မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းဘေးရှိ စစ်ဘက်ရေးရာ လုံခြုံရေး
တပ်ဆွယ် (လေ) ဝင်းတွင် ဇန်နဝါရီလ ၂၁ ရက် ညနေ ၆ နာရီ ၅ မိနစ်က ဆီဂိုဒေါင်
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့၏
မီးလောင်ကျွမ်းမှု အကြောင်းရင်း စစ်ဆေးချက် နှစ်ဖက်ကွဲလွဲနေကြောင်း အဆိုပါ
စစ်ဆေးချက်များအရ သိရှိရသည်။
အဆိုပါ တပ်ဆွယ် (လေ) ဝင်းတွင်းရှိ ပုဂ္ဂလိကပိုင် ဓာတ်ဆီဆိုင်က
ငှားရမ်းလုပ်ကိုင်သော ဆီဂိုဒေါင်တွင်းရှိ ဓာတ်ဆီများကို ဆီသယ်ယာဉ်အပေါ်ရှိ
ဆီပီပါများတွင်းသို့ ဆီဂေါက်တံဖြင့် ဖြည့်ထည့်နေစဉ် ဆီဆိုင်လုပ်သားတစ်ဦးက
ဆီပေပါအဖုံးကို သံဂေါက်ဖြင့် လှည့်ပိတ်စဉ် မီးပွားများ ပွင့်ထွက်ရာမှ
မီးစတင် လောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က
ထုတ်ပြန်သည်။
အလားတူ အဆိုပါ မီးလောင်မှုသည် ဓာတ်ဆီတိုင်ကီကို ဆီသယ်ယာဉ်ပေါ်သို့
တင်ဆောင်စဉ် ဆီတိုင်ကီမှာ သံမတလင်းပေါ်သို့ ပြုတ်ကျခဲ့ရာမှ မီးပွားများ
ပွင့်ထွက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
“ဆီတိုင်ကီ သမံတလင်းပေါ် ပြုတ်ကျရာက မီးစပွင့်ပြီး ဓာတ်ဆီဂိုဒေါင်ကို
မီးကူးစက် လောင်ကျွမ်းခဲ့တယ်ဆိုတာ မျက်မြင်တွေ့ရှိသူများရဲ့ ပြောပြချက်နဲ့
မီးလောင်မှုကြောင့် အရေးယူခံရသူ ကာယကံရှင် ကိုယ်တိုင်ရဲ့ ထွက်ဆိုချက်တွေကို
ရယူခဲ့တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
အဆိုပါ ပုဂ္ဂလိကပိုင် ဓာတ်ဆီဆိုင်အတွင်း ဆီဘောက်ဆာယာဉ်မှ ဓာတ်ဆီများကို
၁၂ ဘီးအမျိုးအစား ဆီသယ်ယာဉ် အပေါ်ရှိ ဆီတိုင်ကီများတွင်းသို့ ဆီဂေါက်တံဖြင့်
ဆီဖြည့်စဉ် သံဂေါက်တံဖြင့် အဖုံးပိတ်ရာမှ မီးစပွင့်ကာ မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ခြင်းကို ဆီဆိုင်ပိုင်ရှင်၏ ထွက်ဆိုချက်များအရ သိရှိရကြောင်း
မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဓာတ်ဆီတိုင်ကီ သမံတလင်းပေါ် ပြုတ်ကျရာမှ မီးစပွင့်ကာ ကူးစက်လောင်ကျွမ်းမှု
ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က စစ်ဆေး တွေ့ရှိသော်လည်း ရဲတပ်ဖွဲ့က
ဆီဂေါက်တံဖြင့် ဆီပေပါ အဖုံးဖွင့်ရာမှ မီးစပွင့်ကာ မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့သည်ဟု စစ်ဆေးချက်မှာလည်း မီးလောင်နိုင်ခြေ ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆီတိုင်ကီ အဖုံးဖွင့်ရာက ဆီဂေါက်တံနဲ့ တိုင်ကီ ပွတ်တိုက်ပြီး
မီးလောင်ကျွမ်းမှုမျိုးတွေ ရှိခဲ့တော့ သူတို့ရဲ့ စစ်ဆေးချက်ကလည်း
လွဲမှားတယ်လို့ ပြောလို့မရဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ မီးလောင်မှုကြောင့် ဒီဇယ်နှင့် ဓာတ်ဆီပီပါ အလုံး ၇၀၊ ၁၂ ဘီး
ဆီတင်ယာဉ်နှစ်စီး စက်သုံးဆီတင်ယာဉ် တစ်စီး၊ ပရာဒိုခဲရောင် ယာဉ်အပျက်တစ်စီး၊
သွပ်မိုး၊ ဆန်ကာကာထားသည့် ပေ ၂၀ ပတ်လည် တဲတစ်လုံးတို့ မီးလောင်
ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ လုံခြုံရေးတပ်ဖွဲ့(လေ) ဝင်းအတွင်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှ
မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားလေးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဓာတ်ဆီဆိုင်ပိုင်ရှင် ကိုကျော် (ခ)
ကိုကျော်ကျော်ကို မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၃၃/၁၄ ၊ ပုဒ်မ ၂၈၅/၃၃၇/၃၃၈
ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကာ လောင်စာဆီ ပီပါများကို
လက်ခံသိမ်းဆည်းပေးသော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (လေ) မှ တပ်ကြပ်ကြီး
တင်ဌေးကို ၎င်း၏ မိခင်တပ်မှ စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း
မင်္ဂလာဒုံ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:
Post a Comment