တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက် ဓမ္မစိန္တာလမ်းရှိ အကြွေးစေ့
ဂိမ်းဆိုင်ကို ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က ဝင်ရောက် ဖမ်းဆီးရာ
အကြွေစေ့ ဂိမ်းစက် ၃၀ နီးပါးနှင့် လောင်းကစား လုပ်နေသူ ခုနစ်ဦးကို
ဖမ်းမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အကြွေစေ့
ဂိမ်းစက်များဖြင့် လောင်းကစား ပြုလုပ်နေသည်ဟု ကြိုတင် သတင်းရရှိချက်အရ
ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တွင်း နေထိုင်သူများ ပူးပေါင်း ဝင်ရောက်
ရှာဖွေရာမှ ရွှေငါးမန်း ဂိမ်းစက် ရှစ်လုံး၊ အန်စာဂိမ်းစက် ရှစ်လုံး၊ ဖဲချပ်
ဂိမ်းစက်ရှစ်လုံး၊ ဂျက်ပေါ့ဂိမ်းစက် ငါးလုံး အပါအဝင် စုစုပေါင်း ဂိမ်းစက်
၂၉ လုံး၊ လောင်းကစားငွေ နှစ်သိန်းခန့်နှင့်အတူ အကြွေစေ့ ဂိမ်းစက်များ
အပါအဝင် လောင်းကစား လုပ်နေသူ ခုနစ်ဦး၊ ဆိုင်ပိုင်ရှင်နှင့် ဆိုင်တာဝန်ခံ
နှစ်ဦးတို့ကို အထောက်အထား အစုံအလင်နှင့်တကွ ဖမ်းမိခဲ့ကြောင်း
တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ
ဂိမ်းဆိုင် ဖွင့်လှစ်သည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီး ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ခွင့်ပြုချက် လိုင်စင်ဖြင့်
ဖွင့်လှစ်ထားသည်ဟု ကြားသိရကြောင်း၊ ဆိုင်ဖွင့်ပြီး တစ်လခန့် အကြာတွင်
အကြွေစေ့စက်များဖြင့် လောင်းကစားများ ပြုလုပ်နေသောကြောင့် ရပ်ကွက်အတွင်းရှိ
လူငယ်များ အကျင့်စာရိတ္တ ပျက်ပြားလာမည်ကို စိုးရိမ်သဖြင့်
မြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းပေး တိုင်ကြားရခြင်း ဖြစ်ကြောင်း
ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အသက် ၅၀ ခန့် အမျိုးသား တစ်ဦးက ပြောကြားသည်။
“ရပ်ကွက်ထဲက
ကျောင်းသားတွေကအစ ညနေကျရင် ဆိုင်ထဲရောက်နေပြီ။ ကျောင်းသားတွေက
မိဘမုန့်ဖိုးပေးတဲ့ ငွေလောက်နဲ့ လောင်းကစား လုပ်လို့မရတော့ အိမ်ကလူကြီးတွေ
မသိအောင် ပိုက်ဆံခိုးပြီး လာကစားကြတာ။ ကြာတော့ ကလေးတွေရဲ့ စာရိတ္တပိုင်းတွေ
ပျက်စီးလာတာပေါ့။ လာကစားတဲ့ သူတွေလည်း ကျွန်တော် သိသလောက်ဆိုရင်
နိုင်တဲ့သူဆိုလို့ မကြားမိဘူး” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။
အဆိုပါ
လောင်းကစား လုပ်နေသူ ခုနစ်ဦး၊ ဆိုင်ပိုင်ရှင်နှင့် ဆိုင်တာဝန်ခံ
နှစ်ဦးတို့ကို တာမွေမြို့မ ရဲစခန်းမှ (ပ)၂၅/၁၄၊ လောင်းကစားပုဒ်မ ၁၃
(က)/၁၄(က) ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly

No comments:
Post a Comment