ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားတဲ့
ပုဒ်မ ၅၉ (စ)ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး အဖြေမထွက်ခဲ့တာကြောင့် ပါတီဥက္ကဌ
သူရဦးရွှေမန်းက အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး လုပ်သွားမယ်လို့
အာဏာရပါတီက ဇန်နဝါရီ ၁၂ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်လိုတဲ့ ပါတီတွင်းက ဒုတိယအုပ်စုနဲ့
မပြင်ဆင်လိုတဲ့ ပထမအုပ်စုရှိနေတာကြောင့် ယတိပြတ်မဆုံးဖြတ်သေးဘူးလို့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်သိမ်းက ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး
အသေးစိတ်ဆွေးနွေးခဲ့သလို ဖွဲ့စည်းပုံမှာ ထပ်မံထည့်သွင်းသွားရှိပြီး
ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်အပေါ် သုံးသပ်ခဲ့တဲ့ အချက်ပေါင်း
၂၅ချက်ရှိတယ်လို့ ရန်ကုန်တိုင်းပါတီလူငယ်အဖွဲ့နဲ့ တွေ့ဆုံပွဲနဲ့
တာဝန်ပေးအပ်တဲ့အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
သမ္မတအရည်အချင်းသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ပါတီရဲ့ဆွေးနွေးချက်ထဲမှာ
သားသမီးမှာပြဿနာရှိရင် မိဘပါ ထိခိုက်နိုင်တာကြောင့် ဝန်ထမ်းနယ်ပယ်မှာ
သားသမီးကြောင့် အလုပ်ပြုတ်တဲ့သူတွေ အများကြီးရှိခဲ့ပြီး မြန်မာမှုနယ်ပယ်ထဲ
ဒီလိုအတွေးအခေါ်တွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုမှာ ပါဝင်ခဲ့တာကြောင့်
နိုင်ငံရေးနယ်ပယ်ထဲမှာ လိုအပ်တာကြောင့်
ဖွဲ့စည်းပုံထဲထည့်သွင်းထားတာဖြစ်ပြီး တပ်မတော်ရဲ့အခန်းကဏ္ဍ အချို့နေရာတွေမှာ
ကျန်နေဦးမယ်လို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီရုံးပ်မှာ
ပြောဆိုခဲ့ပါတယ်။
by Kamayut Media

No comments:
Post a Comment