စူးရှပြင်းထန်သည့် နေရောင်အောက်တွင် ရိတ်သိမ်းပြီးသော
လယ်ကွင်းပြင်များသည် ခြောက်သွေ့ကာ မာကြောနေကြသည်။ ထိုလယ်ကွင်းပြင်များတွင်
ဟိုတစ်စု သည်တစ်စု စားကျက်လှန်ထားသည့် နွား များ၊ ဆိတ်များ။ ဖရဲခင်း
အချို့မှလွဲ၍ မြင် မြင်သမျှ အားလုံးသည် အဝါရောင်များသာ ဖြစ်၏။ နွားလှည်း
တစ်စီးတလေနှင့်အတူ ဖုန်လုံးကြီးများကလည်း ထုလိုက် ထည်လိုက်
အားနှင့်မာန်နှင့် လှည်းနောက်မှ အပြေး ကလေး လိုက်လာကြသည်။ ထိုမှလွဲ၍ ရွာ
ကလေးသည် တိတ်ဆိတ်နေလေသည်။ ချူသံတချွင် ချွင်ပေးကာ ဖုန်ထူထူ
လမ်းကြမ်းကြမ်းတွင် မှန်မှန်လေး မောင်းနှင်လာသည့် မြင်းလှည်းလေးတစ်စီး ထို
ရွာသို့ ချိုးကွေ့ဝင်သွားသည့်အခါတွင်ကား တိတ်ဆိတ်နေသော ရွာကလေးသည် အသက်
ဝင်လာတော့ သည်။
“ဟယ်လို .... ဟယ်လိုး”ဟု တစ်ကြော်ကြော်အော်လျက် မြင်းလှည်းလေးနောက်မှ အလုအယက် ပြေးလိုက်လာကြသည့် ကြီး ကြီး၊ လတ်လတ်၊ သေးသေး အရွယ်စုံဆိုက်စုံ မြောက်မြားလှစွာသော ကလေးများ။ အချို့က ကိုယ်တစ် ပိုင်းသာ အဝတ်အစားပါသည်။ အချို့က အဝတ်လုံးလုံး မပါ။ အချို့ကလေးကြီးက အဝတ်မပါသည့် ကလေးငယ်တွေကို ခါးထစ်ခွင်ထားသည်။ အားလုံး တူညီနေသည်ကတော့ မည်သည့် ကလေးတွင်မျှ ဖိနပ် မပါကြ။ အနှီရွာလေးသည် ရခိုင်ပြည်နယ်တွင်းတွင် တည်ရှိလေသည်။ မြောက်ဦး မြို့အနီး ငါးမိုင်ဝန်းကျင် အကွာ လောက်က ရွာလေးတစ်ရွာဟုသာ ဆိုကြပါစို့။
“ကျုပ်မှာ လယ်ယာမြေတွေ ရှိပါတယ်” ခုတော့ တပ်ကသိမ်းသွားတယ်။ ကျုပ်လည်း အလုပ်မရှိတော့ဘူး ...။ တစ်နေ့တစ်ခါ မြို့တက်ပြီး ရရာအလုပ် လုပ်နေရတယ်။ သက်လတ်ပိုင်းအရွယ် လူတစ်ဦး၏ မချိတင် ကဲ ရင်ဖွင့်သံတချို့ပင် ဖြစ်သည်။ သူ့ မိဘဘိုးဘွားများ လက်ထက်ကတည်းက ဒိုးတူပေါင်ဖက် လုပ်ကိုင် ခဲ့သည့် လယ်က လေးသည် မှော်ဆရာမန်းမှုတ်လိုက်သလို မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ လယ်မြေရှိသူများကလည်း ရာသီဥတုဖောက်ပြန်သဖြင့် သီးနှံထွက် မကောင်းသလို ဈေး ကောင်းလည်း မရကြဟု ဆိုသည်။ အဆိုပါရွာလေးသို့ လာသည့် လမ်းတစ်လျှောက်တွင် တပ်ကသိမ်း ထားသည်ဆိုသည့် တပ်ပိုင်မြေများ၊ ရထားလမ်း ဖောက်လုပ်နေသည့် စီမံကိန်းများကို တွေ့ ခဲ့ရပါသည်။
“ကျွန်တော်တို့ ဆင်းရဲတာကတော့ ဘိုးဘွားတွေ လက်ထက်ကတည်းကပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ဆင်း ရဲပေမယ့် လုပ်စရာ လယ်အလုပ် ရှိသေးတယ်။ ခုဆိုရင် တခြားအလုပ်လည်း ကျွမ်းကျွမ်းကျင်ကျင် မလုပ် တတ်တော့ အလုပ်ရှားတယ်။ ငါး ရာပဲရရ တစ်ထောင်ပဲရရ ကြုံရာလုပ်ရတာပါပဲ။ စားဝတ်နေရေးက ရှိ သေးတယ်လေ” နေ့စဉ်မြို့တက် အလုပ်ရှာကာ ရရာအလုပ် လုပ်နေသည့် လူရွယ်တစ်ဦးက သူ့လက်ရှိ အခြေအနေကို ပြောပြသည်။ သူက ရွာ နှင့်ငါးမိုင်ခန့်ဝေးသည့်မြို့သို့ နေ့စဉ် လမ်းလျှောက်သွားသည်။ အကယ်၍ လိုင်းကား ဖြင့်သွားမိပါက ကျပ် ၂ဝဝ အပို ကုန်သွား လိမ့်မည်။ ထိုနေ့အဖို့ အလုပ်ရရန်က မသေ ချာသေး။ ထို့ကြောင့်လည်း အသွားအပြန် ဆယ်မိုင်အကွာအဝေးကို နေ့စဉ် လမ်းလျှောက်ပြီး သွားသည်။ တစ်ခါတစ်ရံ အသိအကျွမ်းနှင့်ဆုံလျှင် လမ်းကြုံ ကားစီးသွား နိုင်သည်။
“ကျွန်တော် ဆယ်တန်းထိ ကျောင်းနေဖူးပါတယ်။ ရန်ကုန်မှာ အလုပ်ပေါတယ် ကြားတယ်။ အဲဒီမှာ သွားအလုပ်လုပ်ရရင်
ကောင်းမှာ။ ကျွန်တော့် ဆွေမျိုးတွေ အဲဒီ မှာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမှာထက်စာ ရင် အလုပ်တစ်ခုတော့ရမယ် ထင်တယ်” အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက အိမ်တွင်ဟင်းစားရရန်အတွက် ရွာအနီးရှိရေကန်တွင် ကွန်ပစ် ရင်း သူ့ထင်မြင်ချက် ကိုပြောခြင်း ဖြစ်သည်။ ရန်ကုန်ကို စိတ်မှန်းဖြင့်သာ အိပ်မက်နေရပြီး တစ်ခါမှ မရောက်ဖူးဘူးဟုလည်း ဆိုသည်။ သူ ရန်ကုန် သွားဖို့ အိပ်မက်မက်နေခဲ့သည်မှာ ကြာခဲ့ပြီလည်း ဖြစ် သည်။ ရန်ကုန်သွားရန် လမ်းစရိတ်ရှာရင်းနှင့်ပင် စားဝတ်နေရေးအတွက် လုံးပန်းနေခဲ့ရသည်။ လက်တွေ့ တွင်တော့ သူသည်သူ့ကွန်တွင် ကပ်ငြိပါလာသည့်ဒိုက်များ၊ အမှိုက်သရိုက်များကြားထဲမှ ငါးနီတူ ငါးသေး သေးလေးများကို တစ်ကောင်ချင်းယူကာ ခါးမှာ ချိတ်ထားသည့် ပလိုင်းထဲသို့ ကျွမ်းကျင်စွာ ပစ်ထည့်နေသည်။
“ကံကောင်းတယ်ပဲ ပြောရမလားတော့ မသိဘူး။ ဒီလိုနေရာမှာနေကြတဲ့ ကလေးတွေမှာ သွေးလွန်တုပ် ကွေးတို့၊ ရာသီဥတု
ပြောင်းလို့ ဖျားနာတာတို့မရှိဘူးဗျ။ တော်တော် အကြမ်းခံတယ်လို့ ပြောရမှာပေါ့” မြောက်ဦးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လူလတ်ပိုင်း အရွယ် ရခိုင်အမျိုးသားတစ်ဦး က သုံးသပ်ပြသည်။ သွေးလွန်တုပ်ကွေး ဖြစ် စေသည့် ဗိုင်းရပ်စ်ပိုးကို သယ်ဆောင် သည့် ခြင်သည် ရေကောင်းရေသန့်တွင် သာ ပေါက်ဖွားလေ့ရှိပြီး တစ်ကိုယ်ရည် သန့်ရှင်းမှုရှိ သည့်ကလေးများကိုသာ ရွေးကိုက်
လေ့ ရှိသော ကြောင့်သာ ထိုဒေသမှ အဝတ်အစားမပါ နေပူပူဖုန်ထူထူထဲ လျှောက်သွားနေသော နေစော်နံစော်နေ သည့် အထက်ဖော်ပြပါ အကြမ်းပတမ်းခံသည့် ကလေးများ သက်သာရာရကြရသည်။ ရာသီဥတု ဒဏ်ကို ကောင်းကောင်းခံနိုင်ရန်
မွေးကတည်းက ကျင့်သားရလာပြီးဖြစ်၍ တော်ရုံ ဖျားနာသည်လည်း မရှိကြဟု ဆိုသည်။ သို့သော် တစ်ခါတစ်ရံ အဖျားဝင်သည့် အခါတွင်ကား ဆေးရုံကိုသာ တန်းပြေးပေတော့။
ဆေးမီလျှင်လည်း အသက်ဆက်ရှင်ကြ။ မမီလျှင်လည်း အသက်ဆုံးရှုံးသည်မှ တစ်ပါး ဘာမှ မတတ်နိုင် ကြတော့။ တကယ်တမ်း ထိုနေရာဝန်းကျင်တွင် ခြိမ်းခြောက်နေသည်က ငှက်ဖျားနှင့် ဆင်ခြေထောက် ရောဂါပင် ဖြစ်လေသည်။
“ဟိုးမှာမြင်ရတဲ့တောထဲကို သွားကြတဲ့သူတွေက ငှက်ဖျားရောဂါပိုးကို သယ်လာတတ်ကြတယ်။ တော ထဲမှာ ညအိပ်ညနေ
နေရတော့ သူတို့မှာ ဖြစ်ဖို့အခွင့်အလမ်း ပိုများသွားတာပေါ့” အဆိုပါ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်အမျိုးသားက ထိုဒေသကို ခြိမ်းခြောက်နေသည့် ရောဂါများအကြောင်း ကို ပြောသည်။ အနှီရွာကလေးမှ ရွာသူရွာသားအချို့က ရခိုင်ရိုးမစပ်ရှိ သစ်တောများ ဆီသို့ သွားကာ ထင်းခုတ်၊ မီးသွေးဖုတ်စသည့် အလုပ်များကို အခစား သွားရောက် လုပ်ကိုင်ကြသည်များ ရှိသည်။
မိသားစုအားလုံးနီးပါးတွင် လုပ်နိုင်ကိုင်နိုင်သည့်အရွယ်များ ရရာအလုပ် လုပ်ကြသည်။ ထို့ပြင် နေ့စဉ်နှင့် အမျှ ရုန်းကန်နေရသည့် ဘဝများ ဖြစ်သည့်အတွက် သားသမီးပညာရေးကိုလည်း ဂရုမစိုက်နိုင်ကြတော့။ “ရွာတွေက အရမ်းချို့တဲ့တော့ ဆရာတွေလည်း မလာချင်ကြဘူး ထင်ပါတယ်။ အစိုးရကတော့ လွှတ် တယ် ပြောတယ်။ ဒါပေမဲ့ ရောက်မလာကြဘူးပေါ့လေ။ တချို့ ရွာတွေ ကတော့ စုပြီး ဆရာ ဆရာမတွေ ကို ထောက်ပံ့ပေးကြပါတယ်” ခရီးသွားဧည့်သည် အများအပြား လာရောက်ရာ ရခိုင်ပြည်နယ်၊
မြောက်ဦးမြို့ရှိ နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးက မှတ်ချက်ပေးခြင်း ဖြစ်သည်။
အများအားဖြင့် အဆိုပါ ကျောင်းများတွင် ထိုမြို့နယ်အတွင်းမှ အထက်တန်း အောင်ထားသည့် ကျောင်း သူကျောင်းသားများ၊ စာသင်သည်ကို ဝါသနာပါသူများ၊ စေတနာရှင်များက လုပ်အားပေးအဖြစ် သွား ရောက်သင်ကြား ပြသပေးနေရသည်။ ထိုသို့သော ကျေးရွာများရှိ ကလေးအချို့မှာ ပညာရည် ထူးချွန် သော်လည်း ပညာဆက်လက် မသင်ကြားနိုင်သဖြင့် ပညာတစ်ပိုင်းတစ်စဖြင့်ပင် ရွာရှိကျောင်းတွင် စာ ပြန်ပြပေးရင်း အလုပ်လုပ်နေကြရသည်။
ဆင်းရဲခြင်းဟူသည့် တွင်းနက်နက်က ထိုမျှနှင့် မရပ်သေးပါ။ “လူတစ်ယောက်သေလို့ မြေချဖို့က တကယ် ကို မလွယ်ပါဘူး။ တချို့ ရွာတွေဆိုရင် ဆင်းရဲလွန်းလို့ အလောင်းကို ဖျာနဲ့ ပတ်ပြီး ကျွန်တော်တို့ဆီသယ် လာတယ်။ အလောင်းမြေချပြီးလို့ တရားနာ တာတွေ ပြီးတာတောင် မပြန်နိုင်ကြဘူး။ ရွာပြန်ဖို့ စရိတ်မရှိ လို့တဲ့။ ကျွန်တော်တို့ သူတို့ဆီက ဘာမှမတောင်းတဲ့အပြင် လမ်းစရိတ်တောင် ပေးလိုက်ရတာတွေ ရှိပါ တယ်”
နာရေးကူညီမှုအသင်းက တွေ့ကြုံခဲ့ရသည်များကို သူက ဆက်ပြောပြသည်။ မြောက်ဦးမြို့မှာ ခရီးသွား လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နေသော်လည်း မြောက်ဦးမြို့ဝန်းကျင်ရှိရွာလေးများမှာ ဆင်းရဲလှသည်။
ထိုထိုသောရွာများတွင် လက်ငါးချောင်း မပြည့်လောက်သည့် လူတစ်စုလောက်သာ ငွေကြေးချောင်လည် မှုရှိကာ တစ်ရွာလုံးမှ လူများမှာ ထိုသူများထံတွင် မိမိတို့ ပိုင်ဆိုင်သည်များကို သွားရောက်ပေါင်နှံကြပြီး ပြန်လည်း မရွေးနိုင်ကြတော့တာ များကြောင်း၊ အတိုးပေါ်အတိုးဆင့်ရင်း အကြွေးနွံနစ် ကုန်ကျကြောင်း လည်း သိခဲ့ရပါသေးသည်။
မြောက်ဦးမြို့ဝန်းကျင်တွင် ကျေးရွာ အုပ်စုပေါင်း တစ်ရာဝန်းကျင်ရှိပြီး ရွာစဉ် ပေါင်း ၁၅ဝ ဝန်းကျင်ရှိကာ အများစုမှာ ဆင်းရဲသား လယ်သမား၊ တံငါသည်၊ ကိုင်း လုပ်၊ လှေထိုးသမားများပင် ဖြစ်ကြသည်။ ရခိုင် မျိုးနွယ်စုများနေထိုင်ရာ ရွာများအပြင် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီရွာများလည်း အများအပြားရှိသည်။
“ဆင်းရဲတာကတော့ ပြောမနေပါနဲ့တော့။ ဘယ်တတ်နိုင်မလဲ။ ဘဝက ဆင်းရဲလာတာ ကြာပြီဆိုတော့ အသားကျနေပါပြီ။ အတိတ်ဘဝကကံပဲပေါ့” ယခုဘဝမှာ ဆင်းရဲနေတာကို အကောင်းမြင်သည့်ဘက်မှ ရောင့်ရောင့်ရဲရဲ ပြောလိုက်သူကတော့ တချွင် ချွင်မြည်နေ သည့်မြင်းလှည်းလေးကို ပိုင်ဆိုင်ထားသည့် အသက် ၅၆ နှစ်ဝန်းကျင်အရွယ် မြင်းလှည်းဆရာ ကြီးပင် ဖြစ်သည်။ သူက မြောက်ဦးမြို့မှာ နေထိုင်ပြီး မြင်းလှည်းတစ်စီးနှင့် မြင်းနှစ်ကောင်ရှိသည်။ ထိုမြင်း နှစ်ကောင်က တစ်ရက်ခြားကာ သူနဲ့အတူ အလုပ်လုပ်ကြရသည်။ သူတို့ဘဝက ထူးထူးခြားခြားတိုးတက် မှု မရှိသော်လည်း ပုံမှန်ဝင်ငွေရှိသဖြင့် မဆိုးပါဟု ဆိုသည်။
ယခု လိုမျိုး မြို့နဲ့ဝေးဝေးသွားသည့် ဧည့်သည် တွေနဲ့ အော်ဒါလိုက်ရသည့်အခါများတွင် ပုံမှန်ထက် ပိုရသည်။ တစ်ခါတလေ နိုင်ငံခြားသား ဧည့်သည် များက သူ့ကို မုန့်ဖိုးပေး သွားကြသည်။
မြင်းလှည်းလေးက မှန်မှန်ထွက်ပေါ်နေသည့် ချူသံတချွင်ချွင်၊ မြင်းခွာသံ တခွပ်ခွပ်ကို နားထောင်ရင်းဖြင့် ပင် စာရေးသူ နှင့် ဧည့်သည်တို့ မြောက်ဦးမြို့ကို ပြန်လာ ခဲ့သည်။ နိုင်ငံတကာခရီးသွား အမြောက်အမြား လာရောက်သည့် မြောက်ဦးမြို့သည်ကား လျှပ်စစ်မီး ကျိုးတိုးကျဲတဲကြားတွင် တိတ်ဆိတ်လို့ နေပါသည်။ တချို့လမ်းများမှာ မှောင်မိုက်နေပါသည်။ “ပိုက်ဆံရှိရင်တော့ မီးသွယ်လို့ ရပါတယ်” ဟု မြင်းလှည်း ဆရာ ကြီးက ပြောပြသည်။ သူ့အိမ်တွင်လည်း လျှပ်စစ်မီးမရှိပါ။ ဘက်ထရီမီးကိုသာ အားကိုးလာခဲ့သည်မှာ သူ ပင် ယခုအရွယ်သို့ ရောက်နေပြီဖြစ်သည်။
ငွေကြေး၊ လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေး၊ လူနေမှုဘဝစသည်တို့ ဆင်းရဲသည်ကို ဖြည့် ဆည်းပေးလို့ ရ နိုင်ပါသည်။ အသိပညာဆင်းရဲခြင်းကိုကား မည်သို့ ကုစားကြမည်နည်း။ ဆင်းရဲသားများ နှစ်ပေါင်းငါးဆယ်ကျော် နာတာရှည် ခံစားနေရသည့် အသိပညာဆင်းရဲခြင်းကို မည်သူ ကုစားပေးမည် နည်း။ မြူခိုးများ နောက်ရှိ ဆင်းရဲမှုသားကောင်များ၏ ဝိုး တဝါးအနာဂတ်ကို မည်သူက အလင်းပေး လမ်း ပြပေးနိုင်မည်နည်း။
(ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်မီ လေးလခန့်အလိုက မြောက်ဦးမြို့ ဝန်းကျင် ရွာလေးများသို့ သွားရောက်လေ့လာခဲ့ သည့် အခြေအနေ ဖြစ်ပါသည်။ ယခုအခါတွင် ထိုအချိန်က သွားရောက်လေ့လာ လည်ပတ်ခဲ့သောရွာများမှာ ရခိုင်ပြည်နယ် ပဋိပက္ခတွင်း ကျရောက်သွားခဲ့ပြီလော၊ ထို အချိန်က လွတ် လပ်ပေါ့ပါးစွာ စကားပြောဆိုခဲ့သည့် ရွာသူရွာသားများမှာ ဒုက္ခသည် စခန်းများမှာ နေထိုင်နေကြရပြီလော။ ယခု အချိန်မှာ ထပ်မံတွေ့ဆုံ စကား ပြောခွင့်ရ လျှင် ထိုအချိန်ကလို လူမျိုးရေး ခွဲခြားမှု မရှိဘဲ ရယ်ရယ် မောမော ချစ်ခင်ရင်းနှီးစွာ စကား ပြောနိုင်ကြမည်လော။
အေးသက်
Mizzima
No comments:
Post a Comment