ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ ရတ်ချာတေဝီ (Ratchathewi) မဲဆန္ဒနယ်၏
ဖရာ့ထိုင်း ဆေးရုံမဲရုံတွင် အစိုးရ ဆန့်ကျင်သူများက ရှစ်ဘီး မော်တော်
ယာဉ်များဖြင့် ပိတ်ဆို့ကာ မဲမပေးရေး ဟောပြော လှုံ့ဆော်နေကြပြီး မဲရုံအတွင်း
ဝင်ရောက်ကာ တားဆီးမှုများ ပြုလုပ်ခဲ့သောကြောင့် မဲရုံ ပိတ်သိမ်းခဲ့ပြီး
ရတ်ချာတေဝီ မဲဆန္ဒနယ်သည်လည်း ရွေးကောက်ပွဲ ဆက်လက် ကျင်းပနိုင်ခြင်း
မရှိတော့ပေ။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသည့် ထိုင်းနိုင်ငံ
ရွေးကောက်ပွဲတွင် ရတ်ချာတေဝီ မဲဆန္ဒနယ်အပြင် ရွေးကောက်ပွဲ မကျင်းပမီ
တစ်ရက်အလိုတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော လက်ခ်စီ မဲဆန္ဒနယ်၊ ဒင်းဒန်
မဲဆန္ဒနယ်တို့လည်း ရွေးကောက်ပွဲ ပျက်ပြယ်ခဲ့ရသည်။
မြို့တော် ဘန်ကောက်တွင် မဲဆန္ဒနယ်ပေါင်း ၃၃ ခုရှိသည့်အနက် မဲဆန္ဒနယ်
သုံးခု ရွေးကောက်ပွဲ ပျက်ခဲ့ပြီး မဲဆန္ဒနယ် ၁၁ ခုတွင် အချို့
မဲရုံများတွင်သာ မဲပေးနိုင်ခဲ့ပြီး မဲရုံအချို့ကို ပိတ်သိမ်းခဲ့ ရကြောင်း
ဘန်ကောက်အခြေစိုက် ထိုင်း PBS သတင်းဌာနတွင် ဖော်ပြထားသည်။
ထိုသို့ပိတ်သိမ်းခဲ့ရသော မဲရုံများသည် ဘန်ကောက်မြို့ တစ်မြို့တည်းတွင် မကဘဲ
ထိုင်းနိုင်ငံ တောင်ပိုင်းမြို့ အများစုတွင် ဖြစ်ပွားခဲ့သည်။
ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၃၅၇ ခုရှိသည့်အနက်
မဲဆန္ဒနယ် ၃၀၆ ခုသာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒနယ် ၄၂
ခု တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း မရှိဘဲ မဲဆန္ဒနယ် ၂၇ ခု
တွင်လည်း မဲရုံတစ်ဝက်နီးပါးသာ မဲပေးနိုင်ခဲ့ကြောင်း ထိုင်းအစိုးရပိုင်
သတင်းဌာန Channel 9 က ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၏ အထွေထွေ ရွေးကောက်ပွဲသည် ၈၉ ဒသမ ၂၈ ရာခိုင်နှုန်းသာ
အောင်မြင်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Supa Chai က
ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲ မတိုင်မီ
ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက လက်ခ်စီ မြို့နယ်အတွင်း အပြန်အလှန်
ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရှပ်နီထောက်ခံသူ တစ်ဦးနှင့် အမေရိကန်
နိုင်ငံသား စစ်သတင်းထောက် ဂျိမ်းနက်တ်ဝေးတို့ အပါအဝင် ခြောက်ဦး ဒဏ်ရာ
ရရှိခဲ့ခြင်းကြောင့် လက်ခ်စီ မဲဆန္ဒနယ်ကို ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း
ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရသည်။
ယင်းပစ်ခတ်မှုများ မတိုင်ခင် နှစ်လနီးပါးကတည်းက ထိုင်းနိုင်ငံ
ဘန်ကောက်မြို့၏ အခြေအနေသည် တည်ငြိမ်နေခြင်း မရှိပေ။ အတိုက်အခံ
ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) ခေါင်းဆောင်
ဆူသက်သောင်ဆူဘန်က ရွေးကောက်ပွဲကို နှောင့်ယှက်မည် မဟုတ်ဟု ကြေညာထားသော်လည်း
ဆန္ဒပြသူများက မဲရုံသို့ သွားရောက်ရာ လမ်းများ၊ မဲရုံဝများကို ပိတ်ဆို့
အော်ဟစ် ဆန္ဒပြခဲ့ကြသည်။ အတိုက်အခံ PDRC အဖွဲ့က ယခု ရွေးကောက်ပွဲ မတိုင်ခင်
ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း
မဲရုံများ ပိတ်ဆို့ ဆန္ဒပြခြင်း၊ မဲရုံသို့ သွားရောက်သည့် လမ်းများကို
ပိတ်ဆို့ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မဲရုံ ၈၃ ရုံတွင်
မဲပေးနိုင်ခြင်း မရှိခဲ့ပေ။ ယင်းနေ့တွင် PDRC ခေါင်းဆောင်တစ်ဦး သေနတ်ဖြင့်
ပစ်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး ဗုံးပေါက်ကွဲမှု အချို့လည်း
ဖြစ်ပွားခဲ့သည်။
ထိုင်းနိုင်ငံအတွင်းတွင် နိုဝင်ဘာလအတွင်းမှ စတင်ကာ ဝန်ကြီးချုပ် ယင်းလပ်
ရှင်နာဝပ် ဦးဆောင်သော အစိုးရအဖွဲ့က ၎င်း၏ အစ်ကို သက်ဆင်ရှင်နာဝပ်ကို
ချမှတ်ထားသော ပြစ်ဒဏ်များမှ လွတ်မြောက်စေနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့်
ဥပဒေ တစ်ရပ် တင်သွင်းခဲ့ခြင်းကြောင့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင်
တစ်ဦးဖြစ်သူ ဆူသက်သောင်ဆူဘန်က ဦးဆောင်ကာ ပြည်သူ့ ဒီမိုကရက်တစ
ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) ကို ဖွဲ့စည်း ဆန္ဒပြမှုများ ဆက်တိုက်
ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယင်းလပ် ရှင်နာဝပ် အစိုးရက
ပါလီမန်ကို ဖျက်သိမ်းပေးခဲ့ရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ
ပြန်လည် ကျင်းပပေးမည်ဟု ကြေညာခဲ့ရသည်။ ယင်းသို့ ကြေညာခဲ့သော်လည်း
အတိုက်အခံများက ယင်းလပ် အစိုးရကိုသာ နုတ်ထွက်ပေးရန် ဆန္ဒပြမှုများ ဆက်လက်
ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရွေးကောက်ပွဲ နောက်ဆုတ် ကျင်းပရန် အခြေခံဥပဒေ ခုံရုံး
တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ ကော်မရှင်က ယင်းလပ် အစိုးရနှင့်
ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရက ဖေဖော်ဝါရီလ ၂ တွင်သာ
ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပသော
ရွေးကောက်ပွဲကို ဆန္ဒပြ အင်အားစုများ ဖြစ်သော ရှပ်ဝါ အတိုက်အခံ
ဒီမိုကရက်တစ် ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေ။ ယခုကျင်းပသော
ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅၃ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဓိက
ပါတီများဖြစ်သော လက်ရှိ အစိုးရ ယင်းလပ်ရှင်နာဝပ် ဦးဆောင်သော
ဖေ့အ်ထိုင်းပါတီ၊ Chart Parrana ပါတီ၊Bhumjaithai ပါတီ၊ Charthaipattana
ပါတီတို့ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်သော
ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့
စာရင်းပေးပို့ထားသူ ၄၈ သန်း ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ
သိရှိရသည်။
ယနေ့ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဆူသက်၊ ဝန်ကြီးချုပ်ဟောင်း
အဘီဆစ်၊ ဘန်ကောက် မြို့တော်ဝန် Sukhumbhandp တို့က မဲပေးခြင်း
မရှိသော်လည်း ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth
မဲပေးခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ဖေ့အ်ထိုင်း ပါတီ
ထောက်ခံသူများက အလုံးအရင်းနှင့် မဲပေးခဲ့ကြသော်လည်း တောင်ဘက်ပိုင်း တွင်မူ
ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် ပြည်နယ် ကိုးခုနီးပါး ရှိကြောင်း
အစိုးရပိုင် သတင်းဌာနက ကြေညာသည်။ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ
ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၄၂ ခုနှင့် မဲရုံတစ်ဝက်နီးပါးသာ
မဲပေးနိုင်သော မဲဆန္ဒနယ် ၂၇ ခုရှိနေသည့်အတွက် ရွေးကောက်ပွဲ
မကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်များကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး
ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာ
ထားသည်။
အဆိုပါ ရွေးကောက်ပွဲ ပျက်ပြယ်ခဲ့ရသော မဲဆန္ဒနယ်များမှ မဲမပေးခဲ့ရသူ ၁၂
သန်းခန့်ရှိပြီး ကြိုတင် မဲပေးရန် စာရင်းသွင်းထားသူ တစ်သန်းခန့် ကြိုတင်မဲ
မပေးခဲ့ရကြောင်း ထိုင်း PBS သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။
“ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲကို တရားဝင်ခြင်း ရှိမရှိ တရားရုံးချုပ်ကို
တင်ပြထားပါတယ်။ တရားရုံးက တရားဝင်တယ်လို့ ဆုံးဖြတ်ရင်တော့ ရွေးကောက်ပွဲ
ရလဒ်တွေကို အတည်ပြုပေးရမှာပါ” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Supa
Chaiက ဆိုသည်။ ရွေးကောက်ပွဲ ရလဒ်များ ကိုလည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့
နောက်ပိုင်းမှသာ ကြေညာနိုင်မည်ဟု ဖေဖော်ဝါရီလ ၂ ရက်၌ ပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ “ဒီနေ့ ရွေးကောက်ပွဲမှာ
မဲမပေးလိုက်ရဘူး။ ကျွန်မတို့ရဲ့ မဲပေးခွင့် အခွင့်အရေးကို ခုရက်အတွင်း
ပြန်တောင်းမယ်” ဟု ထိုင်းရွေးကောက်ပွဲ ထောက်ခံပြီး ယနေ့ ရွေးကောက်ပွဲတွင်
မဲပေးရန် မနက် ၈နာရီ ကတည်းက မဲရုံဖွင့်ရန် စောင့်ဆိုင်းနေသော်လည်း
မဲပေးခွင့် မရခဲ့သူ အသက် ၄၀ ခန့်ရှိ ထိုင်းအမျိုးသမီး တစ်ဦးက
ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment