၂၀၁၅ ခုနှစ်တွင် ကျင်းပမည့်
ရွေးကောက်ပွဲအတွက် မိုးကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (NLD)
ပါတီ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် အနုပညာရှင်
ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းထားသည်ဟု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၅) ရက်ထုတ်
The Irrawaddy Weekly Journal အတွဲ(၁)၊ အမှတ် (၁)တွင် ဖော်ပြ ထားသော်လည်း
အဆိုပါ ကမ်းလှမ်းခြင်း ကိစ္စရပ်အား မသိရှိပါကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD ပါတီ) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက
ဇန်န၀ါရီလ (၇) ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြော သည်။
““အဲဒီလို ကမ်းလှမ်း ထားတယ်ဆိုတာကို
လုံးဝမသိပါဘူး။ ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း စာရင်းတောင်
မပြုစုရသေးပါဘူး။ အဲဒီသတင်းတောင် မသိပါဘူး။ မပြောတတ်ဘူး””ဟူ၍ မြန်မာ
သံတော်ဆင့်၏ မေးမြန်းချက်ကို ဦးဉာဏ်ဝင်းက ပြန်လည် ဖြေကြားခဲ့သည်။
The Irrawaddy Weekly Journal တွင်
““မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွေ နတာတွေက ရှင်းလင်းသွားမှာ
မဟုတ်ဘူး”” သတင်းခေါင်း စဉ်ဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ …ထိုရေးသားချက်များမှာ
““ကျွန်မကို မိုးကုတ်မြို့နယ်က ကမ်းလှမ်းတာ ရှိပါတယ်။ ကျွန်မစဉ်းစားတာက
ပါတီထဲမှာဝင်ပြီး လုပ်တာထက် အပြင်မှာ နိုင်သလောက် ကူတာက ပိုပြီး
ကူညီနိုင်မယ် ထင်တယ်။ ကျွန်မ ပါတီထဲ ရောက်သွားရင် ပါတီအတွက် လိုအပ်တဲ့
အရည်အချင်းတွေ ပြန်ဖြည့်ဆည်းရမယ့် အချိန်တွေရှိမယ်။ အချိန်တွေ အများကြီး
ပေးရမှာရှိမယ်။ ကျွန်မ မိသားစုကိုလည်း ပစ်မထားနိုင်သေးဘူး။ ဒါကြောင့်
အပြင်ကနေ ကူနိုင်သလောက် ကူနေတာက ကျွန်မ အတွက် ပိုပြီးလွတ်လပ်တယ်””ဟု
ထွန်းအိန္ဒြာဗိုလ်က ပြောသည်ဟု ရေးသား ပါရှိသည်။
အဆိုပါ ကိစ္စရပ်အတွက် ထွန်းအိန္ဒြာဗိုလ်၏
ဟန်းဖုန်းနံပါတ်အား ဆက်သွယ်သော်လည်း ဟောင်ကောင်သို့ သွားနေကြောင်း၊
ဇန်န၀ါရီ (၉)ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ဖုန်းကိုင်သူ
ထွန်းအိန္ဒြာဗိုလ်၏ တူမ ဖြစ်သူက ဇန်န၀ါရီ (၇)ရက်က ပြောခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD
ပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပုသိမ်မြို့နယ်) ဦးဝင်းမြင့် ကလည်း
““ကျွန်တော်တို့ မသိပါဘူး။ အဲဒီသတင်းကို ဘယ်သူက ပြောတာလဲ။ ဘယ်က ပြောတာလဲ။
၂၀၁၅ ရောက်ဖို့က ၁ နှစ်တောင် လိုသေးတယ်။ ကိုယ်စားလှယ်လောင်းတွေ ဘယ်နေရာမှ
မလျာထားသေးပါဘူး။ ဌာနချုပ်အနေနဲ့လည်း ရွေးကောက်ပွဲရက်လည်း မသိသေးဘူး။
နှစ်လည်း မသိသေးဘူး။ လလည်း မသိသေး ဘူးလေ။ အဲဒီအတွက် ဘယ်ပါတီက
ဘယ်ကိုယ်စားလှယ်လောင်း ဆိုတာ ဘယ်သူမှ မထုတ်ပြန်သေးဘူး။ လျာထားတယ်ဆို
တစ်ယောက်တည်း လျာထားလို့ မရဘူး။ တစ်နိုင်ငံလုံးမှာ ကျန်တဲ့ မြို့တွေကိုပါ
လျာထား ရမှာလေ။ ကျွန်တော်တို့မှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပဲ
ကြိုးပမ်းနေတဲ့ ကာလ၊ ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တန်းတူညီမျှရရှိဖို့၊ ပြည်ထောင်စုမူတွေနဲ့ ကိုက်ညီဖို့၊ ဖွဲ့စည်းပုံ
ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ ကျန်တာတွေ ဘာမှ
မရှိသေးပါဘူး”” ဟူ၍ ပြောသည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပါတီ) မှ ရည်ရွယ်ချက် ၃ ရပ်ဖြင့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ပြိုင်ခဲ့ရာ
မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ အဆိုပါ ရည်ရွယ်ချက် ၃ ရပ်မှာ
တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ ဖြစ်သည်။
by Myanmar Thandawsint

No comments:
Post a Comment