ကိုရီးယားစစ်ပွဲအတွင်း မိသားစုနဲ့ ကွဲကွာခဲ့ကြသူတွေ ပြန်လည်ပေါင်းစည်းရေး
မြောက်ကိုရီးယားရဲ့ လတ်တလော ကမ်းလှမ်းချက်ကို တောင်ကိုရီးယား အစိုးရက
ကြိုဆိုလိုက်ပါတယ်။
ကွဲကွာနေတဲ့ မိသားစုတွေ ဖေဖော်ဝါရီ လလယ်ပိုင်းမှာ ဆုံဆည်းကြဖို့ကိုလည်း ဇန်န၀ါရီ ၂၇ ရက်က အဆိုပြုလိုက်ပါတယ်။
မိသားစုဆုံစည်းပွဲကို ကမ်ဂမ်တောင်ပေါ်မှာ ဖေဖော်ဝါရီ ၁၇ ကနေ ၂၂ ရက်ထိ
ကျင်းပမယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောခွင့်ရ
ကင်မ်အွဲဒိုက ပြောပါတယ်။
ပြန်လည်ပေါင်းစည်းမှုတွေရဲ့ အသေးစိတ်အခြေအနေတွေကို ဆွေးနွေးဖို့
အစည်းအဝေးပွဲတွေကို ဇန်န၀ါရီ ၂၉ ရက်မှာ ကျင်းပဖို့ကိုလည်း ၀န်ကြီးဌာနက
ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို
ဖျက်သိမ်းဖို့နဲ့ တောင်မြောက်ကိုရီးယား ၂ နိုင်ငံ ပြန်လည်ပေါင်းစည်းကြဖို့
မြောက်ကိုရီးယားက လှုံ့ဆော်မှုတွေ ဆက်လုပ်ခဲ့ ပြီးပါပြီ။
တောင်ကိုရီးယား ၀န်ကြီးဌာနကတော့ မိသားစုတွေ ပြန်လည်ပေါင်းစည်းတာနဲ့
နှစ်စဉ် စစ်ရေးလေ့ကျင့်တာက ခြားနားတဲ့ အရေးကိစ္စတွေ ဖြစ်တယ်လို့ ပြောပါတယ်။
စက်တင်ဘာလတုန်းကတော့ မြောက်ကိုရီးယားဟာ မိသားစုဆုံစည်းပွဲမလုပ်ခင်
ရက်ပိုင်းအလိုမှာ ပွဲကို ရုတ်တရက် ဖျက်သိမ်းခဲ့တာပါ။ ဒီပွဲကိုသုံးပြီး
တောင်ကိုရီးယားက ပဋိပက္ခကို လူသိများအောင် လုပ်တယ်လို့ မြောက်ကိုရီးယားက
စွပ်စွဲပါတယ်။ တောင်ကိုရီးယားကတော့ ဒီဖျက်သိမ်းမှုကို လူမဆန်ဘူးလို့
ပြောပြီး နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းရတယ်လို့ ဆိုပါတယ်။
၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေး
စာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ တောင်နဲ့ မြောက် ၂ နိုင်ငံကြား
စစ်ပွဲ ဖြစ်ပွားနေဆဲ ပါ။
ဒါကြောင့် သန်းနဲ့ချီတဲ့ မိသားစုတွေ ကွဲကွာခဲ့ရပြီး နယ်စပ်ဖြတ်ကျော်
ကိုယ်ရေးကိုယ်တာ ခရီးသွားခွင့်ရော၊ ဖုန်းခေါ်ဆိုခွင့်ပါ ပိတ်ပင်ထားပါတယ်။
မနှစ်က မတ်နဲ့ ဧပြီလတွေတုန်းကလည်း မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့
အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ရင်း
နျူကလီးယားစစ်ပွဲ ဆင်နွှဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒီနှစ်မှာတော့ စစ်ရေးလေ့ကျင့်မှု ရပ်ဖို့ မြောက်ကိုရီးယားက ထပ်ခါထပ်ခါ
တောင်ဆိုရင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး သတင်းစကား ပေးပို့ခဲ့ပေမယ့်
တောင်ကိုရီးယားကတော့ ဒါဟာ မရိုးသားမှုအဖြစ် ပယ်ချခဲ့ပါတယ်။
DVB

No comments:
Post a Comment