Saturday, January 25, 2014

SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ် ဖိုက်ဘာလိုင်း တည်ဆောက်ရန် တင်ဒါခေါ်

အင်တာနက် အသုံးပြုမှု အဆင်ပြေစေရေးအတွက် ချိတ်ဆက် သွယ်တန်းနေသော SE-ME-WE 5 မြန်နှုန်းမြင့် အင်တာနက် ဆက်ကြောင်းတွင် ဖိုက်ဘာလိုင်း တည်ဆောက်ရန် တင်ဒါခေါ်ယူထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက် ပြည်ပဆက်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ပုသိမ်-ငွေဆောင် မြေအောက် အင်တာနက် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်း၊ စက်ခန်း ပြင်ဆင်ခြင်းနှင့် ဂိုဒေါင်သစ်နှစ်လုံး တည်ဆောက်ခြင်း လုပ်ငန်းများအတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။
SE-ME-WE 5 က လောလောဆယ်မှာ ဘယ်အချိန်ပြီးမလဲ ကြိုမပြောနိုင်သေးပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်နေတဲ့အတွက် သူတို့ရေးဆွဲထားတဲ့ စီမံကိန်း အတိုင်းပဲ ဆောင်ရွက်နေပါတယ်” ဟု ရုံးချုပ်အခြေစိုက် ပြည်ပ ဆက်သွယ်ရေး စခန်းမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
ယင်းအင်တာနက် ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် လုပ်ကိုင်မည့် ပြည်ပ ဆက်သွယ်ရေးစခန်းသစ်ကို ပုသိမ်မြို့တွင် တည်ဆောက်နေပြီး မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာဒေသများ တစ်လျှောက် ဖိုက်ဘာအင်တာနက် ဆက်ကြောင်း သွယ်တန်း တပ်ဆင်မည့် စီမံကိန်း ဖြစ်သည်။
“SE-ME-WE 5 က သွယ်မယ်လို့ ပြောနေတာ ကြာနေပြီ။ အခုချိန်အထိ မပြီးသေးဘူးလား။ လက်ရှိသုံးနေတဲ့ SE-ME-WE 3 ကေဘယ်ရဲ့ သက်တမ်းက နှစ် ၂၀ ကျော်နေပြီ။ နိုင်ငံ ၃၀ ကျော်လောက်က လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ကေဘယ်ကြီးလေ။ အင်တာနက် အမြန်နှုန်း နှေးကွေးတဲ့ ပြဿနာက တိုင်းပြည်ကို အများကြီး ဒုက္ခပေးနေတဲ့ ပြဿနာပဲ။ အမြန်ဆုံး ပြေလည်အောင် လုပ်ရမှာ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက မှတ်ချက်ပြုသည်။
အဆိုပါ SE-ME-WE 5 နိုင်ငံတကာ အင်တာနက် ဆက်ကြောင်း တည်ဆောက်မှု လုပ်ငန်းများကို China Unicom ကုမ္ပဏီက ဦးစီး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံ ချိတ်ဆက် အသုံးပြုသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment