မော်ဒယ်မြင့်ကား အမျိုးအစားပေါင်းစုံ ဈေးကွက်အတွင်းသို့
ဝင်ရောက်လာသော်လည်း ပြုပြင်မှုပိုင်းဆိုင် ရာ ကျွမ်းကျင်ပညာရှင်
ရှားပါးနေသောကြောင့် ကားပြင်ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်
ပေးစေလိုကြောင်း မော်ဒယ်မြင့်ကားပိုင်ရှင်များနှင့်
ကားဝပ်ရှော့လုပ်ကိုင်သူများက ဆိုသည်။
“အခုလို ကားအမျိုးအစားမျိုးစုံ၊ မော်ဒယ်စုံဝင်လာတာနဲ့အမျှ
ကားအင်ဂျင်နီယာဆိုတာမျိုး လိုအပ်လာ တယ်။ လက်ရှိ ပြည်တွင်းမှာက
ဘိုးစဉ်ဘောင်ဆက် ထော်လာဂျီပြင်တာကနေ တဖြည်းဖြည်း အဆင့်
တက်လာတဲ့ကားဝပ်ရှော့တွေ များတယ်။ ကားနဲ့ပတ်သက်လို့
တကယ်ကျွမ်းကျင်တယ်ဆိုပြီးCertificate (ကျွမ်းကျင်ပညာရှင်လက်မှတ်) လိုမျိုး၊
Diploma(ဒီပလိုမာ)လိုမျိုး၊ ဘွဲ့လိုမျိုးတွေနဲ့ စနစ်တကျ သင်လာ တဲ့သူက
နိုင်ငံတွင်းမှာ လက်ချိုးရေလို့ရတယ်”ဟု မန္တလေးမြို့ရှိ
ကားပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ကို နေမျိုးက ပြောသည်။
နိုင်ငံတကာတွင် သက်ဆိုင်ရာ ကားကုမ္ပဏီကြီးများက ၎င်းတို့ကုမ္ပဏီမှ
ကျွမ်းကျင်ကားအင်ဂျင်နီယာများအား နှစ်စဉ် သင်ကြားပေးသည့်အပြင် ပြင်ပသင်တန်း
ဒီပလိုမာများ၊ ဘွဲ့များပါ တရားဝင်ပေးအပ်ခြင်း စသည်ဖြင့် လူငယ်များအား
ပျိုးထောင်ပေးနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ ဖြစ်လာစေရန်
မျှော်လင့်ကာ ယခုကဲ့သို့ ကားပြင်ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးမည့်
သင်တန်းများကို တောင်း ဆိုလာခြင်းဖြစ်သည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ကားတင်သွင်းခွင့်နှင့်ပတ်သက်၍
သက်ဆိုင်ရာက ဖြေလျှော့မှုများ ပေးခဲ့ပြီးနောက်ပိုင်း ကားတင်သွင်းမှုများ
သိသာစွာမြင့် တက်လာခဲ့ရာ ၂၀၀၈ အထက် မော်ဒယ်မြင့်ကား များကိုပါ
တင်သွင်းလာခြင်းကြောင့် ယခုကဲ့သို့သော နိုင်ငံတကာအသိအမှတ်ပြု
ကားပြင်ကျွမ်းကျင် ပညာရှင်များ ပိုမိုလိုအပ်လာခြင်းဖြစ်သည်။
“အဲဒီလောက်ကြီး ဘွဲ့တွေဘာတွေ ရထားတဲ့သူတွေ ဦးစီးတဲ့ ကားဝပ်ရှော့တွေ
ရှိတယ်။ ဒါပေမဲ့ ဈေး တွေက နည်းနည်း ပိုမြင့်တာကို တွေ့ရတယ်။ ဆင်ဖိုးထက်
ချွန်းဖိုးကြီး ဆိုတာမျိုးပေါ့။ သာမန်ဝပ်ရှော့ တွေကျတော့ ဈေးနှုန်းက
သင့်တင့်တယ်။ ဒါပေမဲ့ ပြင်ပြီးလို့ စိတ်ချရတဲ့အပိုင်းပေါ့။ အဲဒါတွေကို
ကားပြင် တဲ့သူတွေ သေချာချင့်ချိန်မှ ရမယ်”ဟု မော်တော်ယာဉ်
တင်သွင်းရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်းကားဈေးကွက်တွင် ဈေးနှုန်းမြင့်ကားများအဖြစ် Ford, Mercedes,
Mitsubishi, Ferrari, Hummer ကဲ့သို့သော ကျပ်သိန်း ၈၀၀ ၀န်းကျင်မှ
ကျပ်သိန်း ၅,၀၀၀ ၀န်းကျင်အထိ ကားများရှိပြီး ၀ယ် သူနည်းသော်လည်း
အရောင်းအ၀ယ်ရှိကြောင်း ကားပွဲစားများက ပြောသည်။
“အမြင့်ကားတွေထဲမှာဆိုရင် လေအိတ်ပါသလား။ အဲကွန်းကောင်းလား။ စပီကာကောင်းလား။
ပြီးတော့ ရေခဲသေတ္တာ၊ တီဗွီ စတဲ့ facility များတဲ့ ကားတွေကို
ကြည့်ကြတာများတယ်။ ငွေတတ်နိုင်ရင်တော့ ဒီလိုကားတွေက ကောင်းတာပေါ့။ ဒါပေမဲ့
သုံးနေတဲ့အချိန် ပျက်ရင်ပြင်တဲ့နေရာက စိတ်ချရဖို့လည်း လို တယ်”ဟု
ချမ်းမြရွှေပြည်ကားဝင်းမှ ကားပွဲစား ဦးမောင်မောင်မျိုးမြင့်က ပြောသည်။
Mizzima
No comments:
Post a Comment