Monday, February 3, 2014

ငြိမ်းချမ်းရေးအပါအဝင် ခေါင်းစဉ်လေးခု အာဆီယံလူထုဖိုရမ်တွင် ဆွေးနွေးမည်

လာမည့် မတ်လတွင် ကျင်းပမည့် အာဆီယံ လူထုဖိုရမ် (Asean People Forum)တွင် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေး၊ တရားမျှတရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် အာဆီယံလူထု သွေးစည်း မြင့်မား
စေရေးခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဟု မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ခံ အာဆီယံလူထုဖိုရမ် ဘဏ္ဍာရေး
ကော်မတီအဖွဲ့ဝင် မခင်ဥမ္မာက ပြောသည်။

အဆိုပါ ဖိုရမ်ကို မတ်လ ၂၁၊ ၂၂၊ ၂၃ရက်တို့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ သုံးရက်တိုင် ကျင်းပမည်ဖြစ်ပြီး
ခေါင်းစဉ်ခွဲ လေးခုဖြင့် ဆွေးနွေးမည်ဖြစ်သည်။ ဖိုရမ်ကို မြန်မာနိုင်ငံက လူအင်အား ၇ဝဝ ခန့်နှင့် အခြားအာဆီယံ နိုင်ငံက လူအင်အား ၅ဝဝ ခန့် တက်ရောက်ရန် ခန့်မှန်းထားသည်ဟု မခင်ဥမ္မာက ဆိုသည်။
“အဓိက နယ်ကလူတွေကို လာပြီးဆွေးနွေးစေချင်တယ်။ တစ်ချို့ကျတော့ သိပြီး ငွေရေးကြေးရေး အခက်အခဲရှိလို့ မလာနိုင်တဲ့ လူတွေကို ကျွန်မတို့ ဘက်က နေစရာနေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းလို နေရာမျိုးတွေမှာ စီစဉ်ပေးဖို့ ဆောင်ရွက်နေပါတယ်” ဟုပြောသည်။
ဖိုရမ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ခေါင်းစဉ်
လေးခုကို ဆွေးနွေးမည် ဖြစ်သည်။ အဆိုပါ ခေါင်းစဉ်လေးခုကို မိမိတို့ သက်ဆိုင်ရာ အုပ်စုများနှင့် ဆွေးနွေးပြီး နောက်ဆုံးနေ့ တွင် ဆွေးနွေးမှုများ၏ အကြံပြုချက်များကို ထုတ်ပြန်မည်ဖြစ်သည်။
“ဆွေးနွေးပွဲမှာ အမျိုးသမီး အဖွဲ့အစည်းတွေလည်း လာမယ်။ သဘာဝ ပတ်ဝန်းကျင်က စသဖြင့်ပေါ့။ အဲလိုမျိုး လုပ်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံက အခုလို တံခါးဖွင့်တဲ့အချိန်မှာ အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့ အားကို ကောင်းအောင်လုပ်နိုင်ရင် ကျွန်မတို့ရဲ့
ပြုပြင်ပြောင်းလဲရေးက လမ်းကြောင်းမှန်မယ်။ လမ်းကြောင်းမှန်တဲ့ နေရာကိုရောက်ဖို့ အရပ်ဖက်အဖွဲ့ အစည်းတွေရဲ့ လွတ်လပ်တဲ့ အသံ၊ လွတ်လပ်တဲ့နေရာလိုတယ်” ဟု မခင်ဥမ္မာကပြောသည်။
အာဆီယံ လူထုဖိုရမ် တက်ရောက်မည့် သူများသည် ကြိုတင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းက ဆိုပါက
ဒေါ်လာ၂ဝဝ၊ INGO အဖွဲ့ အစည်းမှဆိုပါက ဒေါ်လာ ၁၅ဝ၊ အာဆီယံ (၁ဝ) နိုင်ငံထဲတွင် မိမိနိုင်ငံက အဖွဲ့အစည်းများကတစ်ယောက် လျှင် အမေရိကန်ဒေါ်လာ ၃ဝ ပေးရမည်ဖြစ်သည်။ ကျောင်းသား လူငယ်များအတွက် တစ်ယောက်လျှင် ၃ ဒေါ်လာပေးရမည်ဖြစ်ပြီး အဆိုပါဖိုရမ်ကို ဝိုင်းဝန်းလုပ်အားပေးမည့် စေတနာ့ ဝန်ထမ်းများအတွက်မူ ဝင်ကြေး အခမဲ့ဖြစ်သည်ဟု အာဆီယံလူထုဖိုရမ် ဘဏ္ဍာရေးကော်မတီအဖွဲ့က သိရသည်။

 Mizzima

No comments:

Post a Comment