လုပ်ခလစာ မပြည့်စုံမှုကြောင့် အကျင့်ပျက်ခြစားမှု ပိုမိုဖြစ်ပွားရကြောင်း
ပညာရှင်များ ထောက်ပြ ဝေဖန်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းနှင့်
ပင်စင်စား အားလုံး၏ လစာငွေကို ဧပြီလမှ စတင်ကာ တိုးမြှင့်သွားမည်
ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice
သို့ ထုတ်ပြန် ပြောကြားသည်။
နေပြည်တော် သမ္မတအိမ်တော်ရှိ အစိုးရအဖွဲ့
အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး ၁/၂၀၁၄ တွင်
လစာနှင့် ပင်စင်ဆုကြေးငွေများ တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း အားလုံး၏ လစာကို
ကျပ်နှစ်သောင်း တစ်ပြေးညီ တိုးမြှင့်ခြင်းနှင့်အတူ ပင်စင်နှင့်
ဆုကြေးငွေများကိုပါ အချိုးကျ တိုးမြှင့်ရန် လျာထားခြင်း ဖြစ်သော်လည်း
ယင်းသို့ တိုးမြှင့်နိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက် လိုအပ်မည်
ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေ
ငွေစာရင်းမှာ နိုင်ငံ့ ဝန်ထမ်းများရဲ့ လစာငွေကို ကျပ်နှစ်သောင်း
တိုးမြှင့်ပေးဖို့နဲ့ ပင်စင်လစာနှင့် ဆုကြေးများကို အချိုးကျ
တိုးမြှင့်ပေးဖို့ ထည့်သွင်း လျာထားတယ်” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ပြောကြားကြောင်း ဦးရဲထွဋ်က ဆိုသည်။
ယင်းသို့ လစာငွေနှင့်
ပင်စင်နှုန်းထားများ တိုးမြှင့် လျာထားနိုင်ခြင်းမှာ အခွန်ငွေများ
တိုးမြှင့် ကောက်ခံရရှိခြင်းနှင့် အစိုးရ အသုံးစရိတ် တိုးတက်ရရှိခြင်း
တို့ကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ဝန်ထမ်း
လစာများနှင့် ပင်စင် ဆုကြေးငွေများ တိုးမြှင့်ရန် စီစဉ်ခြင်းနှင့် ပတ်သက်၍
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကမူ ယင်းသို့လစာများ တစ်ပြေးညီ
တိုးမြှင့်ပေးခြင်းမှာ မဖြစ်သင့်ဘဲ လုပ်သက်နှစ်ရှည် ဝန်ထမ်းများနှင့်
ဝန်ထမ်းသက် ရက်ပိုင်းလပိုင်းသာ ရှိသူများကို တန်းတူ မသတ်မှတ်သင့်ကြောင်း
အကြံပြု ပြောကြားသည်။
“လုပ်သက်အလိုက် အချိုးကျ တိုးပေးတာဆို
ပိုကောင်းတယ်။ မဟုတ်ရင် နှစ်ရှည်လများ အနစ်နာခံ လုပ်လာခဲ့တဲ့
ဝန်ထမ်းတွေအတွက် နစ်နာပါတယ်” ဟု ဒေါ်တင်နွယ်ဦးက ဆိုသည်။
အစိုးရ
ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ချီးမြှင့်ငွေများ တိုးမြှင့်မည့် အစီအစဉ်မှာ
လွှတ်တော်က ဆောင်ရွက်နေသည့် လွှတ်တော် ကိုယ်စားလှယ်များ လစာအသုံးစရိတ်
ချီးမြှင့်ငွေ တိုးမြှင့်မည့် အစီအစဉ်ကို တုံ့ပြန်သည့် သဘောဟု ယူဆနိုင်ဖွယ်
ရှိသော်လည်း ကိုယ်စားလှယ်များ၏ အမှန်တကယ် လိုအပ်ချက်မှာ ကျွမ်းကျင်
ဝန်ထမ်းနှင့် အသုံးအဆောင် (Equipments) သာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း
ပြောဆိုသည်။
ဝန်ထမ်းလစာများ တိုးမြှင့်ပေးခြင်းမှာ ကောင်းမွန်သည့်
ကိစ္စရပ် ဖြစ်သော်လည်း ယင်းတိုးမြှင့် လစာငွေကို ဝန်ထမ်းများ
ခံစားနိုင်စေရန် ကုန်ဈေးနှုန်းနှင့် ငွေကြေး ဖောင်းပွမှုများကို
ထိန်းချုပ်ရမည် ဖြစ်ကြောင်း စီးပွားရေး ပညာရှင် အငြိမ်းစားပါမောက္ခ
ဦးမော်သန်းက ထောက်ပြသည်။
“ဝန်ထမ်းတွေကို တိုးပေးလိုက်တဲ့ လစာအတွက် လိုတဲ့ငွေကို ကာမိအောင် အစိုးရ အသုံးစရိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုတယ်” ဟု ၎င်းကရှင်းပြသည်။
လစာတိုးမြှင့်မည့်
အစီအစဉ်ကြောင့် ဈေးကွက်အတွင်း အတန်ငယ် လှုပ်ခတ်မှု ရှိနိုင်သော်လည်း ခေတ္တသာ
ဖြစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ
ဦးချစ်ခိုင်က သုံးသပ် ပြောဆိုသည်။
“ဘာလို့လဲဆိုတော့ နှစ်သောင်းဆိုတဲ့
ငွေက ဘယ်လောက်များများ သုံးလို့ရမှာမို့လဲ။ ဝယ်လိုအားလည်း တက်သွားစရာ
အကြောင်းမရှိဘူးလေ။ လှုပ်ခတ်တာတော ရှိတတ်တာပေါ့။ ဖြစ်လေ့ဖြစ်ထ ရှိတာကို။
ဈေးတက်သွားလည်း ခဏပါပဲ” ဟု ၎င်းကဆိုသည်။
အစိုးရ၏ လစာတိုးမြှင့်မည့်
အစီအစဉ်ကို ကြိုဆိုရမည် ဖြစ်သော်လည်း ဝန်ထမ်းများ၏ လစာငွေမှာ လူမှုဘဝအတွက်
အမှန်တကယ် လောက်ငမှု မရှိကြောင်း၊ အလယ်အလတ် ဝန်ထမ်းတစ်ဦး၏ လစာငွေသည်ပင်
တစ်ကိုယ်ရေ အသုံးစရိတ် အတွက်သာ ကာမိကြောင်း လစာ ၈၀၀၀၀ ကျပ်နှင့် ထပ်ဆောင်း
ချီးမြှင့်ငွေ ၃၀၀၀၀ ကျပ် စုစုပေါင်း တစ်သိန်းတစ်သောင်းကျပ် ရရှိသူ အစိုးရ
နည်းပညာကောလိပ်မှ သရုပ်ပြ ဆရာမတစ်ဦးက ဖွင့်ဟသည်။
တပ်မတော်သားများ
အပါအဝင် အစိုးရ ဝန်ထမ်းများ၏ လစာ၊ ပင်စင်၊ စရိတ်နှင့် နေ့စား လုပ်ခများကို
ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင်လည်း တိုးမြှင့်ပေးခဲ့ပြီး ယင်းသို့
တိုးမြှင့်ရန် ငွေကျပ် ၃၈၅ ဘီလီယံ သုံးစွဲခဲ့သည်။
၂၀၁၂ခုနှစ်
ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်
နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ရေးကို ပြည်ထောင်စု လွှတ်တော်က တာဝန်ယူ
လုပ်ဆောင်သင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပြီးနောက်
နိုင်ငံတော်သမ္မတက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရောက်မှသာ တိုးမြှင့်ပေးနိုင်မည်
ဖြစ်ကြောင်း သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့သည်။
The Voice Weekly

No comments:
Post a Comment