တပ်မတော်က သိမ်းဆည်းမြေများကို တောင်သူများလက်သို့ စိစစ်ပြီး ပြန်လည်
ပေးအပ်နေရာတွင် အချို့လယ်သမားများမှာ ၎င်းတို့၏ လယ်မြေများကို ပြန်လည်
လုပ်ကိုင်ခွင့်ပြုကြောင်း တပ်မတော် တာဝန်ရှိသူများက ခေါ်ယူ ပြောကြားသော်လည်း
လယ်ကို ပြန်မရဘဲ ဖြစ်နေကြသည်ဟု လယ်သမားများက ပြောသည်။
တပ်မတော်က လယ်မြေပြန်ပေးသော်လည်း လယ်ပြန်မရဘဲ ဖြစ်နေရကြောင်းကို
တောင်ကုတ်မြို့နယ် ရန်မျိုးအုပ်စုမှ လယ်သမား တစ်ဦးဖြစ်သူ ဦးခင်မောင်စိုးက
နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
“ တောင်ကုတ် အခြေစိုက် စကခ (၅) က ၂၀၁၃ ခုနှစ် စက်တင်္ဘာလ ၇ ရက်နေ့မှာ
လယ်မြေ သိမ်းခံထားရတဲ့ လယ်သမားတွေကို ခေါ်ယူပြီး ခင်ဗျားတို့လယ်တွေကို
ခင်ဗျားတို့ ပြန်လုပ်နိုင်ပြီ။ ဒီလယ်တွေကို တပ်မတော်က ဆက်မလုပ်တော့ဘူးလို့
ခေါ်ယူပြောဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
တောင်ကုတ်မြို့နယ် ရန်မျိုးအုပ်စု မောက်ချောင်း ကျေးရွာတွင်
ဦးခင်မောင်စိုးပိုင် လယ်မြေ (၄) ဧက ရှိကြောင်း၊ ၎င်းလယ်မြေများကို ၂၀၀၁-၂၀၀၂
ခုနှစ် အတွင်းက တပ်မတော်က သိမ်းသွားခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်္ဘာလတွင်
ပြန်ပေးကြောင်း၊ သို့သော်လည်း အခုအချိန်ထိ လယ်မြေများကို ပြန်မရသေးကြောင်း
သူက ပြောသည်။
“ အခုအချိန်ထိ ကျွန်တော်လယ်မြေတွေပေါ်မှာ တောင်ကုတ် မြို့မိမြို့ဖ
ဆိုသူတွေက နှစ်ရှည် သီးနှံပင်တွေဖြစ်တဲ့ ရော်ဘာပင်တွေ၊ ကျွန်းပင်တွေ
စိုက်ပျိုးထားပါတယ်။ အခုအချိန်ထိ ပြန်မပေးသေးပါဘူး။ အဲဒါ ဘယ်လို
ဖြစ်နေသလဲဆိုတာကို အရမ်းသိချင်ပါတယ်” ဟု သူက ဆိုသည်။
တောင်ကုတ်မြို့နယ် အတွင်းရှိ လယ်မြေ အမြောက်အများကို တပ်မတော်က
သိမ်းဆည်း သွားပြီးနောက်ပိုင်း ယင်းလယ်မြေထဲမှ အချို့မှာ ပုဂ္ဂလိက
စီးပွားရေး လုပ်ငန်းရှင်များ လက်သို့ ရောက်ရှိသွားခဲ့သည်ဟု သိရသည်။
သို့အတွက် ယင်းလယ်မြေများကို စစ်တပ်က လယ်သမားများအား ပြန်ပေးသော်လည်း
မူလပိုင်ရှင် လယ်သမားလက်ထဲသို့ မရောက်နိုင်ဘဲ ဖြစ်နေခြင်း ဖြစ်ကြောင်း
စုံစမ်း သိရှိရသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါက်တာစံလိုင်ထံသို့ အကြိမ်ကြိမ် ဖုံးဆက်သော်လည်း ဖုံးပိတ်ထားသဖြင့်
ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါ။
တောင်ကုတ်မြို့နယ်NLD ခေါင်းဆောင်သူ တစ်ဦးဖြစ်သူ ဦးမင်းအောင်ကမူ ၎င်းလယ်မြေများများနှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။
“ ကျွန်တော်တို့လည်း ဒီလို လယ်မြေတွေကို တပ်မတော်က ပြန်ပေးမယ့်
လယ်သမားတွေရဲ့ လက်ထဲကို မရောက်ဘဲ ဖြစ်နေတယ်ဆိုတာကို ကြားရပါတယ်။ ဒါကြောင့်
လွှတ်တော်က ဖွဲ့ပေးထားတဲ့ သိမ်းဆည်း လယ်ယာမြေနဲ့ အခြားမြေများ စိစစ်ရေး
ကော်မရှင်က လာပြီး တောင်ကုတ်ကို စစ်ဆေးစေချင်ပါတယ်။ ရှေ့အပတ်မှာတော့
ရောက်မလို့ ကြားတဲ့ အတွက် ကျွန်တော်တို့ကတော့ မျှော်နေပါတယ်။ ကျွန်တော်တို့
NLD ပါတီက အစိုးရလည်း မဟုတ်၊ လွှတ်တော်မှာလည်း ကိုယ်စားလှယ်က နည်းနည်းဘဲ
ရှိနေတဲ့ အတွက် လယ်သမားတွေကို အားပေး ကူညီရုံမှ အပ ဘာမှတော့
လုပ်မပေးနိုင်ပါဘူး” ဟု ပြောသည်။
တပ်မတော်မှ သိမ်းဆည်း လယ်မြေများကို ပြန်လည် စိစစ်ပြီး ဒုတိယ အကြိမ်
ပေးအပ်မည် ဖြစ်ရာ ရခိုင်ပြည်နယ်အတွင် သိမ်းဆည်းမြေများထဲမှ ဧက ၁၈၀၁၉ ဒဿမ
၉၅၀ ကို ပြန်ပေးမည် ဖြစ်ကြောင်း လွှတ်တော်တွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က
ကြေညာသည်။
Narinjara
No comments:
Post a Comment