ခရီးသည်တင်ယာဉ် စီးနင်းလာသော အသက် ၂၈ နှစ်အရွယ်
အမျိုးသမီးတစ်ဦး
ခေါင်းမူးကာ အော့အန်နေသောကြောင့် အမျိုးသားနှစ်ဦးက
အိမ်လိုက်ပို့ပေးမည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပ
မြို့နယ်တွင်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့မှုကို
ဇန်နဝါရီလ ၉ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်း၌ အမှုဖွင့်
တိုင်းကြားခဲ့ကြောင်း ယင်းစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
လှိုင်သာယာမြို့နယ်၊
(၁၃) ရပ်ကွက်တွင် နေထိုင်သော အထည်ချုပ် အလုပ်သမ အမျိုးသမီးမှာ ဇန်နဝါရီလ ၅
ရက်နေ့က ဆွေမျိုးများရှိရာ ခရမ်းမြို့သို့ နေ့ချင်းပြန်
အလည်သွားရောက်ခဲ့ပြီး ရန်ကုန်-သုံးခွ ပြေးဆွဲနေသော ခရီးသည်ယာဉ်ဖြင့်
ပြန်လာစဉ် ကားမူးကာ အော့အန်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားစဉ် အမျိုးသမီး၏
အနီးတွင် လိုက်ပါလာသော အသက် ၃၀ အရွယ်ခန့် အမျိုးသားနှစ်ဦးက ပေးသော
ရေသန့်ဘူးဖြင့် ပလုတ်ကျင်းခဲ့ရာမှ ပိုမိုမူးဝေ သွားခဲ့ကြောင်း အဆိုပါ
အမျိုးသမီး၏ တိုင်တန်းချက်အရ သိရှိရသည်။
ကျောက်တန်းမြို့သို့
ရောက်ရှိချိန်တွင် မူးဝေနေသော အမျိုးသမီးကို အမျိုးသားနှစ်ဦးက နေအိမ်သို့
ပို့ဆောင် ပေးမည်ဟုဆိုကာ ခရီးသည်ယာဉ်မှ ဆင်းပြီး အငှားယာဉ်ဖြင့်
မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် သုဇိတာလမ်းရှိ တည်းခိုခန်းသို့
ခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
တည်းခိုခန်းတွင်
အဓမ္မ ပြုကျင့်ခဲ့ပြီးနောက် ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင်
လှိုင်သာယာမြို့နယ် ပင်လုံဈေးထိပ်သို့ အငှားယာဉ်ဖြင့် ပြန်လည်
ပို့ဆောင်ခဲ့ပြီး အဆိုပါ အမျိုးသားနှစ်ဦးမှာ ခရီးသည်တင်ယာဉ် တစ်စီးပေါ်သို့
ပြေးတက်ကာ ထွက်ပြေးခဲ့ကြောင်း အဆိုပါ ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။အဆိုပါ
အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ တစ်ကိုယ်လုံး ဆေးမှင်ကြောင်များ
ထိုးထားကြောင်း၊ အဌားယာဉ်ဖြင့် အမျိုးသမီးကို ခေါ်ဆောင်လာစဉ်က အော်ဟစ်
အကူအညီတောင်းရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အမှုဖွင့်သူ
အမျိုးသမီး၏ ထွက်ဆိုချက်များကို ကိုးကား၍ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“လူနှစ်ယောက် လိုင်းကားပေါ်
ပြေးတက်သွားချိန်မှာ အမျိုးသမီးက ရှက်လို့ အကူအညီ မတောင်းခဲ့တာကြောင့်
ဒီလူနှစ်ယောက် လွတ်သွားတာ။ ပြေးတက်သွားတဲ့ လိုင်းကား နံပါတ်လည်း
အမျိုးသမီးက မမှတ်မိလိုက်ဘူး။ စခန်းမှာ အမျိုးသမီး ပြောတဲ့
မျက်နှာအနေအထားကို ခဲပုံကြမ်း ရေးဆွဲပြီး စုံစမ်းစစ်ဆေးနေတယ်။ မသင်္ကာသူ
တစ်ယောက်ကို ဖမ်းထားပါတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။
အဆိုပါ
အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်သူ
အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ ၉ ရက်နေ့က (ပ) ၂၃/၁၄၊ ပုဒ်မ ၃၇၆/၁၁၄ ဖြင့်
အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment