မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော
ဘင်္ဂလာဒေခ်ျ့နိုင်ငံ အတွင်းမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများကို
ဘာသာရေး အစွန်းရောက်များမှ တိုက်ခိုက်နိုင်ဖွယ်ရှိနေသည်ဟု သတင်း ရရှိသည်။
သို့အတွက် ယနေ့ ဇန်န၀ါရီလ ၈ ရက်နေ့ နံနက်ကစပြီး ဘီဂျီဘီခေါ်
နယ်ခြားစောင့်တပ်များကို နယ်စပ် တလျှောက်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်
ဖြန့်ကျက် ချထားလိုက်သည်ဟု Coxsbazarnews.com တွင် ဖေါ်ပြသည်။
မြန်မာနယ်စပ်နှင့် ကပ်ရပ်တည်ရှိသော နတ်ကျောက်ဆရီ၊ ရာမူး (ပန်းဝါ)၊
ဘိုင်ဆရီ၊ အိုကီးယား ဒေသရှိ ဘုန်းတော်ကြီးကျောင်းများကို ဘာသာရေး
အစွန်းရောက်များမှ တိုက်ခိုက်ရန် အာဏာပိုင်များက သတင်း ရရှိသဖြင့် ထိုသို့
ဘီဂျီဘီ နယ်ခြားစောင့်တပ်များကို ဖြန့်ကျက် ချထားလိုက်ခြင်း ဖြစ်ကြောင်း
ယင်းသတင်းတွင် ဖေါ်ပြသည်။
ယခု ဖြန့်ကျက်ချထားလိုက်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ
မြန်မာနယ်စပ် အနီးတွင် တည်ရှိသာ နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် (၃၁)
ဘီဂျီဘီ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်ကြသည်ဟု ဆိုသည်။
အမှတ် (၃၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ချော်ဖီကူရာဟာမန်မှ
ဘာသာရေး အစွန်းရောက်သူများမှ လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏
ဘာရေးအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ရန် မိမိတို့
သတင်းထားရကြောင်း၊ သို့အတွက် ယခုကဲ့သို့ ဗုဒ္ဓဘာသာကျေးရွာများကို
စောင့်ရှောက်ရန် တပ်ဖွဲ့ဝင်များကို ချထားရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု
သတင်းတွင် ဖေါ်ပြထားသည်။
ယင်းအပြင် နယ်စပ် အနီးရှိ တီတာပါရာမှ အဒူရော်ချီး (၁၆) နှစ်၊ ရာဇိဒါ
(၁၈) နှစ်နှင့် နုရ်အာလောင် (၁၄) နှစ်တို့အား နယ်စပ်ရှိ
ဘုန်းတော်ကြီးကျောင်းအနီး နေရာ တစ်ခုမှ ယနေ့နံနက် သင်္ကာံမကင်းသဖြင့်
နယ်ခြားစောင့်တပ်ဖွဲ့မှ ဖမ်းဆီးလိုက်သည်ဟု ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် လူနည်းစု လူမျိုးများက လက်ရှိ အ၀ါမီလိဂ်
အစိုးရအား များမကြာမီက ထောက်ခံမဲပေးခဲ့ကြသဖြင့် အတိုက်အခံအင်အားစုများက
လူနည်းစုများကို တိုက်ခိုက်မူများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။
by Narinjara

No comments:
Post a Comment