ရန်ကုန်မြို့အတွင်း ရက်သေစာသောက်စားမောင်းနှင်သော ယာဉ်မောင်းများအား
ဖေဖော်ဝါရီလကုန်မှ စတင်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး
ကျူးလွန်သူကို ထောင်ဒဏ်ခြောက်လအထိ အရေးယူမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ
သတင်းရရှိသည်။
““အရင်က ဥပဒေရှိခဲ့ပေမယ့် အရေးယူမှု မပြုလုပ်ခဲ့ပါဘူး။ နောက်ပိုင်း
ယာဉ်တိုက်မှုအများဆုံးက အရက်သောက်ပြီး အရှိန်လွန်မောင်းလို့ ဖြစ်တာ
များလာတဲ့အတွက် ပြင်းထန်တဲ့ ပြစ်ဒဏ် နဲ့ အရေးယူဆောင်ရွက်မှု ပြုတော့မှာပါ””
ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က
ပြောသည်။
ဖေဖော်ဝါရီလကုန်တွင် စတင်အရေးယူမှု ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ရှိ
ယာဉ်ထိန်းတပ်ဖွဲ့စုတိုင်းတွင် အရက်သောက်ထားသည့်နှုန်း တိုင်းတာသော ကိရိယာ
(Alcohol tester) များ ချထားပေးပြီးဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
““အရက်သောက်တဲ့သူတိုင်းကို ဖမ်းမှာမဟုတ်ပါဘူး။ ယာဉ်တွေကို လိုက်စစ်မယ်။
အရက်သောက်ထားတယ်လို့ သံသယရှိရင် Alcohol tester နဲ့ တိုင်းမယ်။
အရမ်းသောက်ထားလို့ 0.07 ထက် ကျော်လွန်သွားမယ်ဆိုရင်တော့ ထောင်ချမှာပါ”” ဟု
ယာဉ်ထိန်းအရာရှိတစ်ဦးက ပြောသည်။
ပြစ်ဒဏ်ကျခံရသူအနေဖြင့် ထောင်ဒဏ်အပြင် ခံဝန်လက်မှတ်ထိုးရမည်ဖြစ်ကာ
တစ်နှစ်အတွင်း အရက်သေစာ အလွန်အကျွံထပ်မံသောက်သုံးကာ ယာဉ်မောင်းသည်ကို
တွေ့ရှိပါက ယခင်ကျခံဖူးသော ထောင်ဒဏ်၏ နှစ်ဆတိုးကာ
ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။
““နိုင်ငံတကာမှာလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ ဆောင်ရွက်နေတယ်။ ဒီမှာက
ဥပဒေရှိပေမယ့် ဆောင်ရွက်မှုမရှိခဲ့တာပါ။ ခုအချိန်ကစပြီး အရေးယူတာ
လုပ်ပါတော့မယ်။ ကြိုတင်အသိပေးတာတွေလည်း လုပ်ပေးမှာပါ”” ဟု
ဒုရဲမှူးကြီးလင်းထွဋ်က ပြောသည်။
သတ်မှတ်ထားသော အယ်လ်ကိုဟောပမာဏထက် ပိုမိုသောက်သုံးသည်ကို
စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ငွေဒဏ်နှင့် ထောင်ဒဏ် ခြောက်လ ကျခံရမည်ဖြစ်ပြီး
ကျူးလွန်သူကို မှတ်တမ်းထားရှိကာ တစ်နှစ်အတွင်း ထပ်မံကျူးလွန်ပါက
ထောင်ဒဏ်တစ်နှစ်အပြင် ထပ်မံကျူးလွန်ပါက ပုံမှန်ပြစ်ဒဏ်ထက်
နှစ်ဆစီတိုးမြှင့်ကာ အရေးယူပိုင်ခွင့်ရှိကြောင်း နည်းဥပဒေတွင်
ဖော်ပြထားသည်။
အရက်သေစာ အလွန်အကျွံသောက်စား၍ မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးအား
ပထမဆုံး အရေးယူမှုတစ်ခုအနေဖြင့် ၂၀၁၃ ဒီဇင်ဘာလက အင်းစိန်တရားရုံး၌
ထောင်ဒဏ်တစ်လ ချမှတ်အရေးယူခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
၂၀၁၄ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း အရက်သေစာသောက်စားထားသည့်သူတစ်ဦး
အရှိန်လွန်မောင်းနှင်လာသော BM အမျိုးအစား မော်တော်ယာဉ်တစ်စီးသည်
မြောက်ဥက္ကလာ ရထားသံလမ်းခုံးကျော်တံတားပေါ်မှ အရှိန်လွန်ပြုတ်ကျကာ
ယာဉ်ပေါ်ပါလူငါးဦး ထိခိုက်ဒဏ်ရာရရှိ၍ ယာဉ်မောင်းမှာ
အခင်းဖြစ်ပွားရာနေရာ၌ပင် ဦးခေါင်းပြတ်ကာ ပွဲချင်းပြီးသေဆုံးမှုတစ်ခု
ဖြစ်ပွားခဲ့သည်။
7Day Daily
No comments:
Post a Comment