Saturday, February 8, 2014

နိုင်ငံခြားအရက်များ ပြန်လည်တင်သွင်းခွင့်ပြုမည်

ပြည်ပမှ ယစ်မျိုးများတင်သွင်းခွင့်ပေးရာတွင် အရက်နှင့်ဝိုင်ကိုသာ တင်သွင်းခွင့်ပေးသွားရန်ရှိပြီး ဘီယာနှင့် စီးကရက်ကိုမူ တင်သွင်းခွင့်ပေးရန် အစီအစဉ်မရှိသေးကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြည်တွင်းသို့ အရက်၊ ၀ိုင်တင်သွင်းခွင့် ပေးရန် အဆင့်သုံးဆင့်ကို တစ်ပြိုင်တည်းဆောင်ရွက်မှုများပြုလုပ် နေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်းတင်သွင်းခွင့်ပေးနိုင်ရန် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိကြောင်း ဦးမင်းမင်းကဆက်လက်ပြောကြားသည်။

ဦးမင်းမင်းက “ဘီယာနဲ့စီးကရက်က လုံးဝမဖြစ်နိုင်ဘူး၊ ဘီယာကိုလာရောက် ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် တော့ လုပ်ခွင့်ပေးတယ်။ တင်သွင်းခွင့်တော့မပေးဘူး၊ မြန်မာပြည်မှာလဲ ထုတ်လုပ်မှုရှိတယ်။စီးကရက်က တာ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေရှိလို့ တင်သွင်းခွင့်မပေးဘူး” ဟု ပြောသည်။
ယင်းသို့ အရက်နှင့်ဝိုင်ကို တင်သွင်းခွင့်ပေးမည်ဆိုသော်လည်း အရည်အသွေးနိမ့်၍ ဈေးချိုချိုနှင့် ၀င် ရောက်လာခြင်းများကြောင့် ပြည်တွင်းသုံးစွဲသူများ ကျန်းမာရေးထိခိုက်မှုများ မရှိစေရန်နှင့် ပြည်တွင်း၌ ထုတ်လုပ်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ ထိခိုက်မှုမရှိစေရန် ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ပြီး အခွန်များ အလွန်အကျွံမဖြစ်ရန်လည်း ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးနေကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
အရက်နှင့်ဝိုင်ကို ပြည်တွင်းရှိ ဟိုတယ်ဈေးကွက်တစ်ခုတည်းအတွက်သာမကဘဲ သုံးစွဲသူများအတွက်ပါ ရည်ရွယ်၍ တင်သွင်းခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမင်းမင်းက ဆိုသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးအောင်မျိုးလွင်က “အခွန်လျှော့ဖို့ထက် အရည်အသွေးကောင်းဖို့က အရေး ကြီးပါတယ်။အရည်အသွေးကောင်းတဲ့ အရက်တွေပဲ မြန်မာပြည်တွင်းကိုဝင်လာဖို့ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးသင့်ပါတယ်။ ဘီယာကိုလဲ ပေးသွင်းသင့် ပါတယ်။ဘီယာတွေများလာတော့ စားသုံးသူတွေအနေနဲ့ ပိုပြီးရွေးချယ်ခွင့်ရလာနိုင်ပါတယ်” ဟု ပြော သည်။

Mizzima

No comments:

Post a Comment