Tuesday, February 4, 2014

၁၅၀၀ တန်ဖုန်းများ စတင်အသုံးပြုရန် ရက်လွန်ခဲ့ပါက ပြန်လည် လျှောက်ထားခွင့်ပြုမည် မဟုတ်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တန်ဖိုးနည်း မိုဘိုင်းဖုန်းလိုင်းများကို ဖုန်းလိုင်းကတ် ဝယ်ယူပြီး ၁၅ ရက်အတွင်း အသုံးပြုခြင်း မရှိခဲ့ပါက လိုင်းပိတ်သိမ်းခြင်း အပြီးပြုလုပ်သွားမည်ဟု ယခုလမှ စတင် ကြေညာခဲ့သည်။ ယခင်က အသုံးပြုရက် ကျော်လွန်သည့်အတွက် လိုင်းပိတ်သိမ်းမည်ဟု စည်းကမ်းချက်များ အတွင်း ပါရှိခဲ့သော်လည်း လိုင်းပိတ်သိမ်းခံရသူများသည် သက်ဆိုင်ရာ ဆက်သွယ်ရေးရုံးများ၌ လိုင်းကတ် ပြန်လည် လျှောက်ထားနိုင်ခဲ့ကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး သုံးရမယ်လို့ စာထဲမှာ ပါတယ်။ ဒီလကစပြီး  စာအိတ်လေးတွေ ပါတယ်။ ကျွန်တော်တို့ကတော့ မဲပေါက်တဲ့သူကို ၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ထဲအရောက် ပေးရမယ်လို့ ညွှန်ကြားလိုက်တယ်။ ကိုယ့်လက်ထဲမှာကြာလို့ ရက်ကျော်သွားတယ် ဆိုတာမျိုး မဖြစ်စေရဘူး။ လိပ်စာရှိတာပဲ ဆက်သွယ်ပြီးပေးလို့ ပြောထားတယ်” ဟု သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ပြောသည်။
လက်ဆင့်ကမ်း ရောင်းချခြင်းကို ကာကွယ်နိုင်ရန် အထက်ပါ စည်းကမ်းချက်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သော်လည်း ပြင်ပဈေးကွက်၌ ၁၅၀၀ ကျပ်တန် မိုဘိုင်းဖုန်း လိုင်းများသည် ကျပ် ၁ သိန်းဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်မြောက်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ စည်းကမ်းချက်များအရ ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်း၍ အသုံးပြုရမည်ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ် ပုံမှန် အသုံးပြုရမည်ဟုလည်း ပါရှိသည်။
ထို့အပြင် ဘီလ်ကုန်ဆုံးပြီး ၁၅ ရက်အတွင်း ဘီလ်ထပ်မံ ဖြည့်သွင်းခြင်း မရှိခဲ့ပါကလည်း လိုင်းပိတ်သိမ်းမည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်း၍ ဇန်နဝါရီလအတွက် CDMA 800 မိုဘိုင်းဖုန်းလိုင်း ၁၅၀၀၀၀၊ GSM မိုဘိုင်းဖုန်းလိုင်း ၁၀၈၁၀၀၊ WCDMA မိုဘိုင်းဖုန်းလိုင်း ၄၁၉၀၀ တို့ကို ရောင်းချပေးသွားမည်ဟု ယခု ၂၃ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာမှ ကြေညာခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar latest news

No comments:

Post a Comment