Friday, January 10, 2014

စသုံးလုံးရုံးမှ ခုန်ချသေဆုံးခဲ့သူ မနန်းဝိုးဖန် အမျိုးသား လွတ်ငြိမ်း ချမ်းသာခွင့်ရရှိ

ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာ လမ်းရှိ အထူးစုံစမ်းရေး ရုံး၌ ယခင်နှစ် မတ်လက ခေါ်ယူ စစ်ဆေးခံနေစဉ် ယင်းရုံးပေါ်မှ ခုန်ချသေဆုံးခဲ့သူ မနန်းဝိုးဖန်၏ အမျိုးသား အသက် ၅၂ နှစ်ရှိသူ မစ္စတာ နာမဆဲမိုတိုဟီကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော ပုဒ်မ ၅ (ဇ) လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၉ ရက်နေ့က အမှုပယ်ဖျက်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီး ဦးမြတ်ထူးမောင်က The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ တရားဝင် လိုင်စင်မရှိဘဲ မစ္စတာ နာမဆဲမိုတိုဟီကိုက အသက် ၁၉ နှစ်အရွယ် ဇနီးမနန်းဝိုးဖန် အမည်ဖြင့် ကျပ်သိန်း သုံးသောင်းကျော် တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများ
ဝယ်ယူထားမှုကို အထူးစုံစမ်းရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က မစ္စတာ နာမဆဲမိုတိုဟီကို အပါ ခြောက်ဦးကို ပုဒ်မ ၅(ဇ) ဖြင့် အမှုဖွင့်ပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းကာ လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေခဲ့ရာမှ ပုဒ်မ ၅ (ဇ) လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အမှုပယ်ဖျက်ခံရခြင်း ဖြစ်ကြောင်း မစ္စတာ နာမဆဲမိုတိုဟီကို၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမူက ရှင်းပြသည်။
“သမ္မတ အမိန့်ကြောင့် ၅(ဇ) အမှုကို ပယ်ဖျက်ခံရပေမယ့် ဂျပန်နိုင်ငံသားက နိုင်ငံခြားသား တစ်ဦးရဲ့ လိုက်နာရမယ့် စည်းကမ်းကို ချိုးဖောက်ပြီး မြန်မာနိုင်ငံ စီးပွားရေးကို ထိခိုက်စေမယ့် အမှုကို ကျူးလွန် ခဲ့တာကြောင့် သူ့ကို လူဝင်မှုကြီးကြပ်ရေးက ဖွင့်ထားတဲ့ ပုဒ်မ ၁၃-၁ နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ ချုပ်ရက်များ လျှော့ပေါ့ ခံစားခွင့်ရှိပါတယ်။” ဟု မြို့နယ်တရားသူကြီး ဦးမြတ်ထူးမောင်က ပြောကြားသည်။
မစ္စတာနာမဆဲကို အင်းစိန်ထောင်အတွင်း ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီ ဖြစ်သောကြောင့် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှ ပြည်နှင်အမိန့်စာ ရရှိခဲ့ပါက လေယာဉ်ဖြင့် ၎င်း၏နေရပ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ အမိန့်စာ မရသေးချိန် ကာလအထိ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။
လွတ်ငြိမ်းချမ်းသာခွင့် ရမည်ဆိုသည်ကို ပြီးခဲ့သော သင်္ကြန်အတွင်းက ကြားသိထားပြီး ယခုအချိန်မှ ပြန်လည် လွတ်မြောက်ခွင့် ရသော်လည်း မြန်မာနိုင်ငံတော် သမ္မတကြီးအပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ ၎င်း၏ဇနီး နန်းဝိုးဖန်၏ အမည်ဖြင့် ဝယ်ယူခဲ့သော ခြံမြေများနှင့် ပတ်သက်၍ ပြည်သူ့ဘဏ္ဍာအဖြင့် သိမ်းယူခံရခြင်းအပေါ် ၎င်းအနေဖြင့် မှတ်ချက် မပေးလိုကြောင်း မစ္စတာ နာမဆဲမိုတိုဟီကိုက ပြောကြားသည်။ “ဒီငွေတွေ အားလုံးက နန်းဝိုးဖန်အတွက် ရည်စူးပြီး အစကတည်းက ပေးခဲ့တာ။ အခု နန်းဝိုးဖန် ဆုံးသွားမှတော့ ကျန်တဲ့ကိစ္စ ဘာမှမပြောလိုတော့ပါဘူး” ဟု ၎င်းကဆိုသည်။
တရားမဝင် အိမ်ခြံရောင်းဝယ်မှုနှင့် ပတ်သက်ပြီး မနန်းဝိုးဖန်ကို စသုံးလုံးရုံး၌ ခေါ်စစ်ဆေးစဉ် ပြုတ်ကျ သေဆုံးခဲ့ရပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမဆဲကိုလည်း အင်းစိန်ထောင်တွင်း တစ်နှစ်နီးပါးခန့် ထိန်းသိမ်းကာ တရားရင်ဆိုင်ခဲ့ရာမှ သမ္မတ၏ အမိန့်ဖြင့် အမှုပယ်ဖျက်ခံခဲ့ရသည်။ သို့ရာတွင် ကျပ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိ အိမ်၊ ခြံ၊ မြေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှုမှာ သေဆုံးသွားသော မနန်းဝိုးဖန်၏ မိသားစုအတွက် နစ်နာသည်ဟု ယူဆကြောင်း၊ အဆိုပါ မိသားစုက နစ်နာဆုံးရှုံးမှုများကို ပြန်လည် ရရှိရန်အတွက် အကျိုးဆောင်ပေးရန် ကမ်းလှမ်းပါ က လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက ပြောကြားသည်။
အဆိုပါ ဂျပန်နိုင်ငံသားမှာ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့တွင် အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်ပြီး ၂၀၀၉ ခုနှစ်က တာချီလိတ်မြို့သို့ တရားဝင် ဗီဇာမပါရှိဘဲ ဝင်လာပြီး ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်နှင့် ဆုံတွေ့ကာ မေတ္တာရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် ထပ်မံရောက်ရှိခဲ့ပြီး ၎င်း၏ဇနီး မနန်းဝိုးဖန် အမည်ဖြင့် အိမ်၊ ခြံ၊ မြေ ဝယ်ရောင်း လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ သတင်းရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် မနန်းဝိုးဖန်ကို ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ အထူးစုံစမ်းစစ်ဆေးရေးရုံး ငါးထပ် အဆောက်အအုံပေါ် ခေါ်ယူစစ်ဆေးစဉ် အဆိုပါ ငါးထပ်အဆောက်အအုံမှ မနန်းဝိုးဖန် ခုန်ချ သေဆုံးခဲ့သည်။

by the voice weekly

No comments:

Post a Comment