ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက ဒုချီးရားတန်းကျေးရွာမှာ လူ ၁၀၀ ကျော်
ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အထောက်အထား သက်သေ တစုံတရာ မတွေ့ခဲ့ရဘူးလို့
မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး
ဦးစစ်မြိုင်က ပြောပါတယ်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကော်မရှင်အတွင်းရေးမှူးပါ အဖွဲ့ဝင် ၎
ဦးတို့ဟာ ဇန်န၀ါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်ထိ စစ်တွေ၊ မောင်တောနဲ့
အခင်းဖြစ်ပွားခဲ့တဲ့ ဒုချီးရားတန်းကျေးရွာတို့ကို ၅ ရက်ကြာ သွားရောက်
စစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
“ကျနော်တို့ သွားတာက လူ ၈ ယောက် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး
မှန်ကန်ခြင်း ရှိ မရှိ။ နောက်လူ ၄၀ သတ်ဖြတ်ခံရတယ်လို့ ထွက်ပေါ်နေတဲ့
သတင်းများနဲ့ ပတ်သက်ပြီး မှန်ကန်ခြင်း ရှိ မရှိ အဓိက ဒါကို စစ်ဆေးတာ
ဖြစ်ပါတယ်။ ထွက်ဆိုချက်တွေလည်း ရယူပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကို
ပြည်နယ်အဆင့်ကနေ ရပ်ကွက်ကျေးရွာအဆင့်အထိ လုပ်ပါတယ်။ နောက်
ဒုချီးရားတန်းကျေးရွာက ရခိုင်သက်သေများလည်း စစ်ဆေးပါတယ်။ ဘင်္ဂါလီ ဘက်က
သက်သေများလည်း စစ်ဆေးပါတယ်။ စစ်ဆေးပြီးတော့ ဒီသတင်း ၂ ခုလုံးက
ထွက်ဆိုချက်အရ ဖြစ်စေ၊ ကွင်းဆင်းလေ့လာ ကြည့်ရှုမှုအရဖြစ်စေ မှန်ကန်ကြောင်း
အထောက်အထား တစုံတရာ မရရှိပါဘူး။ သတင်းကွဲလွဲတာက မူလထွက်တာက ၄၀ ပဲ၊ နောက်မှာ
ကျနော်တို့ကို ၅၂ ယောက်စာရင်းပေးတယ်လို့ သတင်းမီဒီယာတခုမှာ တွေ့တယ်။
နောက်တခါ ၁၃ ရက်နေ့ညမှာ ရဲက ၀င်ရှင်းတဲ့အခါမှာ လူ ၁၀၀ ယောက် သေဆုံးတယ်လို့
ပြည်ပ သတင်းတခုက ဖော်ပြတယ်။ သတင်းဖော်ပြချက်တွေက ကွဲလွဲနေတယ်။
နောက်မြေပြင်မှာ သတင်းဖြစ်ပေါ်တာ မရှိဘူး။ မြေပြင်မှာရတဲ့ သတင်းက
အင်တာနက်ပေါ်က နေပြီး မြို့ပေါ်မှာ သတင်းကြားရတယ်လို့ သိရတဲ့
သတင်းတွေဖြစ်တဲ့အတွက် ဒီသတင်းတွေက မှန်ကန်ကြောင်း သက်သေအထောက်အထား
မရရှိပါဘူးဗျာ။”
နှစ်ဘက်စလုံးက ဒေသခံတွေ ခုချိန်ထိ စိုးရိမ်ထိတ်လန့်မှု ရှိနေကြတာ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။
ကော်မရှင်အနေနဲ့ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့
ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို ဒီရက်ပိုင်း သတင်းထုတ်ပြန်မယ်လို့
ပြောပါတယ်။
မောင်တောမြို့နယ်၊ ဒုချီးရားတန်း အလယ်ရွာမှာ ဇန်န၀ါရီ ၁၃ ရက်ညပိုင်းက
ရဲတပ်ဖွဲ့ဝင် ၈ ဦးဟာ ဒေသလုံခြုံရေးအတွက် ကင်းလှည့်နေတုန်း
နယ်မြေခံဘင်္ဂါလီရွာသားတွေနဲ့ အချင်းများပြီး အကြမ်းဖက်
တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ကြပ်ကြီးတဦး ပျောက်ဆုံးခဲ့ပါတယ်။
ဒီနောက် ဘင်္ဂါလီ လူဦးရေ ၅၀ နီးပါး သေဆုံးခဲ့တယ်ဆိုတဲ့
စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီး အစိုးရက ဒီစွပ်စွဲချက်တွေဟာ
အခြေအမြစ်မရှိဘူးလို့ နိုင်ငံတကာကို နှစ်ကြိမ်တိုင်ရှင်းလင်းခဲ့ပါတယ်။
ဒီနောက်မှာ သေဆုံးသူဦးရေဟာ ၁၀၀ ကျော်ထိ တိုးခဲ့တယ်လို့
တိုးမြှင့်စွပ်စွဲခဲ့ပြီး ယုံကြည်နိုင်လောက်တဲ့ သက်သေအထောက်အထား
တစုံတရာတော့ ပြသနိုင်ခြင်းမရှိသေးပါဘူး။
သမ္မတပြောခွင့်ရသူက ဒုချီးရားတန်းကိစ္စဟာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး
အစည်းအရုံးက လူမျိုးအမည်ရအောင်၊ နယ်မြေရအောင်နဲ့ အဲဒီနယ်မြေမှာ
ဒုက္ခသည်စခန်း ဖွင့်ခွင့်ရရေး ကြိုးပမ်းနေတာလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အထောက်အထား တစုံတရာ မတွေ့ရှိရဘူးလို့ ငြင်းဆိုထားပြီး ဖြစ်ပါတယ်။
ကွင်းဆင်းစစ်ဆေးခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှုး
ဦးစစ်မြိုင်ကတော့ တာဝန်ရှိသူတွေ သတိနဲ့ ကိုင်တွယ် လုပ်ဆောင်ကြဖို့ အခုလို
တိုက်တွန်း ပြောဆိုပါတယ်။
“လူအုပ်စု ၂ ခုကတော့ ဒီလိုဖြစ်စဉ်လေးတွေကြောင့် သံသယနဲ့
ယုံကြည်မှုတွေကတော့ ပိုပြီး ထိခိုက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ရှေ့ဆက်
ဒီလိုဖြစ်စဉ်တွေ မဖြစ်ရအောင် တာဝန်ရှိတဲ့သူတွေရော၊ နယ်မြေခံလူတွေရော
သတိထားပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒါမှသာ ရေရှည် ယခင်ကလို အပြန်အလှန်
နားလည်မှု၊ ယုံကြည်မှုနဲ့ အတူတကွ နေနိုင်သွားမယ့် လူမှုအဖွဲ့အစည်းတခုကို
ရောက်ရှိမယ်လို့ ကျနော် ယူဆပါတယ်။”
ဒီလူအသေအပျောက်များတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ကုလသမဂ္ဂနဲ့
အမေရိကန်၊ ဗြိတိန်တို့က နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဖော်ထုတ်ဖို့
တောင်းဆိုခဲ့ကြပြီး မြန်မာအစိုးရက ပြည်တွင်းရေးမှာ ပြည်ပအကူအညီမလိုဘဲ
ကိုယ့်ဘာသာ စစ်ဆေးဖော်ထုတ်မယ်လို့ ပြောဆိုထားပါတယ်။
DVB

No comments:
Post a Comment