နေပြည်တော်၊ မဇ္ဈိမ။ ။အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်၊
ပျဉ်းမနားမြို့မရဲစခန်း၊ အချုပ်ခန်းတွင် ရဲနှင့် အချုပ်သားများကြား
ဖေဖော်ဝါရီလ ၁၅ရက်က အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အချုပ်သားတစ်ဦး
ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို
အတည်ပြုပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး ဝင်းစိန်(ဦးစီးအရာရှိ-
ပထမတန်း)က "(ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး) အရေးယူမယ့် အစီအစဉ်ကတော့
ဘာမှမပြောသေးဘူး။ အရေးတော့ ယူရမှာပေါ့။ လောလောဆယ် ဒဏ်ရာရတာ
တစ်ယောက်လို့ပဲသိတယ်။ သာမာန်ဒဏ်ရာပါ"ဟု ပြောသည်။
၎င်းက ရဲစခန်းအချုပ်ခန်းရှိ စိတ်ဝေဒနာရှင် အချုပ်သားတစ်ယောက်သည်
နံနက်စောစောတွင် ခေါင်းနှင့် အချုပ်ခန်းသံတိုင်နှင့် ဆောင့်သည့်အတွက်
ခေါင်းကွဲသွားပြီး ၎င်းအား ဆေးကုသပြီးနောက် စိတ်ငြိမ်ဆေးထိုးကာ
အချုပ်ခန်းသို့ ပြန်လည်ထည့်သွင်းချိန်တွင် ဆေးအာနိသင် မပြေသေးချိန်ဖြစ်သည့်
အတွက် ထွက်ပြေးရန် ကြိုးစားရာမှ ဖြစ်စဉ်အစပြုသည်ဟု ပြောသည်။
"ရုန်းပြီးထွက်ပြေးချိန်မှာ၊ ဆွဲလားရမ်းလားနဲ့ လုပ်တဲ့ အချိန်မှာ၊ အထဲက
ဆူပူလိုတဲ့ သူတွေလဲရှိတာပေါ့။( အဲဒီသူတွေက)မတရားမလုပ်နဲ့
လှမ်းအော်တဲ့အခါမှာ ဟိုဖက်ခန်းကလဲ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဖြစ်ပြီး
ရုန်းရင်းဆန်ခက်ဖြစ်ချိန်မှာ ပြေးချင်တဲ့ကောင်က အချုပ်ခန်းသော့တွေကို
ဘာတွေကို လုပ်ပြီး မီးရှို့တာတွေ လုပ်လာတယ်။ အမှန်တော့ ထွက်ပြေးချင်းလို့ပါ။
ကြိုးစားတာက မူးယစ်ဆေးဝါးတို့ အမှုကြီးတဲ့ သူတွေက
ဒါကို အခွင့်အရေးယူပြီး လုပ်ချင်တာကို အချိန်မီ ထိန်းလိုက်ရတဲ့ သဘောပါ"ဟု
ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး
ဝင်းစိန်(ဦးစီးအရာရှိ- ပထမတန်း)က ရှင်းပြသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၈ နာရီ၊ မိနစ် ၃၀ တွင် စတင်ဖြစ်ပွားခဲ့သည့်
အဆိုပါ အဓိကရုဏ်းအတွက် မီးသတ်ယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊
ရာဂဏန်းနီးပါးရှိမည့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းခဲ့သည်ဟု
ဒေသခံများက ပြောသည်။
မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းမြင့်က "အချုပ်သားတွေက
အဆောင် လေးနှင့် ငါးကြား၊ အဆောင်ခုနှစ်နဲ့ ရှစ်ကြားမှာ အဝတ်တွေ၊
ဂျာနယ်တွေကိုစုပြီး မီးရှို့ကြတယ်။ မီးက ၁၀ နာရီ၊ ၁၀ မိနစ်မှာ
မီးငြိမ်းတယ်။ ဆူပူတာကတော့ ၁၀ နာရီ၊ ၄၅ မိနစ်မှာ ငြိမ်သွားတယ်"ဟု ပြောသည်။
ဒုတိယရဲမှူးကြီး ဝင်းစိန်က ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များက
အဓိကရုဏ်းနှိမ်နင်းရေး နည်းစဉ်အတိုင်းသာ ဆောင်ရွက်ခဲ့ပြီး ပထမဦးစွာ
မီးသတ်ကားဖြင့် ရေဖြန်းခဲ့ကာ မနိုင်သဖြင့် ဂရင်ဒါသေနတ်ဖြင့် ပစ်ကာ
နှိမ်နင်းခဲ့ရသည်ဟု
ပြောသည်။
၎င်းက "လူမသေနိုင်ဘူး။ ၁၀ ချက်ကျော်ထက်တော့ မနည်းလောက်ဘူး"ဟု ပြောသည်။
ဖြစ်စဉ်တွင် အချုပ်သားတစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း ယနေ့နံနက်
အဓိကရုန်းဖြစ်ပွားချိန်တွင် ရိုက်နှက်အော်ဟစ်သံများကို အနီးဝန်းကျင်မှ
ကျယ်လောင်စွာကြားခဲ့ရသဖြင့် ဒဏ်ရာရသူတစ်ဦးမက
ရှိနိုင်သည်ဟု အနီးဝန်းကျင်မှ ဒေသခံများက ပြောသည်။
မျက်မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးက "ဒဏ်ရာရသူတစ်ဦးမကဘူးလို့တော့
ကျွန်တော်ထင်တယ်။ မွန်းလွဲတစ်နာရီဝန်းကျင်မှာ သူနာပြုဆရာမတစ်ဦး၊
အကူတစ်ဦးနဲ့ နောက်တစ်ယောက် အချုပ်ခန်းထဲဝင်သွားတာတွေ့လိုက်ပါတယ်"
ဟု ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ
စစ်ဆေးသွားမည်ဖြစ်ပြီး အဓိကရုဏ်းသည် အချုပ်သားအချင်းချင်း
မကျေနပ်မှုကြောင့်ဖြစ်သည်လား၊ အုပ်ချုပ်သူများကို မကျေနပ်မှုဖြစ်သည်လား
စသဖြင့် သိရှိနိုင်ရန် စစ်ဆေးသွားမည်ဟု ဒုတိယရဲမှူးကြီး ဝင်းစိန်က ဆိုသည်။
၎င်းက "ဒီဟာက ဖြစ်နေတဲ့ အကြောင်းအရင်းကို ရှာရမယ်။ သူတို့တင်ပြတာလဲ ဟုတ်ချင်မှ
ဟုတ်မယ်။ ကျွန်တော်ပြောခဲ့တာလဲ သူတို့တင်ပြတဲ့အရာတွေပါ။
စုံစမ်းစစ်ဆေးရေးအဖွဲ့က လူတွေခွဲပြီး စစ်တဲ့အခါ ရဲရဲတင်းတင်း
ပြောရဲတာတွေရှိလာလိမ့်မယ်" ဟု ပြောသည်။
လွတ်လပ်ရေးမရမီက စတင်တည်ဆောက်ခဲ့သည့်အဆိုပါ ပျဉ်းမနားမြို့မရဲတပ်ဖွဲ့၊
အချုပ်ခန်းတွင် လူ ၆၂ ဦးသာဆန့်သော်လည်း လက်ရှိအချိန်တွင် အချုပ်သား
၂၈၀ကျော်အထိ နေထိုင်နေရသည်ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့အဓိကရုန်းဖြစ်ပွားသည့်အတွက် အဆိုပါရဲအချုပ်စခန်းသို့
ထမင်းလာပို့သူများ ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ
ထမင်းပို့ခွင့်မရသေးဘဲဖြစ်ခဲ့ရသည်ဟု ကာယကံရှင်များက ပြောသည်။
Mizzima

No comments:
Post a Comment