စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့တို့တွင်
ဒေသခံများ လုပ်ကိုင်စားသောက်နေ ရသော ဒုတ္ထာကွင်း နေရာကို ဖေဖော်ဝါရီ
၂၂ရက်တွင် စက်ကြီးများဖြင့် ထိုးပြီး ဖယ်ရှားကာ လုပ်ကွက်တွင်
နေထိုင်သူများအား ဝမ်ပေါင်ကုမ္ပဏီက ဖယ်ရှားခဲ့သည်ဟု ဆားလင်းကြီးမြို့နယ်
အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိန်က မဇ္ဈိမ ကိုပြောသည်။
"ဒီဒုတ္ထာကွင်းက ရွာရဲ့အသက်သွေးပဲ။ ဒါကိုပဲလုပ်စားနေရတယ်။
အခုဒါကိုဖယ်တယ်ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေကို ဒုက္ခတွင်းထဲ
တွန်းပို့နေသလိုပဲ။ ဒုတ္ထာမှ လုပ်မစားရတော့ရင် ဘာလုပ်စားရတော့မှာလဲ။
အခုလိုလုပ်တာကို ကျွန်တော်တို့ အထောက်ကူပြုအဖွဲ့တွေကို
အသိမပေးဘဲလုပ်နေတာပါ။ အခုလိုလုပ်တာ ဘယ်လိုမှနားမလည်ဘူး။ ဒါတွေကိုဖျက်မယ်။
ဖယ်မယ်ဆိုရင် နစ်နာကြေးနဲ့ စိုက်ပျိုးဖို့ အစားပြန်ပေးမှ ရမှာပါ။
ဒီလိုမှမလုပ်ဘူးဆိုရင်တော့ ဒေသခံတွေ ပြဿနာဖြစ်ဖို့ပဲ ရှိတော့တယ်"ဟု
ဦးမြင့်စိန်က ပြောသည်။
ထိုဒုတ္ထာကွင်းများသည် စံပယ်တောင်နှင့် ကြေးစင်တောင် တို့မှ
စွန့်ပစ်မြေများအောက်သို့ ရောက်သွား၍ လယ်ယာမြေဧက ၂,ဝဝဝခန့်
စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့ပြီး နစ်နာကြေးများမရသည့် အပြင် မြေအစားလည်း
မရကြောင်း၊စိုက်ပျိုးမြေများ ပျက်စီး သွားသဖြင့် ဒေသခံများမှာ
စွန့်ပစ်မြေများဖြင့် ဒုတ္ထာချက်ခြင်းနှင့် ကြေးချက်ခြင်းများလုပ်ကိုင်၍
အသက်မွေးနေကြရသည်။ ဖယ်ရှားနေသောနေရာသည် မုံရွာ-ပုသိမ်လမ်းဘေးတွင် ရှိပြီး
အဆိုပါဒုတ္ထာကွင်းတွင် ကြေးဒုတ္ထာလုပ်သူ ဦးရေ ၃ဝဝ ကျော် ရှိသည်ဟု ဆိုသည်။
ဒေသခံများသည် စုပေါင်းလက်မှတ်ထိုး၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
စုံစမ်းစစ်ဆေးရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်သို့ ဖေဖော်ဝါရီလ
၂၆ ရက်က တိုင်ကြားစာများပို့လိုက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်မပေးပါက
ကံကုန်းရွာနှင့် ဒုန်းတောရွာတို့က သပိတ်စခန်းဖွင့် တောင်းဆိုသွားမည်ဟု
ဦးမြင့်စိန်က ပြောသည်။
ဒေသခံများလုပ်ကိုင် စားသောက်နေသော ဒုတ္ထာကွင်းများကို ဝင်ရောက်ဖယ်ရှား
ရှင်းလင်းရာတွင် ဒေသခံပြည်သူများနှင့် ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ
ဆောင်ရွက်နေခြင်းသည် ဝမ်ပေါင် ကုမ္ပဏီက ဒေသခံများကို စိန်ခေါ်သကဲ့သို့
ဖြစ်နေသည်ဟု ဒေသခံ များက ဆိုသည်။
Mizzima
No comments:
Post a Comment