တအာင်းဒေသအတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်ရေးအတွက်
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က
ဘိန်းစိုက်ခင်းတွေကို လိုက်လံ ဖျက်ဆီးနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း/ပလောင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက်
မန်တုံမြို့နယ်အတွင်း ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့
ဘိန်းစိုက်ခင်းတွေကို တီအန်အယ်လ်အေက ဇန်န၀ါရီ ၁၅ ရက်နေ့ကစပြီး လိုက်လံ
ဖျက်ဆီးနေတာပါ။
ဘိန်းခင်းတွေ လိုက်လံဖျက်ဆီးနေတဲ့ တီအန်အယ်လ်အေ အရာရှိတဦးက
“ဒါက ၂ လသားအရွယ်လောက်ရှိပြီ။ နောက် ၂ လလောက်ဆို အသီးသီးပြီး
အပွင့်ပွင့်ပြီး အဆီထုတ်လို့ရပြီ။ ပြီးခဲ့တဲ့နှစ်က ဒီနယ်မြေကို ကျနော်တို့
မရောက်ဘူး။ လူအင်အားအရရော၊ အချိန်အရရော ကျနော်တို့ နယ်မြေ
ဟိုဘက်အခြမ်းမှာပဲ ဖျက်တယ်။ ဒီနှစ်က ကျနော်တို့ လူကြီးတွေရော၊ အထက်က
ညွှန်ကြားချက်အရရော တပြေးညီလာရောက် ဖျက်ဆီးခြင်းဖြစ်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် တိုင်းဒေသအတွင်းမှာ စိုက်ပျိုးထားတဲ့
ဘိန်းစိုက်ခင်း ဧကပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့
တီအန်အယ်လ်အေ တပ်မတော်က စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားဟိုးပ္လါင်က
ပြောပါတယ်။
“တအာင်းဒေသမှာ စစ်ပြေးနေတဲ့ တောင်သူတွေက ၂၀၁၂ ဘိန်းစိုက်
ဧကပေါင်း ခန့်မှန်းခြေက ၃၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိတယ်။ တီအန်အယ်လ်အေက မနှစ်က
မူးယစ်ဆေး စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့ ဘိန်းခင်တွေ ဧကပေါင်း ၃၀၀၀
ကျော်ရှိတယ်။”
၂၀၁၃ ခုနှစ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က
ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ၅၁
နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားမှာ လူထုပရိသတ်ရှေ့
မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် တအာန်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း ၂၀၁၂
ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ၇၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်ခဲ့တယ်လို့
စစ်ဦးစီးချုပ်က ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ)
ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၃ ခုနှစ်မှာ ၁၃
ရာခိုင်နှုန်း တိုးလာပြီး ဘိန်းထုတ်လုပ်မှုဟာလည်း ၂၆ ရာခိုင်နှုန်း၊ တန်ချိန်
၈၇၀ လောက် ပိုထွက်ခဲ့တယ်လို့ ၂၀၁၃ ဒီဇင်ဘာလမှာ အစီရင်ခံစာ
ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းရေးအစီအစဉ်အရ လူ ၁
သောင်းခွဲလောက်ကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အမှုတွေနဲ့ ၃ နှစ်အတွင်း
ဖမ်းဆီး အရေးယူနိုင်ခဲ့တယ်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က
ပြောကြားထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ
မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့် လက်နက်ကိုင်
တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ
နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက
နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ ဘိန်း ဒုတိယအများဆုံး စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ကုလသမဂ္ဂက သတ်မှတ်ခံထားပါတယ်။DVB

No comments:
Post a Comment