Tuesday, January 14, 2014

ဘန်ကောက် Shutdownလှုပ်ရှားမှုအတွက် လမ်းတစ်ချို့ကို ပိတ်ဆို့ထားပြီးဖြစ်

ရန်ကုန်၊ မဇ္ဈိမ။          ။ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီလ ၁၃ရက်တွင် ပြုလုပ်မည့် Bangkok Shutdown လှုပ်ရှားမှုအတွက် အစိုးရရုံးများစွာရှိသည့် နေရာများ၊ လမ်းများကို ပိတ်ဆို့ထားပြီးဖြစ်ကာ ဘန်ကောက်မြို့လယ်က MBK လမ်းဆုံကို ဇန်နဝါရီ ၁၂ရက် ညနေ ၆နာရီဝန်းကျင်မှ စတင်ကာ လမ်းတစ်ဝက် ပိတ်ထားလိုက်ပြီဟု ဘန်ကောက်မြို့တွင် နေထိုင်သော ကဗျာဆရာ ကိုကောင်းကင်ကိုက မဇ္ဈိမကို ပြောသည်။
“ဘန်ကောက်မြို့လယ်က တချို့ရုံးတွေလည်း တခြားမြို့ကို ရွှေ့သွားတာ ကြားရသလို တချို့ကလည်း ဘန်ကောက်မြို့ထဲကပဲ အခြေအနေတည်ငြိမ်လောက်မယ် ထင်တဲ့နေရာကို ရွှေ့ထားကြတယ်။ ကျွန်တော့် အမျိုးသမီးရဲ့ ရုံးဆိုရင် တနင်္လာနေ့မှာ မြို့ထဲလမ်းတွေ အကုန်နီးပါး ပိတ်မှာဖြစ်လို့ Khao Yai (ခေါက်ရိုင်)ကို အနည်းဆုံး သုံးရက်ရွှေ့ထားမယ်လို့ ပြောတယ်။ ဒီနေ့ ခေါက်ယိုင်ကို ထွက်သွားကြပါပြီ။ ခေါက်ယိုင်က ဘန်ကောက်နဲ့ မိုင် ၁၀၀လောက် ဝေးပါတယ်။ ဘန်ကောက်မှာ အခြေအနေတွေ မတည်ငြိမ်ရင်တော့ ခေါက်ယိုင်ဘက်မှာ တစ်ပတ်ကျော်လောက်အထိ ကြာသွားနိုင်တယ်လို့ ပြောပါတယ်။"ဟု ကိုကောင်းကင်ကိုက ပြောသည်။

ပိတ်ဆို့ရန် လျာထားထားသည့် နေရာ၂၀ထဲတွင် ပါသော ဘန်ကောက်မြို့လယ်က Lumpini(လုမ္ပနီ)တွင် ဇန်နဝါရီ ၁၂ရက် မွန်းလွဲ ၂နာရီလောက်အထိ ပုံမှန်အနေအထားရှိနေပြီး Ramkhamhaeng(ရမ်ခမ်ဟမ်)တွင်မူ ညနေခြောက်နာရီအထိ ခြောက်ကပ်သွားတာကလွဲပြီး အခြေအနေပုံမှန်သာ ရှိနေသည်ဟု ဆိုသည်။

ဘန်ကောက်မြို့တွင် ဇန်နဝါရီလ ၁၃ရက်၌ တစ်မြို့လုံးကို ပိတ်ဆို့ကာ ဆန္ဒပြလှုပ်ရှားသည့် Bangokok Shutdown လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ရာ ဆန္ဒပြပွဲ ခေါင်းဆောင်သည့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီက နေရာ ၂၀ကို ပိတ်ဆို့မည်ဟု ထုတ်ပြန်ထားသည်။

Uruphong ၊ Charoenpol ၊ Hua Lamphong ၊ Bang Rak ၊ Silom ၊ Sam Yan ၊ Phaya Thai ၊ Ratchathewi ၊The Victory Monument ၊ Siam Square ၊ Lat Phrao five-way intersection ၊ Din Daeng ၊ Pratunam ၊ Ratchaprasong ၊ Lumpini ၊ Klong Toey ၊ Asok ၊ Ratchadamnoen ၊ Petchaburi ၊ Yaowarat မြို့များကို ပိတ်ဆို့မည်ဖြစ်သည်။

Bangkok Shutdown လှုပ်ရှားမှုတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိလုံးခြုံရေးအတွက် သတိပြုနေထိုင်ကြရန်နှင့် ဆန္ဒပြပွဲများတွင် ပါဝင်းခြင်းမပြုလုပ်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၆ရက်က သတိပေး တိုက်တွန်းထားပြီး မြန်မာအလုပ်သမားရေး ဝန်ကြီးဌာနကလည်း ထိုင်းရောက် မြန်မာအလုပ်သမားများကို အလုပ်ရှင်များက ဆန္ဒပြပွဲတွင် ပါဝင်ရန် တွန်းအားပေးမှု မပြုလုပ်ရန် ဝန်ကြီးဌာနချင်း တောင်းဆိုမှုများ ပြုလုပ်ထားသည်။

by Mizzima

No comments:

Post a Comment