ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်များ
မော်တော်ဆိုင်ကယ်စီးနင်းပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရသစ်လက်ထက်တွင်
ရန်ကုန်မြို့ရှိ စည်ပင်၊ လျှပ်စစ်နှင့် ရဲတပ်ဖွဲ့တို့ကို မော်တော်ဆိုင်ကယ်
တရားဝင်စီးနင်းခွင့်ပြုထားပြီး ၂နှစ်ခွဲအကြာတွင် ပထမဆုံးအကြိမ်အဖြစ်
ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင်
ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ တတိယပတ်က စတင်ကာ
ရန်ကုန်မြို့အတွင်း တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ
မော်တော်ဆိုင်ကယ်စီးနင်းခွင့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က
တရားဝင်ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သတ်မှတ်ထားသော
စည်ပင်သာယာနယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနင်းလျှင်
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
တိုင်းဒေသကြီးအစိုးရက အသိပေးကြေညာထားသည်။
““လွန်ခဲ့တဲ့
နှစ်ပတ်လောက်ကတည်းက ရဲတွေဆိုင်ကယ်စီးခွင့်ကို ပိတ်ပင်လိုက်တာပါ။ ခုတလော
ဆိုင်ကယ်တိမ်းမှောက်တာတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အနာတရဖြစ်တာရယ်၊
စီးနင်းတဲ့သူအချို့ စည်းကမ်းမလိုက်နာမှုတွေ ကြောင့် ခုလိုစီးခွင့်တားမြစ်ခံရ
တာလို့ သိထားပါတယ်””ဟု မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ
ယာဉ်ထိန်းအရာရှိတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ
မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို တွေ့ရှိပါက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက
ဖမ်းဆီးအရေးယူနိုင်သည့်အပြင် သက်ဆိုင်ရာဌာနကလည်း
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်သည်။
““ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ
ဆိုင်ကယ်တရားဝင်စီးခွင့်ရတာ စည်ပင်နဲ့ လျှပ်စစ်၊ ရဲဌာနတွေကတော့
လုပ်ငန်းလိုအပ်ချက်အရ နားလည်မှုနဲ့ စီးနေကြတာပါ။ နောက်ဆိုရင် သူတို့လည်း
သာမန်လူတွေလိုပဲ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးရင် အရေးယူပါမယ်””ဟု
ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်း နှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ
ရဲအုပ် မျိုးသီဟကျော်က ပြောသည်။
လက်ရှိ ရဲတပ်ဖွဲ့များတွင်တာ
ဝန်ထမ်းဆောင်ရန် မော်တော်ယာဉ်အလုံအလောက်မရှိခြင်းတို့ကြောင့်
မော်တော်ဆိုင်ကယ်ကိုသာ အဓိကထားအသုံးပြုနေရပြီး ဆိုင်ကယ်စီးခွင့်
ပိတ်ပင်လိုက်ပါက တရားခံဖမ်းဆီးခြင်း၊ မှုခင်းကိစ္စများ ဖော်ထုတ်ရာတွင်လည်း
လိုင်းကားကိုသာ အသုံးပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးက
ပြောသည်။
ရဲတပ်ဖွဲ့ဝင်များစီးနင်းမှုကို အရေးယူမည်ဆိုသော်လည်း
ရန်ကုန်မြို့ရှိ အထင်ကရမြို့နယ်ကြီးများတွင် အရပ်သားများက
စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်ခြင်းကိုပင် စနစ်တကျ ဖမ်းဆီးမှုမရှိကြောင်း
စမ်းချောင်းမြို့နယ်နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောသည်။
7day Daily

No comments:
Post a Comment