ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေ ၃ နာရီထိ ရထားတဲ့ သတင်းတွေအရ
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲဟာ ဆန္ဒပြသူတွေရဲ့ ပိတ်ဆို့မှုကြောင့်
တချို့ဒေသတွေမှာ မဲရုံတွေကို ပိတ်ထားရလို့ နှောင့်နှေးနေပါတယ်။
မနက်ပိုင်းကတော့ ထိုင်းဝန်ကြီးချုပ် ယင်လ် ရှင်နာဝပ်က မဲပေးခဲ့ပြီး
တိုင်းသူပြည်သားတွေ ဒီမိုကရေစီစနစ်ကို ဆုပ်ကိုင်ထားဖို့
မဲပေးကြပါလို့ တိုက်တွန်း ခဲ့ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ ခရိုင်ပေါင်း ၇၆ ခုထဲက
တောင်ပိုင်းခရိုင် ၁၁ ခုမှ မဲပေးနိုင်မှု မရှိပါဘူး။ မြို့တော်
ဘန်ကောက်က ဒင်းဒန်နဲ့ လခ်စီ ခရိုင် ၂ ခုအတွင်း ရာနဲ့ချီတဲ့ မဲရုံတွေလည်း
ဆန္ဒပြသူတွေက ပိတ်ဆို့ထားလို့ မဲပေးနိုင်မှု မရှိပါဘူး။ ဒါပေမယ့်
အခြေအနေက တည်ငြိမ်နေပြီး အကြမ်းဖက်မှုရှိကြောင်း အစီရင်ခံစာကို
တမနက်ခင်းလုံးမရသေးဘူးလို့ အမျိုးသား လုံခြုံရေး ကောင်စီ ခေါင်းဆောင်
ပါရာဒွန် ပတ်တနာတာဘတ်က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
မြို့တော်ဘန်ကောက်မှာ လုံခြုံရေး အယောက် ၁၂၀၀၀ အပါအ၀င်
တနိုင်ငံလုံးမှာ လုံခြုံရေးဝန်ထမ်း အယောက် ၁ သိန်း ၃ သောင်းကို
တာဝန်ချထားတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
ထိုင်းဘုရင်နဲ့ မိဖုရားကြီးတို့ကတော့ ပြည်သူ့ဒီမိုကရက်တစ်
ပြုပြင်ပြောင်းလဲရေး ကော်မတီက စီစဉ်တဲ့ ဆန္ဒပြပွဲအတွင်း လတ်တလော
ဖြစ်ပွားနေတဲ့ မတော်တဆမှုတွေမှာ သေကြေ ဒဏ်ရာရသူတွေအတွက် ဆေးဝါးနဲ့ ဈာပန
ကုန်ကျစရိတ်တွေကို ပေးမယ့်အကြောင်း သ၀ဏ်လွှာကို ဘန်ကောက်မြို့တော်
စီမံအုပ်ချုပ်ရေးမှူးဆီကို ဇန်န၀ါရီ ၁၃ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုး
ပေးပို့ထားပါတယ်။
အငြင်းပွားဖွယ် ထိုင်းရွေးကောက်ပွဲ မကျင်းပမီ အကြိုညနေမှာ
မြို့တော်ဘန်ကောက်ရဲ့ ဆင်ခြေဖုံးက လခ်စီ ခရိုင်မှာ အစိုးရ လိုလားတဲ့
ရှပ်နီတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကြား အဓိကရုဏ်
ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၈ ယောက် ဒဏ်ရာရပါတယ်။
စနေညနေပိုင်းက မဲပုံးတွေကို ပိတ်ဆို့ထားမှု ချိုးဖောက်ရေး
ကြိုးစားတဲ့ အနေနဲ့ လခ်စီခရိုင်မှာ စုရုံးခဲ့တာပါ။ အခြေအနေ
တင်းမာနေလို့အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေက သူတို့နဲ့ တွေ့ဖို့
သွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ခေါင်းပေါ်ကျော်ပစ်တဲ့ သေနတ်သံတွေ
ကြားရပြီး လူတိုင်း အကာအကွယ်ရဖို့ ပြေးလွှားခဲ့ကြတာပါ။ ဒေသခံတွေကတော့
အကြမ်းဖက်မှုတွေ ဒဏ်ရာရမှုတွေ ရှိပေမယ့် မဲပေးဖို့ ခံယူချက်ကို
တုန်လှုပ်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ထိုင်းရွေးကောက်ပွဲ ကော်မရှင်ကတော့ အဓိကရုဏ်း ဖြစ်အပြီး ဘန်ကောက်ရဲ့
လခ်စီ ခရိုင်မှာ မဲရုံအားလုံးမှာ မဲပေးမှုကို ပိတ်သိမ်းဖို့ ဖေဖော်ဝါရီ ၁
ရက်နေ့ ညက ဆုံးဖြတ်ခဲ့ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်ကတော့ ဘန်ကောက်တမြို့ လုံးကို
ပိတ်ဆို့ဖို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တနင်္ဂနွေနေ့မှာ အကြီးအကျယ်
ဆန္ဒပြဖို့ဆော်သြခဲ့ပြီးပါပြီ။ ထိုင်းနိုင်ငံရဲ့ အထွေထွေ
ရွေးကောက်ပွဲကို တနင်္ဂနွေ ဒေသစံတော်ချိန် မနက် ၈နာရီမှာ စတင်ပြီး ညနေ
၃နာရီမှာ ပိတ်မှာပါ။ နိုင်ငံတလွှား မဲပေးခွင့်ရှိသူ ၄၈.၇၇ သန်း အတွက်
မဲဆန္ဒနယ် ၃၇၅ ခုမှ မဲရုံစုစုပေါင်း ၉ သောင်း ၃ ထောင်ကျော်ကို
ပြင်ဆင်ထားပါတယ်။
ရနောင်းနဲ့ ဟတ်ယိုင်အပါအ၀င် ထိုင်းတောင်ပိုင်းခရိုင်တွေ
အတော်များများမှာတော့ မဲပုံးတွေ သယ်လို့ မရအောင် ဆန္ဒပြသူတွေက လမ်းတွေကို
ပိတ်ဆို့ထားပါတယ်။ ပိတ်ဆို့မှုတွေကြားမှာ မဲရှင် ဘယ်လောက်များများက
အောင်အောင်မြင်မြင် မဲပေးနိုင်မလားဆိုတာနဲ့ ဒီလို ရွေးကောက်ပွဲ ကနေ
ဘယ်လို ဆက်စခန်းသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၇ နိုင်ငံက ထိုင်းတွေအတွက် ကြိုတင်
မဲပေးမှုကိုတော့ ဇန်န၀ါရီ ၁၂ ကနေ ၂၆ ရက်နေ့ကြား ကျင်းပခဲ့ ပြီးပါပြီ။
ထိုင်းနိုင်ငံသား ၁ သိန်း ၃ သောင်းကျော် မဲပေးဖို့ မှတ်ပုံတင်ခဲ့ပြီး
အယောက် ၄၀၀၀၀ နီးပါးဟာ ထိုင်းသံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ
မဲပေးခဲ့ကြပါတယ်။
DVB

No comments:
Post a Comment