Saturday, January 25, 2014

ဘာစီလိုနာ ဥက္ကဋ္ဌ ရာထူးမှ တရားဝင် နုတ်ထွက်လိုက်သည့် ရိုဆဲလ်

ဘာစီလိုနာ အသင်း၏ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ် အနေဖြင့် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီး ယင်းအခြေအနေသည် ဥရောပ ဘောလုံးလောကတွင် အံ့ဩစရာ ဖြစ်ရပ်တစ်ခုအသွင် ပေါ်ပေါက်လာခဲ့သည်။ရိုဆဲလ်သည် ဘာစီလိုနာကို အောင်မြင်မှုများစွာ ရရှိလာအောင် အဓိက ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း ၎င်းနှင့် ၎င်း၏ မိသားစုအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယင်းအလုပ်ကို စိတ်ကုန်သွားခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။
နွေရာသီ ဈေးကွက်အတွင်းက ဆန်းတို့စ်တိုက်စစ်မှူး နေမာကို နူးကမ့်အရောက် ဆောင်ကြဉ်းပေးခဲ့သည့် လုပ်ရပ်တွင် ရိုဆဲလ်အနေဖြင့် အတိုက်အခိုက် များစွာကို ကြုံခဲ့ရသည်။ ရိုဆဲလ်နှင့် ဘာစီလိုနာ ဘုတ်အဖွဲ့တို့သည် လတ်တလောတွင် နေမာ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ငွေကြေးဆိုင်ရာ အချက်အလက်များကို စပိန်တရားရုံးချုပ်တွင် စိစစ်မေးမြန်းမှု ခံနေရသည်။

ပြဿနာမှာ လာလီဂါ ချန်ပီယံ အသင်းက ဘရာဇီးလ် လက်ရွေးစင် နေမာအတွက် ယူရို(၅၇.၁)သန်း ပေးချေခဲ့သော်လည်း ဆန်းတို့စ်အသင်း၏ လက်ထဲသို့ ငွေသား ယူရို (၁၇.၁)သန်းသာ ရောက်ရှိရာမှ အစပြုခဲ့သည်။ ထိုအပြောင်းအရွှေ့တွင် ကြားလူပိုင်ဆိုင်မှု အရှုပ်အထွေးအချို့လည်း ရှိခဲ့သည်။ အတိုက်အခိုက်များစွာ ကြုံလာသည့်နောက် ရိုဆဲလ်သည် ၎င်း၏ နေအိမ်သို့ အသင်းဒုတိယ ဥက္ကဋ္ဌ ဂျိုးဆက်မာရီယာ ဘာတိုမြူနှင့် ဟာဗီးယား ဖူစ်တို့ကို ခေါ်ယူကာ မိမိနုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို အသိပေးခဲ့ခြင်း ဖြစ်သည်။ ရိုဆဲလ်သည် လက်ထောက် ဥက္ကဋ္ဌ ယိုအန်ဂျို ကက်စ်တီလို၊ အထွေထွေ ဒါရိုက်တာ အန်တိုနီ ရိုဆစ်ခ်ျ၊ သတင်းပြန်ကြားရေး ဒါရိုက်တာ အဲလ်ဘတ် မွန်တာဂူတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည့်တိုင် ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်တော့ဟု ဆုံးဖြတ်ခဲ့သည်။

အသက်(၄၉)နှစ်ရှိ ရိုဆဲလ်က နေမာ၏ ကိစ္စနှင့် စပ်လျဉ်းပြီး "ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ တစ်ခါတစ်လေမှာ တော်တော်ကို ဆိုးရွားတဲ့ အတိုက်အခိုက်မျိုးတွေ ကြုံခဲ့ပါတယ်။ ကျွန်တော် အသင်းဥက္ကဋ္ဌ တာဝန်ယူထားတာနဲ့တင် ဒီလိုဖြစ်ရပ်တွေ ကြုံလာတာကို တော်တော်လည်း အံ့ဩသွားမိတယ်။ လက်ရှိကာလတွေမှာ ကျွန်တော့်အပေါ် သက်ရောက်နေတဲ့ ဝေဖန်မှုတွေဟာ မျှတတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ နေမာအပြောင်းအရွှေ့နဲ့ ပတ်သက်သမျှ အရာအားလုံးဟာ မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ အသင်းဟာ ကိုယ်ပိုင် ရပ်တည်မှုကို ကာကွယ်တဲ့ ပုံရိပ်တစ်ခု ရှိပြီးသားပါ။ ဒါကို အလေးထားရမယ်ဆိုတာ သိပ်အရေးကြီးမှန်း ကျွန်တော်တို့ သိထားပြီး ဖြစ်ပါတယ်"ဟု ပြောဆိုခဲ့ဖူးသည်။

Soccer Myanmar

No comments:

Post a Comment