်ဈေးဖြင့်
ပြန်လည်ရောင်းချကြရာမှ အစပြု၍ ဒေသခံများအကြား မြေဈေးကစားမှုကြီးတစ်ရပ်
ဖြစ်ပေါ်ခဲ့ဖူးသည်။ “မြေကွက်တွေရောင်းပြီး ပိုက်ဆံသိန်းရာဂဏန်းလောက်လေး
လက်ထဲမှာရလာတော့ မလုပ်တတ်မကိုင်တတ်နဲ့ သုံးဖြုန်းကြ။
နောက်ဆုံးရှိတာအကုန်ကုန်ပြီး မွဲသွားတဲ့လူတွေရှိတယ်”ဟု
ပျဉ်းမနားမြို့ခံတစ်ဦးကဆိုသည်။
အချို့က ရရှိသည့်ငွေကြေးဖြင့် ဆိုင်ကယ်ဝယ်ခြင်း၊
ကားဝယ်စီးခြင်းတို့ကြောင့် ယခုအခါ ဒေသခံအများစုက ဆိုင်ကယ်
ကယ်ရီဆွဲသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။ ဧရိယာ ၁၇၄၃၈၄၄
ဧက၊ စတုရန်းမိုင် ၂၇၂၄ ဒသမ ၇၆ ကျယ်ဝန်းသည့် နေပြည်တော်မြို့ကို
မန္တလေးတိုင်းဒေသကြီးအပိုင်တွင် ထည့်သွင်းခဲ့ရာမှ ၂၀၀၉ ခုနှစ်
တပ်မတော်နေ့မတိုင်မီ ၁ ရက်အလိုတွင် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊
ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်
စသည့်မြို့နယ်ငါးခုနှင့် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၄၁ ခုတို့ပူးပေါင်း၍
နေပြည်တော်ကောင်စီနယ်မြေအဖြစ် သတ်မှတ်လျက် ပြည်ထောင်စုနယ်မြေတစ်ခု
သီးခြားရပ်တည်စေခဲ့သည်။
နေပြည်တော်နယ်မြေတစ်ခုလုံးရှိ လူဦးရေသည် ကျား၊ မ
စုစုပေါင်းဆယ်သိန်းကျော် ၁၀၇၂၄၇၂ ဦးဖြစ်ပြီး အစိုးရ၀န်ထမ်းပေါင်း ၃၄၈၉၉
ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာ
နယ်မြေဖြစ်သည့်အတွက် သမ္မတအိမ်တော်များ၊ နိုင်ငံ့အကြီးအကဲစံအိမ်များ၊
ဝန်ကြီးဌာနရုံးကြီးများ၊ ကြီးမားသည့် လွှတ်တော်အဆောက်အအုံကြီးများကို
အခိုင်အမာတည်ဆောက်ခဲ့သည်။ မဟာဗျူဟာကျကျ စီမံခဲ့သည့်အတွက်
သမ္မတအိမ်တော်များအပါအ၀င် လွှတ်တော်အဆောက်အအုံကြီးတစ်ခုလုံး၊
လွှတ်တော်ဥက္ကဋ္ဌနေအိမ်များ အားလုံးကို ငလိုက်ချောင်းက
ကျုံးသဖွယ်ဝန်းရံထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် လေ့လာနိုင်သည်။
နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများကို
မြို့နယ်ငါးခုအလိုက် နေရာချထားပေးသည်ကို တွေ့ရသည်။ ဇမ္ဗူသီရိမြို့နယ်တွင်
သမ္မတအိမ်တော်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနရုံးများအပြင်
လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ နေထိုင်လျက်ရှိကြသည်။
အစိုးရ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာတိုက်နှင့် အဆောင်ပေါင်း ၁၂၉၄ လုံး
တည်ဆောက်ပေးထားပြီး အခန်းပေါင်းမှာ ၂၃၅၂၇ ဖြစ်သည်။ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊
ပုဗ္ဗသီရိမြို့များမှာ သတ်မှတ်ချက်အလိုက်၊ လုပ်သက်အလိုက်မူတည်၍
အစိုးရ၀န်ထမ်းများအား မြေကွက်ချထားပေးသည့် နေရာများဖြစ်သည်။
ရရှိထားသည့်မြေကွက်တွင် သတ်မှတ်ကာလအတွင်း နေအိမ်ဆောက်လုပ်ရန်ဖြစ်ပြီး
မြေကွက်များကို ပြန်လည်မရောင်းစားရန်လည်း
ဗိုလ်ချုပ်မှူးကြီး(ဟောင်းက)ညွှန်ကြားခဲ့သည်။ “ပင်စင်ယူပြီးရင်
နေစရာမြေတစ်ကွက်ရှိသွားတော့ အဆင်ပြေသွားတာပေါ့”ဟု
အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။
ဇေယျာသီရိမြို့နယ်မှာတော့ တပ်မြို့သဖွယ်ဖြစ်သည်။ စစ်ရုံးချုပ်အပြင်
တပ်မတော်တပ်ရင်းအစုံကို အခိုင်အမာတည်ဆောက်ထားသည့်နေရာဖြစ်ပြီး အမှတ်(၈၅)
တပ်ရင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဗမာ့ကာကွယ်ရေးတပ်မတော်ကို
ရုံးထိုင်ကွပ်ကဲခဲ့သည့် စစ်ရုံးဟောင်းလေးကို ပြုပြင်ထိန်းသိမ်းထားသည်ဟု
သိရသည်။ နေပြည်တော်ကို (၈)လမ်းသွား လမ်းမကြီးများဖြင့်
ခင်းကျင်းထားသည့်အတွက် ရန်ကုန်နှင့် မန္တလေးကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပွားစရာမရှိဘဲ ကားလမ်း၊ ဆိုင်ကယ်လမ်းဟူ၍ သတ်မှတ်ထားသဖြင့်
လွတ်လပ်စွာမောင်းနှင်သွားလာနိုင်ကြသည်က စိတ်ချမ်းသာစရာဖြစ်သည်။ သို့ရာတွင်
လူသူကင်းရှင်းသည့် လမ်းမကြီးများပေါ်၌ စက်သံတဗြဲဗြဲဖြင့်
အရှိန်မြှင့်မောင်းနှင်ကြသော ဆိုင်ကယ်နှင့် ကားစီးသူများကတော့
အန္တရာယ်များလှသည်။ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်
နေပြည်တော်မှ ရန်ကုန်သို့ ကားလက်မှတ်ရရှိရန် ခက်ခဲသည်။ မိသားစုနှင့်ခွဲခွာ၍
လာရောက်တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအရာရှိများစွာ
ရန်ကုန်ပြန်ကြ၍ဖြစ်သည်။ အရာထမ်းများက ရန်ကုန်နေအိမ်သို့ ပြန်ကြသော်လည်း
အမှုထမ်းများနေထိုင်သည့် တိုက်တန်းများတွင် စည်ကားအသက်ဝင်နေမည်ဖြစ်သည်။
“အရာရှိတွေလိုမဟုတ်ဘူး။ တို့အမှုထမ်းတွေက ပြေးစရာမြေမှမရှိတာ။
ဘယ်မှပြန်စရာမရှိဘူး”ဟု သမ္မတရုံးမှ အမှုထမ်းတစ်ဦးကဆိုသည်။
အများစုသော အမှုထမ်းအဆင့်ဝန်ထမ်းများမှာ အစိုးရကသတ်မှတ်ပေးထားသည့်
တိုက်ခန်းများတွင် မိသားစုနှင့်အတူ နေထိုင်ကြသည်။ များသောအားဖြင့်
မိန်းမရော၊ ယောက်ျားဖြစ်သူပါ ၀န်ထမ်းများဖြစ်လေ့ရှိသည့်အတွက် တနင်္လာမှ
သောကြာနေ့အထိ ပုံမှန်ရုံးတက်ချိန်များတွင် နေပြည်တော်လူနေရပ်ကွက်များသည်
တိတ်ဆိတ်လျက်ရှိသည်။ နံနက်ရုံးတက်ချိန်တွင် ၀န်ထမ်းအားလုံးကို
ဝန်ကြီးဌာနအသီးသီးသို့ ပို့ဆောင်ပေးသည့် ကားကြီးများ၊
ဇမ္ဗူသီရိမြို့နယ်အတွင်း ပြည့်နှက်နေပြီး နေ့လယ်ပိုင်းမှာတော့
ကျဲကျဲတောက်ပူလောင်သည့် နေရောက်အောက် အေးစိမ့်သည့် လေတိုးမှုတို့အောက်တွင်
ဆိုင်ကယ်နှင့်ကားတချို့သာ လမ်းမပေါ်တွေ့ရတတ်သည်။
ဇေယျာသီရိမှ နေပြည်တော်ဘူတာကြီးအထိ တစ်ဦးလျှင် တစ်ဆယ်ကျပ်ဖြင့်
ဈေးသက်သာစွာ ပြေးဆွဲပေးသည့် ဘတ်စ်ကားအချို့ရှိသော်လည်း
ကြာမြင့်စွာစောင့်ဆိုင်းရပါလိမ့်မည်။ ပျင်းရိဖွယ်နေ့လယ်ခင်းများအလွန်
နေညိုလေပြိုချိန်မှာတော့ သပြေကုန်းဈေး၊ မြို့မဈေး၊ အာဟာရသုခဈေး (ဒေသအခေါ်
ကမြင်းတန်းဈေး)တစ်ဝိုက်ရှိ စားတော်ဆက်များတွင် အလွှာအစုံစုံ၊
ရာထူးအဆင့်အစုံစုံမှ ပုရိသကြီးငယ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။
အမျိုးသမီးငယ်များသီဆိုပြသည့် စင်တင်တေးဂီတစားသောက်ဆိုင်များရှိသော်လည်း
ကေတီဗီများခေတ်စားလာပြီးနောက်ပိုင်းတွင် လူကျဲပါးသွားခဲ့သည်။ ကေတီဗီနှင့်
မာဆတ်(ခေါ်) အနှိပ်ခန်းများသည် နေပြည်တော်လူထုနှင့် ၀န်ထမ်းများအတွက်
ပျော်တော်ဆက်အပျင်းပြေနားနေစခန်းများ ဖြစ်လာခဲ့သည်။ တစ်နေကုန်
ရုံးအလုပ်လုပ်ကိုင်ကြရသူများဖြစ်သည့်အတွက် အညောင်းမိသည့်ဝေဒနာကို
အနှိပ်သည်မလေးများက ကုစားပေးလျက်ရှိသည်။ “ဒီမှာ နှစ်လပြည့်ရင် ရန်ကုန်က
ကေတီဗီတစ်ခုကိုပြန်သွားမယ်။ အဲဒီမှာလုပ်ပြီးရင် နေပြည်တော်ပြန်လာမယ်”ဟု
ကေတီဗီတစ်ခုမှ အမျိုးသမီးငယ်တစ်ဦးက ရန်ကုန်နှင့် နေပြည်တော် ကူးသန်း၍
အလုပ်လုပ်ကိုင်နေခြင်းကို ပြောပြသည်။ ပျဉ်းမနားမြို့နယ်၊
ပေါင်းလောင်းရပ်ကွက်များအတွင်း အများဆုံးတည်ရှိနေသည့်
ကေတီဗီကာရာအိုကေဆိုင်များသို့ အလွှာစုံမှ သီချင်းဝါသနာကြီးသူတို့သာမက
ရာထူးကြီးကြီးတာဝန်ယူထားသူများမှအစ လွှတ်တော်ကိုယ်စားလှယ်တချို့အဆုံး
လာရောက်အပန်းဖြေလေ့ရှိကြသည်။ ပေါင်းလောင်းရပ်ကွက်မှာ
ပျဉ်းမနားအပိုင်ဖြစ်ပြီး မျက်နှာချင်းဆိုင်တွင် နေပြည်တော်အပိုင်
အမည်မပေးရသည့်ရပ်ကွက်တစ်ခုတည်ရှိသည်။ အဆိုပါရပ်ကွက်တွင်
မာဆတ်(ခေါ်)အနှိပ်ခန်းများ ခြောက်ဆယ်ဝန်းကျင်တည်ရှိပြီး
ဆံပင်ရွှေရောင်ဆိုးထားသည့် အမျိုးသမီးငယ်များကို တွေ့ရှိရမည်ဖြစ်သည်။
လမ်းထိပ်များတွင် ရပ်လိုက်ပါက ဆိုင်ကယ်သမားများက
အနီးသို့စုပြုံတိုးဝှေ့လာပြီး သူတို့နှင့်ရင်းနှီးသည့်အနှိပ်ခန်းကို
လမ်းမမှားရအောင် စေတနာဖြင့် လိုက်လံပို့ဆောင်ပေးတတ်ကြသည်။
ပျဉ်းမနားမြို့ခံများ၊ နေပြည်တော်မှဝန်ထမ်းများကတော့ ထိုရပ်ကွက်ကို
မင်းမနိုင်ရပ်ကွက်ဟု တညီတညွတ်တည်း ကင်ပွန်းတပ်ပေးထားကြသည်။
“နေပြည်တော်က ဆေးဆိုင်တွေမှာ အရောင်းရဆုံးက သန္ဓေတားဆေးနဲ့
ကွန်ဒုံးတွေပဲ။ ပြည့်တန်ဆာ အမှုတွေ ဖမ်းဆီးမှုတော့ ဒီနှစ်ပိုင်းလျော့သွားတယ်။
ပြည့်တန်ဆာနည်းသွားလို့တော့မဟုတ်ဘူး။ ပိုများလာတယ်”ဟု နေပြည်တော်အခြေစိုက
်ဒေသခံသတင်းထောက် ကိုကျော်ဇေယျ ကပြောသည်။ အနှိပ်ခန်းတစ်ခုမှ
အသက်(၂၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကတော့ “သမီးတို့မှာ
လာဘ်ခေါ်တယ်ဆိုတာလည်းရှိတယ်။ ဒီကို တစ်ရက်မှာ ပထမဆုံးလာတဲ့
ဧည့်သည်ရဲ့ဖိနပ်ကို အဲဒီဧည့်သည်ကို နှိပ်ပေးရတဲ့ကောင်မလေးရဲ့ဖိနပ်နဲ့
ရိုက်ရတယ်”ဟု ယတြာဆန်ဆန်လာဘ်ခေါ်မှုတစ်မျိုး ပြုလုပ်ခြင်းကို ဖောက်သည်ချသည်။
မင်းမနိုင်ရပ်ကွက်နှင့် ပေါင်းလောင်းရပ်ကွက်တို့အလယ်တွင်
အဓိကလမ်းမကြီးဖြစ်သည့် ရာဇဌာနီလမ်းကြီးက ကန့်လန့်ဖြတ်တည်ရှိနေသည်။
ရာဇဌာနီလမ်းမကြီး၏ အမည်ပြောင်မှာ မာဆတ်ဌာနီလမ်းဟူ၍ဖြစ်သည်။ စုစုပေါင်း ၃၅၂
မိုင် ၆ ဖာလုံရှည်လျားသည့် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးမှ
မြန်ဆန်စွာလာရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီမြို့တော်တွင်
အဆင့်မြင့်ဟိုတယ်ကြီး ၂၁ လုံး အပါအ၀င် ဟိုတယ်သစ်များ
ဆောက်လုပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ရွာသုသာန်ဟောင်းပေါ်တွင်
တည်ဆောက်ထားသည့် စည်ပင်ဧည့်ရိပ်သာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များမှစ၍
မည်သူမဆိုတည်းခိုနိုင်ကြသည်။
ရေပန်းဥယျာဉ်၊ ရေပူစမ်း၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့ကို နေပြည်တော်တွင်သာ
စုံလင်စွာတွေ့ရှိရပါသည်။ ယခင်က သမိုင်းဝင်စေတီဘုရားများကို
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လည်မွမ်းမံတည်ဆောက်ခဲ့သည့်အတွက်
လှပခမ်းနားလျက်ရှိပြီး ရွှေတိဂုံစေတီတော်ပုံစံတူ
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ၂၀၀၉ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သောကြောင့်
ရန်ကုန်တွင် ရှိသမျှအရာအားလုံး နေပြည်တော်တွင် တည်ရှိနေပြီဟု ဆိုနိုင်သည်။
သို့သော် လူကျဲပါးခြင်းကတော့ ပုံမှန်သာ။ အလုပ်အကိုင် အခွင့်အလမ်းအားဖြင့်
များစွာတိုး တက်သည်ဟု မဆိုနိုင်သော်လည်း ပျဉ်းမနား၊ လယ်ဝေး၊
တပ်ကုန်းမြို့နယ်များရှိ ဒေသခံလူငယ်များမှာ အစိုးရ၀န်ထမ်းအဖြစ်
လူရိုသေရှင်ရိုသေ အလုပ်တစ်ခုခုရရှိသွားခဲ့ခြင်းတော့ရှိသည်။
နေပြည်တော်ပေါ်ပေါက်လာပြီး မြေဈေးကစားမှုများကြောင့် လူနေမှုအဆင့်အတန်း
မြင့်မားသွားသူများရှိသကဲ့သို့ ဆင်းရဲမွဲတေသွားသူများလည်း ရှိခဲ့သည်။
ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတို့မှ မြို့ခံလူထုအတွက်တော့ ကြီးကြီးမားမား
တိုးတက်ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ ပုံမှန်လည်ပတ်လျက်ရှိပါသည်ဟု
ပြောကြသည်။
၂၀၀၃ ခုနှစ်မှစတင်၍ မြို့တည်ဆောက်ရေးလုပ်ငန်းခွင်များသို့
ဒေသခံလူထုအမြောက်အမြား ၀င်ရောက်လုပ်ကိုင်ခဲ့ကြ၍ လက်ဖျားငွေသီးသည့်ကာလ
ရှိခဲ့သော်လည်း ယခုအခါ စီမံကိန်းများမရှိတော့သည်မို့ ဒုံရင်းဘ၀ဖြင့်
ဆိုင်ကယ်ကယ်ရီပြေးဆွဲသည့်အလုပ်ကိုသာ လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။
သဘာ၀၀န်းကျင်အားဖြင့် ယခင်က အင်တိုင်းတောကြီးဖြစ်ခဲ့ပြီး
နေပြည်တော်ဖြစ်တည်လာစအချိန်ထိ လွင်တီးခေါင်ဖြစ်ကာ
ရာသီဥတုပြောင်းလဲမှုမမှန်သည့် အခြေအနေက ယခုပုံမှန်ပြန်ဖြစ်လာပြီဟု
ဒေသခံများကဆိုသည်။ နေပြည်တော်နှင့် အနီးတ၀ိုက်တွင်လည်း သစ်ပင်ပန်းမန်များ
စိမ်းလန်းစိုပြည်စွာ စတင်ပေါက်ရောက်နေပြီကို တွေ့မြင်ရသည်။
နေပြည်တော်တွင် အဖြစ်အများဆုံးမှုခင်းများမှာ
ခိုးမှုနှင့်လိမ်လည်မှုများဖြစ်သည်။ လူပြတ်သည့်လမ်းမကြီးများပေါ် တစ်ခါတစ်ရံ
လုယက်မှု၊ ရိုက်နှက်မှုကတော့ ဖြစ်ခဲလှသည်။ ဆိုင်ကယ်မတော်တဆမှုများက
မကြာခဏဖြစ်ပွားသည်။ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေကို
သမ္မတရုံးဝန်ကြီးဦးသိန်းညွန့် ဦးဆောင်သည့် ရှစ်ဦးပါဝင်သော
နေပြည်တော်ကောင်စီက စီမံခန့်ခွဲအုပ်ချုပ်လျက်ရှိသည်။ သို့ရာတွင်
ဒေသခံအများစုကတော့ နေပြည်တော်ကောင်စီအဖွဲ့တွင်း ဒေသခံပြည်သူလူထုက
ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ပါဝင်စေလိုကြသည်။
ဦးသိန်းညွန့်ဦးဆောင်သည့်ကောင်စီက အလုပ်မလုပ်ဟုလည်း ဒေသခံအချို့က
ဝေဖန်သည်။ အခိုင်အမာ အခြေစိုက်တည်ထောင်ထားသည့် ဗဟိုမြို့တော်ဖြစ်သည့်အတွက်
နောင်ငါးနှစ်မှ ဆယ်နှစ်အတွင်း ယခုထက်
ပိုမိုကျယ်ပြန့်စည်ကားလာလိမ့်မည်ဟုလည်း ဒေသခံများက မျှော်လင့်လျက်ရှိကြသည်။
“နေပြည်တော်က ဗဟိုချက်မဖြစ်နေလေတော့ အုပ်ချုပ်ရေးမြို့တော်အပြင်
အခြားသော အခွင့်အလမ်းတွေဖြစ်လာနိုင်တယ်။ ရန်ကုန်ကတော့ စီးပွားရေးမြို့တော်
ဖြစ်နေဦးမှာပါပဲ။ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ နေပြည်တော်ရဲ့
အချက်အချာကျမှုဟာ ယုတ်လျော့သွားဖို့မရှိဘဲ တိုးမြင့်လာဖို့သာရှိပါတယ်”ဟု
နိုင်ငံတော်သမ္မတရုံးမှ ညွန်ကြားရေးမှူးတစ်ဦးဖြစ်သည့်
ဦးဇော်ဌေးကသုံးသပ်သည်။
အကယ်၍ သင်သည် နေပြည်တော်သို့ အလုပ်အရဖြစ်စေ၊ အလည်အပတ်သဘောဖြစ်စေ
အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခဲ့ပါက တိတ်ဆိတ်၍
အသက်မဲ့အထီးကျန်နေသည့်မြို့ဟု မထင်မှတ်ပါနှင့်။ နေ့ခင်းဘက်တွင်
ဝန်ထမ်းတိုက်ခန်းနှင့် အဆောင်ပေါင်းနှစ်သောင်းကျော်သည် တိတ်ဆိတ်မှုဖြင့်
အသားကျနေနိုင်ပါသည်။ ညခင်းတွင် စားသောက်ဆိုင်တန်းများနှင့်
မင်းမနိုင်ရပ်ကွက်ကြီးသည် ဆိုင်ကယ်သံ၊ ကားစက်သံများဖြင့်
စည်ကားနေနိုင်ပါသည်။ နံနက်ခင်းတွင် စောစောထ၍ ထမင်းဟင်းချက်ပြုတ်၊
ထမင်းချိုင့်ကိုယ်စီထည့်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရရုံးခန်းများဆီသို့
လိုက်လံပို့ဆောင်သည့် ဖယ်ရီကားကြီးများပေါ်
အသီးသီးတက်ရောက်သွားကြခြင်းအားဖြင့် တစ်နေ့တာ နိုင်ငံ့တာဝန်များကို
စက်ရုပ်များသဖွယ် တိတိကျကျ ထမ်းဆောင်ကြပါလိမ့်မည်။ ကျောင်းသွား၊
ရုံးသွားသူတို့ကြောင့် ၀န်ထမ်းတိုက်ခန်းများသည် တိတ်တဆိတ်ဖြင့်သာ
ကျန်ရစ်ခဲ့ပါလိမ့်ဦးမည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်တော့
ရန်ကုန်ပြန်သည့် ၀န်ထမ်းများမှအပ ကျန်ဝန်ထမ်းများသည်
တစ်ပတ်စာစိတ်ပင်ပန်းမှုများနှင့် နွမ်းနယ်နေကြပါလိမ့်မည်။
အောင်ပြီဟုကြွေးကြော်၍ တစ်မုဟုတ်ချင်း ပေါ်ပေါက်လာခဲ့သည့်
အုပ်ချုပ်ရေးယန္တရားများရုံးစိုက်ရာ မြို့တော်ကြီးသည် ထိုကဲ့သို့ပင်
နိစ္စဓူဝလုပ်ငန်းကိစ္စများဖြင့် အစိုးရယန္တရားကြီးကို သတိကြီးကြီးထား၍
ကိုင်တွယ်မောင်းနှင်လျက်ရှိပါသည်။ နယ်ချဲ့ရန်ကြောက်ပြီး မဟာဗျူဟာမြောက်
ညွှန်ကြားတည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးဟောင်းသည်လည်း နေပြည်တော်တွင်
ကျန်းမာစွာနေထိုင်လျက်ရှိပါသည်။ စာဖတ်နေသူကြီးဟု နာမည်ကျော်သည့်
ဗိုလ်ချုပ်မှူးကြီးဟောင်းနေထိုင်သည့်နေအိမ်၏ တည်နေရာကိုတော့ အများစုသော
ဒေသခံများနှင့် အစိုးရအမှုထမ်းများက တိတိကျကျမပြောနိုင်ကြပါ။
ဥက္ကာကိုကို
7days News

No comments:
Post a Comment