ပြင်ဦးလွင်အတက်လမ်းပိုင်းနေရာတွင် ဦးခေါင်းတော်ကျိုးပြတ်ပြီး
ပြုတ်ကျနေခဲ့သည့် စကျင်ကျောက်ဆင်းတုတော်ကြီးကို မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့က တာဝန်ယူကာ ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ဇန်န၀ါရီ ၁၀ ရက်က ဉာဏ်တော် ၁၈ ပေ၊ ပလ္လင်အထိုင် သုံးပေ၊ ပလ္လင်အကျယ် ၁၂
ပေခန့် ရှိသည့် စကျင်ကျောက်ဆင်းတုတော်ကို မတ္တရာမြို့နယ် စကျင်ကျေးရွာမှ
ရွှေလီမြို့သို့ ပို့ဆောင်ရောင်းချရန် ၂၂ ဘီးကားဖြင့် သယ်ဆောင်လာစဉ်
မန္တလေး- ပြင်ဦးလွင် အတက်လမ်း မိုင်တိုင်အမှတ် ၁၉ အကျော်တွင် ဆင်းတုတော်အား
ထိန်းထားသည့် သံကြိုးများ ပြတ်ထွက်ကာ လမ်းမပေါ်သို့ ပြုတ်ကျပြီး
ဦးခေါင်းတော် ကျိုးပြတ်ခဲ့ခြင်းဖြစ်သည်။
ဆင်းတုတော်မှာ ယနေ့အချိန်ထိ ယင်းလမ်းပိုင်းတစ်နေရာတွင်ပင်
မပြောင်းရွှေ့နိုင်ဘဲ ဖြစ်နေသဖြင့် ပြုတ်ကျခဲ့သည့်နေရာ အနီးတစ်ဝိုက်တွင်ပင်
ပြင်ဦးလွင် ပြည်ချစ်ဘုရားကဲ့သို့ပင် တည်ထားကိုးကွယ်နိုင်ရေးအတွက်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရည်မှန်းထားကြောင်း
တိုင်းသာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်ကပြောသည်။
““ပြုတ်ကျတဲ့နေရာနားမှာရှိတဲ့ ဘုရားဝင်းအနီးမှာ တည်ထားဖို့တော့
ရည်မှန်းထားတယ်။ ၀န်ကြီးချုပ်ကိုလည်း ဒီကိစ္စတင်ပြတော့ သူကလည်း
လုပ်ပေးချင်တဲ့ဆန္ဒရှိပုံပေါ်တယ်”” ဟု ဦးသန်းစိုးမြင့်က ဆိုသည်။
တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ရောင်းချရန်စီစဉ်ခဲ့သည့်
ဘုရားပိုင်ရှင်ဖြစ်သူကလည်း ယခုအချိန်တွင် လျော်ကြေးငွေရယူရန် ဆန္ဒရှိနေသည်ဟု
၎င်းက ဆက်လက် ပြောသည်။
ဦးခေါင်းတော် ပြတ်နေသည့် ယင်းဆင်းတုတော်ကြီးမှာ မန္တလေး-ပြင်ဦးလွင်အတက်
ကားလမ်းတစ်လျှောက် ခရီးသွားသူများအမြင်တွင် မသင့်လျော်၍ ဦးခေါင်းတော်နှင့်
ဆင်းတုတော်ကိုယ်ထည်ပိုင်း တေ့ကာ ယာယီဆက်ပေးထားသည်ဟု
ပြင်စာရဲကင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့ရှိ မူလ ပြည်ချစ်ဘုရားသည်လည်း တရုတ်နိုင်ငံသို့
ရောင်းချရန် မန္တလေး-လားရှိုး ကားလမ်းတစ်လျှောက် ကားဖြင့်သယ်ဆောင်လာစဉ်
ပွဲကောက်ရေတံခွန်လမ်းခွဲအနီးတွင် ယာဉ်မတော်တဆမှုဖြစ်ပြီး
ဆင်းတုတော်ပြုတ်ကျခဲ့ရာမှ ယင်းနေရာအနီးရှိ ကုန်းမြင့်တွင် မဟာအံ့ထူးကံသာ
ဆုတောင်းပြည့်ဘုရားအမည်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
7day Daily

No comments:
Post a Comment