မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ်
လက်ခံကျင်းပခဲ့သည့်(၇)ကြိမ်မြောက် ပါရာဂိမ်း ပြိုင်ပွဲမှာ အမျိုးသမီး
ထိုင်လျက် ဘောလီဘောပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းက ဒုတိယ ငွေတံဆိပ်
ရရှိသည်ဟု ပြောသော်လည်း ဆုကြေးငွေမှာ သုံးသိန်း မဟုတ်ဘဲ တစ်သိန်းသာ
ရရှိခဲ့သည့်အတွက် အားကစား ပြိုင်ပွဲဝင် အနေဖြင့် ဂုဏ်ပြုရမည်လား
ဒုတိယဆုရသူအဖြစ် ဂုဏ်ပြုရမည်လားဟု ဂုဏ်ပြုမည့် သူများက မေးမြန်း နေသဖြင့်
မည်သို့ ပြောရမည်မှန်းမသိ ဖြစ်နေကြောင်း ပြိုင်ပွဲဝင် အမျိုးသမီး
မချမ်းမြေ့သူက မြန်မာသံတော်ဆင့် သို့ ပြောသည်။
၎င်းက ““သမီးနာမည်က မချမ်းမြေ့သူပါ။ ဒီကစားနည်းကို ခုမှပဲ ကစားဖူးတာ။ ၂၀၁၃
(၆)လ ပိုင်း လောက်ကတည်းက လေ့ကျင့်ခဲ့ရတာပါ။ အင်ဒိုနီးရှားအသင်းနဲ့
သမီးတို့အသင်း သုံးရက်ဆက် ကစားရတယ်။ သုံးရက်လုံး သမီးတို့ မြန်မာအသင်းက
အင်ဒိုကို ရှုံးတယ်။ ၂၀-၁-၁၄ ရက်နေ့ သုဝဏ္ဏကွင်းမှာ ဆုချီးမြှင့်တော့ ပထမ
ငါးသောင်းပဲပေးတယ်။ ပြိုင်ပွဲဝင် အားလုံးက မကျေနပ်ဘူး၊ အားကစားဆိုရင်
နောက်စိတ်မ၀င်စား တော့ဘူးလို့ အားလုံးက ပြောမှပဲ နောက်ထပ်
ငါးသောင်းထပ်ပြီး၊ တစ်သိန်းဖြစ်သွားတယ်။ ဘာဖြစ်လို့ ၃ သိန်းမရတာလဲလို့
အားလုံးက ၀ိုင်းမေးတော့ ဒုတိယဆုက အစစ်မဟုတ်ဘူးတဲ့ … ဒါကြောင့် တစ်သိန်း
ရတာလို့ ပြောတယ်။ အဲဒီတော့ သမီးတို့က ရတဲ့ငွေတံဆိပ်ဆုကို ပြန်အပ်ရမလား
မသိဘူး။ ဂုဏ်ပြုမယ့် သူတွေကလည်း ဒုတိယဆုကို ဂုဏ်ပြုရမှာလား။ ဒါမှမဟုတ်
ပြိုင်ပွဲဝင် အားကစားသမားအနေနဲ့ ဂုဏ်ပြုရမှာလားလို့ မေးနေတယ်။ သမီးလည်း
ဘာပြောရမှန်း မသိဘူး။ သြော် ဆုကြေးငွေ စုစုပေါင်း သုံးသိန်းနီးပါး ရပါတယ်””
ဟုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသန်စွမ်း အားကစားအဖွဲ့ချုပ် အထွေထွေ
အတွင်းရေးမှူး ဦးပီတာက ““အားကစား ပြိုင်ပွဲတစ်ခုမှာ အနည်းဆုံး
သုံးသင်းရှိရပါတယ်။ ဒါပေမဲ့ အင်ဒိုနဲ့မြန်မာ နှစ်သင်းသာ ရှိတဲ့အတွက် တကယ်
ဒုတိယရတာ မဟုတ်ပါဘူး။ ဒါကြောင့် သုံးသိန်း မချီးမြှင့်ဘဲ တစ်သိန်းသာ
ချီးမြှင့်တာပါ။ ဒါကလည်း အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ
ဆုချီးမြှင့်တာပါ။ သတင်းစာမှာ တရားဝင် ရေးသားထားတယ်ဆို တာကတော့
ကျွန်တော်တို့ကို ဘာမှ မမေးဘဲ ရေးလိုက်တာပါ””ဟုပြောသည်။
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်တွင် မလေးရှားနိုင်ငံ၌
ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး (၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်း
အားကစားပြိုင်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ
အင်ဒိုနီးရှားနိုင်ငံက ရွှေတံဆိပ်(၉၉)ခုဖြင့် ပထမ၊ ထိုင်းနိုင်ငံ ရွှေတံဆိပ်
၉၆ ခုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၀ဖြင့် တတိယ၊
ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၄၈ ခုဖြင့် စတုတ္ထ၊ မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၄
ခုဖြင့် ပဉ္စမရရှိခဲ့သည်။
Myanmartandawsint Newspaper

No comments:
Post a Comment