Wednesday, February 5, 2014

ဓာတ်ငွေ့ပို့စက်ရုံအနီး မီးရှို့မှု အလုပ်သမား ၁၄ ဦးကို ရုံးတင်စစ်ဆေးမည်

ရခိုင်ပြည်နယ် အမ်းမြို့က စီအန်ပီစီကုမ္ပဏီ ဓာတ်ငွေ့ပို့လွှတ်ရုံမှာ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်ရဲစခန်းက ဖမ်းဆီးထားတဲ့ ဒေသခံ အလုပ်သမားတွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရုံးတင်စစ်ဆေးမယ်လို့ အမ်းမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်သွယ်သွယ်စိုးက ဒီဗွီဘီကို ပြောပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ရုံးတင်ခဲ့ပေမယ့် တရားလို အမည်မပါရှိတဲ့အတွက် တရားသူကြီးက ၁၀ ရက်နေ့ကို ချိန်းဆိုလိုက်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့ညက အဲဒီစက်ရုံမှာ ကုမ္ပဏီဝန်ထမ်းနဲ့ ဒေသခံ အလုပ်သမားတို့ကြား အချင်းများပြီး အလုပ်သမားတချို့က ဓာတ်ငွေ့လှောင်ကန်ကို မီးရှို့ခဲ့တယ်လို့ အမ်းရဲစခန်းက ပြောပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးရတဲ့ ပမာဏ ကျပ်ငွေ သိန်း ၁၇၀၀ လောက် ရှိမယ်လို့ ရဲစခန်းက ခန့်မှန်းထားပါတယ်။
 ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမား စုစုပေါင်း ၂၃ ဦးကို အမ်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ ၁၄ ဦးကို ရုံးတင်စစ်ဆေးမှာဖြစ်ပြီး ကျန်တဲ့ သူတွေတော့ လိုအပ်ရင် ထပ်ခေါ်မယ်လို့ ပြောထားကြောင်း ဒေါ်သွယ်သွယ်စိုးက ဆက်ပြောပါတယ်။
သူတို့အမှုကို လိုက်လံဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် ရှေ့နေကွန်ရက်အဖွဲ့ကို အကြောင်းကြားပေးထားတယ်လို့လည်း ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

DVB

No comments:

Post a Comment