Wednesday, January 15, 2014
ရေနံထွက်ရှိနေမှုကြောင့် မင်းလှနယ်သားများ မြေယာဆုံးရှုံးမည်ကိုစိုးရိမ်လာ
မကွေးတိုင်းဒေသကြီး သရက် ခရိုင် မင်းဘူးမြို့နယ် မင်းလှမြို့ အတွင်း ထပ်မံတွေ့ရှိသည့် ရေနံ တွင်းများကြောင့် အဆိုပါဒေသ များအတွင်း လယ်ယာမြေရောင်း ချမှုများ မြင့်တက်လာကာ စိုက် ပျိုးမြေများ ပိုမိုဆုံးရှုံးလာမည်ကို စိုးရိမ်နေကြသည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းများထံမှ သိရှိရ သည်။
သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်၌ ယာခင်းရှင် ဦးသိန်းဝင်း(၄၇)နှစ် တောင်သူ၊ ထန်းကိုင်း ကျေးရွာ၏ ယာမြေ၌ ကိုမိုးကျော်ပါနှစ်ဦးမှာ ကလပ်ခုံ နှင့် ရေနံလက်ယက်တွင်းတူးနေ စဉ် လက်ယက်တွင်းမှ ဓာတ်ငွေ့ များကို ဇန်န၀ါရီ(၉)ရက် နေ့လယ် (၂)နာရီအချိန်ခန့်က စတင်ထွက် လာပြီး ဆယ်ပေခန့်မြင့်တက်လာ ခဲ့ကြောင်းနှင့် ဇန်န၀ါရီ(၁၀)ရက်၊ နံနက်(၉)နာရီ အချိန်ခန့်တွင် ၎င်းလက်ယက်တွင်းမှ ဓာတ်ငွေ့များ (၃)ပေကျော်အထိ အရှိန်လျော့ ၍ ဆက်လက်ပန်းထွက်နေသေး သည်ဟု ဒေသခံတို့၏သတင်း ထုတ်ပြန်ချက်များအရသိရှိရသည်။
““ထန်းကိုင်းရေနံမြေ MOGE ပစ္စည်းသိုလှောင်ရုံနဲ့ ကိုက်(၄၀၀) အကွာမှာဖြစ်တာပါ၊ အဖွဲ့ပေါင်းစုံ က အချိန်မီရောက်လာကြပါ တယ်။ ဓာတ်ငွေ့ထွက်နေတဲ့တွင်း ဘေး ပေတစ်ရာပတ်လည်မှာ လူတိရစ္ဆာန်တွေမ၀င်ရောက်ရန် တားဆီးပြီး လုံခြုံရေးဆောင်ရွက် ကြပါတယ်။ ဇန်န၀ါရီ(၁၀) ရက် ညနေ(၄)နာရီအချိန်ခန့်မှာ ဓာတ် ငွေ့အရှိန်လျော့ပြီး နှစ်ပေခန့်သာ ထွက်နေတော့ အထက်ကောင်း ကင်သို့ထွက်ဖို့ ပိုက်တပ်ဆင်နိုင် ကြပါတယ်””ဟု မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်မှ ဒေသခံ တစ်ဦးက ပြောသည်။
မင်းလှမြို့၌ ယခုလအတွင်း ရေနံများရှာဖွေတွေ့ရှိခဲ့ပြီး လယ် ယာမြေများအတွင်း အများဆုံး တွေ့ရှိခဲ့သည့်အတွက် လယ်မြေ လုပ်ကိုင်သူများနှင့် အရပ်ဖက် အဖွဲ့အစည်းများက လယ်မြေများ ဆုံးရှုံးမည်ကိုစိုးရိမ်နေကြခြင်းဖြစ် သည်။
““လတ်တလောပြဿနာ ဖြေ ရှင်းဖို့လောဘအရ လယ်မြေတွေ ရောင်းချလာမယ်၊ လယ်ယာ စိုက် ပျိုးနေတဲ့ မြေတွေမှာ ရေနံတူး တော့ လယ်စိုက်ဧကတွေ လျော့ လာမယ်။ တိုင်းပြည်က စိုက်ပျိုး ရေးနိုင်ငံဖြစ်လို့ လယ်ယာထုတ် ကုန်တွေ လျော့ကျလာနိင် တယ်”ဟု မြစ်ကွေ့ဧရာလူမူကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကျော်ကျော်မှ အဆိုပါ ရေနံတွင်းများနှင့် စပ်လျဉ်းပြီး ၄င်း၏စိုးရိမ်မှုကို ဖြေကြားခဲ့သည်။
အဆိုပါဒေသအတွင်း၌ ရေနံတွင်းအများအပြားရှိခဲ့ပြီး ရေနံအထွက်နည်းကြောင်း၊ ဒေသ တွင်းရေနံများမှာ ခမ်းလွယ်သည့် အတွက် ဒေသခံများ၏ လတ် တလောစီးပွားရေးအကျပ်အတည်း ကိုသာဖြေရှင်းနိင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်သည်။
““မင်းလှ၊ ထန်းကိုင်မှာ ရေနံ တွေ့ရှိတယ်ကြားတော့ တိုင်းပြည် အတွက် ကောင်းပါတယ်။ စနစ် တကျ တူးဖော်ရင် အကျိုးရှိနိုင် တယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လေ့လာပြီး စီးပွားဖြစ်ထုတ်နိုင်မလား လေ့ လာရမယ်။ တူးဖော်တဲ့အခါ သေချာထွက်မှ တူးသင့်တယ်””ဟု စိမ်းရောင်စိုသဘာဝ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့WEPWC မှ တာဝန်ရှိသူ ဦးတင်သစ်ကပြော သည်။
မြန်မာနိုင်ငံတွင် မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအတွင်းရေနံများ အများ အပြားတွေ့ရှိရပြီး မင်းလှမြို့နယ်၊ ပေါက်မြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပုလဲမြို့နယ်များတွင်လည်း ရေနံ အနည်းငယ်တွေ့ရှိရပြီး အဆိုပါ ဒေသများသို့ ရွှေ့ပြောင်းလုပ်သား သိန်းချီဝင်ရောက်နေထိုင်လုပ်ကိုင် နေကြောင်း သိရှိရသည်။
မင်းလှမြို့နယ်မှထွက်ရှိသည့် ရေနံများကို မြန်မာ့နည်းစနစ်ဖြင့် ချက်လုပ်ကာမုံရွာ(ဒေသအခေါ်- ရေနံသချိုင်း)တွင် စုစည်းကာ ဟုမ်္မလင်း၊ စစ်တွေမြစ်ဖျားမှ တစ် ဆင့်ရွှေကျင်သည့်လုပ်ငန်းများနှင့် အခြားဒေသများသို့တင်ပို့ကြောင်း၊ အရည်အသွေးပိုင်းတွင် စနစ်ကျမူ အားနည်းသည့်အတွက်ဈေးကွက် ၀င် ရေနံများထက် ၇၀ရာခိုင်နှုန်း သာ ဈေးရကြောင်း သိရသည်။
Hot News Weekly
Labels:
Home,
မြန်မာသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment