အဆိုပါပွဲကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူပြည်သူများသာမက သံဃာတော်များနှင့် သီလရှင်များပါ
တက်ရောက်ခဲ့ပြီး ပရိသတ်အင်အား ၅၀၀၀ကျော်ပါဝင်ခဲ့ကြောင်းသိရှိရသည်။ နေ့လည် ၂ နာရီမှ စတင်တဲ့ အမျိုးသားရေးအသိပညာပေး ဟောပြောပွဲကို နေ့လည် ၁၁း၃၀ လောက်ထဲက လူတွေတဖွဲဖွဲလာရောက်နေကြကြောင်းနှင့် တက်ရောက်လာသူများက အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကိုထောက်ခံကြောင်း စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါပွဲကို တက်ရောက်သူ တစ်ဦးဖြစ်တဲ့
ကိုမျိုးလွင်က ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ဒီပွဲကိုကျင်းပဖို့ ရပ်ကွက်ထဲမှာရော အွန်လိုင်းမှာပါ ၅ ရက်လောက် ကြိုတင်အသိပေးခဲ့ပါတယ်။ လာတဲ့လူတွေက တော်တော်များတယ်ဗျ။ နေကအရမ်းပူတော့ လူအဲလောက်
လာပါ့မလားလို့ စိုးရိမ်နေခဲ့သေးတယ်။ နေ့လည် ၁၁ နာရီခွဲလောက်တည်းက တဖွဲဖွဲလာကြတာ ပွဲစတော့ လူ ၅၀၀၀ ကျော်ရှိတယ်။ ဆရာတော်တွေရော ဆရာလေးပါ တက်ရောက်ချီးမြှင့်ကြတယ်ခင်ဗျ။ ပွဲမစခင်တော့ ၅၉(စ)ကို ထောက်ခံတဲ့ လက်မှတ်တွေလည်း စုပေါင်းရေးထိုးခဲ့ပါတယ်" ဟုကိုမျိုးလွင်က ဆိုသည်။

ပွဲမတိုင်မီထွက်ပေါ်ခဲ့သည့် နေ့စားပေး၍ ခေါ်သည်ဆိုသော ကောလာဟလာများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာမှာ အဆိုပါပွဲကို တက်ရောက်လာသူများအနေနှင့် မည်သည့်ထောက်ပံ့မှုမှ
မခံစားခဲ့ကြရဘဲ အမျိုးသားရေးအသိနှင့် လာရောက်ကြသူတွေသာဖြစ်ကြောင်း လှိုင်သာယာမှ လာရောက်သူ မဇင်နွယ်ဝင်းကပြောကြားခဲ့သည်။
"ကျွန်မတို့ဒီပွဲကို ဘယ်သူညွှန်ကြားချက်နဲ့မှ လာတာမဟုတ်ပါဘူး။ အွန်လိုင်းမှာ ဒီပွဲလုပ်မယ်ဆိုတာတွေ့လို့
ကျွန်မတို့ သူငယ်ချင်းတွေစုပြီးလာကြတာပါ။ ဒီရောက်တော့ ကိုယ့်လိုပဲ တက်တက်ကြွကြွနဲ့ လာကြတာတွေ့လို့ ၀မ်းသာမိပါတယ်။ နေကပူရေကဆာနေချိန်မှာ အလှူရှင်တွေပေးတဲ့ရေသန့်ဘူး
တစ်ဘူး စီပဲရပါတယ်။ နေပူထဲမှာ ထိုင်ရပေမဲ့ ဒီပွဲကို ကျင်းပပေးတဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ် " ဟု ၎င်းကဆိုသည်။
အမျိုးသားရေးအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာသူများက နေပူထဲတွင် တက်တက်ကြွကြွနားထောင်ကြပြီး ဆရာတော်များကလည်း အမျိုးသားရေးအသိ နိုးကြားကြစေရန်
ဟောပြောခဲ့ပြီး ညနေ ၆ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ရဲရင့်(ရွှေပြည်သာ)
No comments:
Post a Comment