စစ်အစိုးရ လက်ထက်က နိုင်ငံတော်စီမံကိန်းအဖြစ် စိုက်ပျိုးခဲ့တဲ့
ကြက်ဆူစိုက်ခင်းတွေကို ဆက်လက် အကောင်အထည်မဖော်တော့တာကြောင့်
စိုက်ခင်းပိုင်ရှင်တွေ အရှုံးပေါ်နေပါတယ်။
အရင်စစ်အစိုးရလက်ထက် နိုင်ငံတော်စီမံကိန်းအဖြစ် စိုက်ပျိုးခဲ့တဲ့
ဒဂုံမြို့သစ်တောင်ပိုင်း ၆၂ ရပ်ကွက်က ကြက်ဆူစိုက်ခင်းတွေ ဖြစ်ထွန်းလာပေမယ့်
ဆက်လက်အကောင်ထည်ဖော် ဆောင်ရွင်ခြင်း မရှိတော့တာကြောင့်
စိုက်ခင်းပိုင်ရှင်တွေ အရှုံးပေါ်နေကြတာပါ။
ကြက်ဆူစိုက်ခင်းပိုင်ရှင် ဒေါ်နုနုရီက “ဘာအကျိုးအမြတ်မှ မရဘူး။
ကြက်ဆူပင်သီးလို့ရှိရင် ဆီကြိတ်ရမယ်။ စက်ရုံအတွက် အဆောက်အဦတွေ
ဆောက်ရမယ်ဆိုလို့ ဆောက်တယ်။ လျှပ်စစ်မီးတွေ လျှောက်တယ်။
အဆောက်အဦအတွက်
ပိုက်ဆံတွေသာ ကုန်တယ်။ မီတာခတွေသာ ကုန်တယ်။ သူတို့က ဆီကြိတ်ရင် ဆီထွက်လာရင်
ရမယ်လို့ ပြောတာကိုး။ ဒို့က ချမ်းသာချင်တယ်လေ။ ဆီတွေ အများကြီးရရင်
ရေနံသူဌေးကြီး ဖြစ်မယ်ဆိုပြီး အားကိုးပြီး ကြက်ဆူပင်တွေ စိုက်တယ်။
သီးလိုက်တဲ့ အသီးတွေ နည်းတာမဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူမှ ကြည့်မယ်သူ မရှိဘူး။
ဒီနေ့ ဒီချိန်မှာ ကျမကုန်ကျထားတာကို လာကြည့်မယ့်သူ ဘယ်သူမှ မရှိဘူး” လို့
ပြောပါတယ်။
ဒီကြက်ဆူစိုက်ပျိုးရေး စီမံကိန်းကို ၂၀၀၆ ခုနှစ်ကတည်းက
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လမ်းညွှန်ချက်နဲ့ အရင်စစ်အစိုးရနဲ့
အခုအစိုးရသစ် လက်ထပ်မှာပါ အစိုးရအဖွဲ့ထဲ ပါဝင်နေသူတွေ ကိုယ်တိုင်
အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်း ဖြစ်ပါတယ်။
ဒါပေမယ့် ကြက်ဆူစီမံကိန်း ဖျက်သိမ်းလိုက်တယ်လို့ ပြောဆိုခြင်း မရှိဘဲ
အဲဒီမြေနေရာမှာ တန်ဖိုးမျှအိမ်ရာစီမံကိန်းကို
ရန်ကုန်မြို့တော်စည်ပင်သာယာနဲ့ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ
ပူးပေါင်းပြီး ဆောက်လုပ်နေကြပါတယ်။
ကြက်ဆူစိုက်ခင်းပိုင်ရှင် ဦးဆင့်က “အခုလက်ရှိ သမ္မတကြီး ဖြစ်နေတဲ့
ဦးသိန်းစိန်ကိုယ်တိုင်ပဲ တက်ရောက်ဖွင့်ပေးပြီး အပင်စိုက်ပျိုးပေးခဲ့တာပါ။
ဗိုလ်ချုပ်လှဌေးဝင်းလည်း ပါတယ်။ အရင်က တိုင်းမှူးဖြစ်နေတဲ့
ဦးမြင့်ဆွေလည်း ပါတယ်။ အခုဝန်ကြီးချုပ် ဖြစ်နေတယ်။ ဖျက်သိမ်းတယ်လည်း
မပြောဘူး။ ကျနော်တို့ကို လုပ်ခွင့် ခွင့်ပြုမိန့်ပဲ ပေးထားတယ်။ ၄၅ နှစ်
ခွင့်ပြုမိန့် ပေးထားတယ်။ အခုမှ ကုမ္ပဏီကို အိမ်ရာဆောက်ဖို့ ပေးတာကတော့
ကျနော်တို့ကို အပြီးပြတ်အောင် မညှိနှိုင်းပဲနဲ့ အဲဒါလေးကတော့ ပြောဆိုစရာ
ကျန်နေတယ်။” လို့ ပြောပါတယ်။
လက်ရှိပေါ်ပေါက်လာတဲ့ အိမ်ရာစီမံကိန်းကြောင့် အရင် ကြက်ဆူစိုက်ခင်း စီမံကိန်းနဲ့ စိုက်ခင်းပိုင်ရှင်တွေက နစ်နာကြေးရယူလိုနေကြပါတယ်။
ကြက်ဆူပင်စိုက်ခင်းတွေဟာ အရင်က အိုးအိမ်ဦးစီးဌာန
လက်အောက်ခံဖြစ်ခဲ့ပေမယ် လက်ရှိမှာတော့ ရန်ကုန် စည်ပင်သာယာရေး ကော်မတီက
လွှဲပြောင်းယူလိုက်ပါတယ်။
စည်ပင်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဒီကြက်ဆူစီမံကိန်းက
စိုက်ခင်းပိုင်ရှင်တွေ ၂၀၁၃ ခုနှစ် သြဂုတ်လပိုင်းအတွင်း
တွေ့ဆုံဆွေးနွေးခဲ့တုန်းက စိုက်ခင်းပိုင်ရှင်တွေရဲ့ နစ်နာမှုတွေကို
တင်ပြထားပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့
စိုက်ခင်းပိုင်ရှင်တွေက ပြောပါတယ်။
by dvb

No comments:
Post a Comment