Tuesday, January 21, 2014

အပစ်အခတ်ရပ်စဲရေး သဘောတူ တာဟာ နိုင်ငံရေးဆွေးနွေးပွဲ အတွက် အာမခံချက်ဖြစ်ကြောင်း KNU ပြောကြား

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးနိုင်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတွေ ဖြစ်မြောက်ဖို့အတွက် အာမခံချက်ရရှိတာဖြစ် တယ်လို့  ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဒီနေ့ ပြောလိုက် ပါတယ်။
ဒီနေ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးစခန်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ညီလာခံမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက အခုလို ပြောလိုက်တာပါ။

တိုင်းရင်းသားအားလုံးလိုလားတဲ့ အမျိုးသားရေး တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့ နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်ဖြေရှင်း တာထက် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အဖြေရှာကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်အတွေ့အကြုံအရ အရင်အစိုးရအဆက်ဆက်ဟာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ဖို့ကိုသာ ပြောဆိုခဲ့ကြောင်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှုကိုအခြေခံပြီး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ ပြောဆိုနေကြောင်း၊ လက်တွေ့ဆန်တဲ့ ချဉ်းကပ်မှုနဲ့  ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြဖို့ကိုလည်း ပြောဆိုနေပြီဖြစ်ကြောင်း အဲဒီအချက်တွေဟာ လုံလောက်တယ်လို့ မဆိုနိုင်ပေမယ့် နည်းလမ်းမှန်နဲ့အစပျိုးတဲ့ အပြောင်းအလဲတွေဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက ပြောခဲ့ပါတယ်။
ဒီနေ့ကစပြီး ၃ရက်ကြာကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကလည်း လေ့လာသူအဖြစ် တက်ရောက်နေပါတယ်။

RFA

No comments:

Post a Comment