ဘရိတ်အုပ်သံနှင့်အတူ ယာဉ်မောင်း၏ ဆဲဆိုရေရွတ်သံ များက တစ်ပါတည်း
ထွက်ပေါ်လာသည်။ ချိုးကွေ့မလိုလို၊ အတည့် မောင်းမလိုလို လုပ်နေပြီး ရှေ့တွင်
ကန့်လန့်ခံနေသည့် တက္ကစီယာဉ် တစ်စီးဆီသို့ဖြစ်၏။ ယာဉ်ချင်း ထိမိခြင်း
မရှိခဲ့သော်လည်း ယာဉ်အတွင်း ပါလာသော ခရီးသည်များလည်း အလဲလဲ အယိုင်ယိုင်
ဖြစ်သွားသည်။
ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်သို့ ပြေးဆွဲနေသည့် ဘီအမ် ယာဉ်တစ်စီးပေါ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့
နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်မျိုးက
ရန်ကုန်မြို့တော်ရှိ ၂ ဒသမ ၃ သန်း ဝန်းကျင်ရှိသော ဘတ်စ်ကားစီး ခရီးသည်တို့
နေ့စဉ် ကြုံတွေ့နေရသည့် အဆင်မပြေမှုများထဲမှ တစ်ခုဖြစ်သာဖြစ်၍ အခြားသော
ပြဿနာများစွာ ကိုလည်း ရင်ဆိုင်နေရသည်။
မှတ်တိုင်အရပ်တွင် ရုတ်တရက် ဘရိတ်အုပ်သဖြင့် ယိုင်သွားသည်မျိုး၊
ရုတ်တရက် ဆောင့်ထွက်သဖြင့် ဟန်ချက် ယွင်းသွားသည်မျိုးမှာ ရန်ကုန်
လိုင်းကားစီးသူတို့ နေ့စဉ် မရိုးတမ်း လုပ်နေရသော လေ့ကျင့်ခန်းလည်း ဖြစ်သည်။
ထိုအထဲမှ ယာဉ်မောင်းနှင့် ယာဉ်အကူတို့၏ ဆက်ဆံရေး မပြေပြစ်မှုများ၊
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုနှင့် ၎င်းတို့ လိုက်နာရန် သတ်မှတ်
ပေးထားသည့် ကျင့်ဝတ်များ ပျက်ကွက်မှုများက ခရီးသည်များ ရင်ဆိုင်နေရသည့်
အဆင်မပြေမှုများအနက် ရှေ့ဆုံးမှ ပါဝင်နေသည်။
ခရီးသည်နှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အကြား မကြေလည်မှုများ
အများဆုံး ဖြစ်ပွားတတ်သည်မှာ နံနက် ရုံးတက် အလုပ်သွားချိန်နှင့် ညပိုင်း
ရုံးဆင်း အလုပ်ပြန်ချိန်တို့ ဖြစ်သည်။ ရန်ကုန်မြို့တော်ရှိ အလုပ်အကိုင်
အများစုမှာ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း ကဲ့သို့သော အချက်အချာကျရာ
မြို့တော် အလယ်တွင် ရှိနေပြီး ရွှေပြည်သာ၊ လှိုင်သာယာနှင့်
ဒဂုံမြို့သစ်ကဲ့သို့သော ဆင်ခြေဖုံး မြို့နယ်များမှ လာရောက်
အလုပ်လုပ်ကြသူများက အများဆုံးဖြစ်သည်။
ခရီးသည် ယာဉ်ပေါ်သို့ တက်နေစဉ် ယာဉ်ထွက်ခွာခြင်း၊ ယာဉ်အောက်သို့
ဆင်းရာတွင် အဆောတလျင် တွန်းချခြင်း၊ မှတ်တိုင် မရောက်မီနှင့်
မှတ်တိုင်ကျော် လွန်ကာ ရပ်တန့်ခြင်း၊ သတ်မှတ်နှုန်းထားထက် ယာဉ်စီးခ ပိုမို
ကောက်ခံခြင်းသည်လည်း မထူးဆန်းတော့သလိုပင်။
ထိုအကြောင်း သွားပြောလျှင် ဘယ်ကမ္ဘာက လူထူးလူဆန်း တစ်ဦးလဲဟုပင် ပြန်ကြည့်ခံရနိုင် သည်အထိ ရန်ကုန် လူထုမှာ အသားကျနေပြီ ဖြစ်သည်။
မြန်မာ့တပ်မတော်ပိုင် ပါရမီ ယာဉ်လိုင်း (၁၇၄) မှ စပယ်ယာက မှတ်တိုင်
အဆင်းတွင် ခရီးသည်ကို တွန်းချခဲ့ရာမှ ခရီးသည်နှင့် စပယ်ယာတို့ အချေအတင်
ဖြစ်ကာ ဝိုင်းရိုက်မှုကြောင့် ခရီးသည် လက်ဖျံရိုး ကျိုးခဲ့ရပြီး
ရန်ကုန်ဆေးရုံကြီးသို့ ရောက်သွားခဲ့ရသည်။ အချို့သော ခရီးသည်များမှာ
ခြိမ်းခြောက်ခံရသည်။
ခရီးသည်ကို မိမိ၏ ထမင်းရှင်အဖြစ် လက်ခံထားပြီး မေတ္တာရှေ့ထားကာ
ဆက်ဆံမည်ဟု ယာဉ်လိုင်းများတွင် စာကပ်ထားသော်လည်း လက်တွေ့နှင့်မူ မိုးနှင့်
မြေဖြစ်နေသည်။ ခရီးသည်ဘက်မှ မကျေနပ်မှု တစ်စုံတစ်ရာကို ပြန်လည်
တုံ့ပြန်သည့်အခါတွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ကိုယ်ထိလက်ရောက်
ရန်ပြုခြင်းများ ခံရသည်များလည်း ရှိသည်။ ထို့ထက် တစ်ခါတစ်ရံတွင်
ယာဉ်လိုင်းများမှ အုပ်စုဖွဲ့ကာ ရပ်ကွက်အတွင်းထိ ဝင်ရောက်
တိုက်ခိုက်ခြင်းများပင် ရှိဖူးခဲ့သည်။
“မစီးချင် ဆင်းသွား။ ပိုက်ဆံ
ပြန်အမ်းလိုက်မယ်။ ရော့” ဟု ရိုင်းရိုင်းပျပျ ပြန်ဆက်ဆံတတ်သော
ကားစပယ်ယာများကိုပင် တစ်ခါတစ်ရံ တွေ့ရတတ်သည်။
ထိုသို့ စည်းကမ်း မလိုက်နာမှုများကို သက်ဆိုင်ရာ ယာဉ်လိုင်းများအလိုက်
တိုင်ကြားနိုင်ကြောင်း၊ ယင်းသို့ တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များ
ယာဉ်များပေါ်တွင် ကပ်ထားကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ
စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (မထသ) ဗဟိုက ပြောဆိုထားသော်လည်း အများစုမှာ
တိုင်ကြားခြင်း မရှိကြပေ။
“တိုင်မယ်ဆိုပြီး ဖုန်းနံပါတ်တွေ မှတ်ထားတာ ခဏခဏပဲ။ ဒါပေမဲ့ တစ်ခါမှ
မတိုင်ဖြစ်ဘူး။ တိုင်ရင်လည်း အရေးမယူဘူးလို့ ကြားထားတော့ အလုပ်ရှုပ်
မခံချင်တော့ဘူး” ဟု အင်းစိန်မြို့နယ်မှ ရန်ကုန်မြို့တွင်းသို့ နေ့စဉ်
ရုံးတက်နေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
အမှန်တကယ်
တိုင်ကြားသည့် အခါတွင်လည်း ၎င်းတို့၏ ဖုန်းနံပါတ်များမှာ ခေါ်ဆို၍
မရရှိသည်များနှင့် ကြုံတွေ့ရသည် များလည်း ရှိနေသည်။ အချို့သောယာဉ် များတွင်
တိုင်ကြားရန် ဖုန်းနံပါတ်ပါသည့် စာရွက်များ မည်သို့ မည်ပုံ
ပျောက်သွားသည်မသိ။ ဖြဲရာများတော့ ကျန်တတ်သည်။
ထိုသို့သော ယာဉ်လိုင်း အချို့၏ စည်းကမ်း မညီညွတ်မှုများနှင့် ပတ်သက်၍
တိုင်ကြားရန်ဟု ဆိုကာ ကြေညာထားသော ၀၁-၅၈၄၀၄၂၊ ၅၄၁၉၀၅၊ ၂၉၁၂၈၄၊ ၂၉၁၂၈၅
တို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့က အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်။ သို့သော်လည်း ပထမ
ဖုန်းနံပါတ် သုံးလုံးမှာ ဖုန်းဝင်သော်လည်း ပြန်လည် ဖြေဆိုပေးမည့်သူ မရှိဘဲ
နောက်ဆုံး ဖုန်းနံပါတ်မှာ ဖုန်းပင် မဝင်ချေ။
ယာဉ်လိုင်းများတွင် ကပ်ထားသော ခရီးစဉ်အလိုက် သတ်မှတ်နှုန်းထား
စာရင်းများ၊ ယာဉ်မောင်း၊ ယာဉ်အကူတို့၏ နာမည်များ ဖော်ပြထားမှုများလည်း
မပါရှိတော့ဘဲ အဆိုပါ စာရွက်များနေရာတွင် ကုန်ပစ္စည်း ကြော်ငြာများက
နေရာယူထားမှုများ မှာလည်း ယာဉ်လိုင်း အများစုတွင် ရှိနေသည်။
“တချို့ယာဉ်တွေမှာ နာမည်တွေ တပ်ထားလည်း တကယ်လိုက်လာတဲ့ ယာဉ်မောင်း၊
ယာဉ်အကူတွေနဲ့ လွဲနေတာ မျိုးတွေလည်း ရှိတယ်၊ မြောက်ဒဂုံဘက် ပြေးတဲ့
ဘီအမ်လို ယာဉ်လိုင်းတွေမှာ နေ့မောင်းလည်း ဒီနာမည်၊ ညမောင်းလည်း ဒီနာမည်၊
အတူတူပဲ” ဟု သမိုင်းလမ်းဆုံမှ ရန်ကုန်မြို့တွင်းသို့ ပုံမှန် ရုံးတက်နေသူ
အသက် ၂၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒများ လျှော့ချလိုက်ပြီးနောက်
မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု ပိုမို ဖြစ်ပွားလာပြီး အလုပ်ခွင်သို့
ရောက်ရန် ကြာမြင့်သည့် နှစ်နာရီဝန်းကျင် (အသွားအပြန် လေးနာရီ) တွင်
ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ မချေမငံ ဆက်ဆံမှုကို နေ့စဉ် ခံနေရသူများမှာ
ထိုသူများပင်။
ပြောရလျှင် နေ့တစ်နေ့၏ ခြောက်ပုံ တစ်ပုံကို ဖြစ်ချင်တိုင်း ဖြစ်နေသော
လိုင်းကားပေါ်တွင် အသုံးပြု လိုက်ရသည်။ ယင်းသည် သာမန်အချိန် တစ်ရက် ရှစ်နာရီ
၏ ထက်ဝက်လည်း ဖြစ်သည်။
ယင်းသို့ ခရီးသည်နှင့် ယာဉ်ဝန်ထမ်းများ အကြား ဆက်ဆံရေး အဆင်မပြေ
ဖြစ်နေရခြင်း၏ အကြောင်းရင်း တစ်ရပ်သည် ယာဉ်ကြောပိတ်ဆို့မှုကလည်း
တစ်ချက်အပါအဝင် ဖြစ်နေပြီး ယာဉ်မောင်းနှင့် ယာဉ်အကူများအတွက် ခရီးသည်နှင့်
ပြေးဆွဲနိုင်သည့် အခေါက် အရေအတွက် များများ ရရှိရေးသည် အဓိက ပြဿနာ
ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ကြောင်း ယာဉ်မောင်းနှင့် စပယ်ယာများက
အကြောင်းပြတတ်သည်။
မှတ်တိုင်သို့ သူ့ထက်ငါ အရင်ဦးစွာ ရောက်နိုင်ရေးအတွက် ယာဉ်မောင်းဖြစ်သူ
အနေနှင့် ယာဉ်တစ်စီးနှင့် တစ်စီး ယှဉ်ပြိုင် မောင်းနှင်ရလို ယာဉ်အကူ
ဖြစ်သူကလည်း ခရီးသည် အတက်၊ အဆင်းကို အချိန်နည်းနိုင်သမျှ နည်းရန်
လုပ်ဆောင်ရလေသည်။
ရုံးဆင်း၊ ရုံးတက်ချိန်များသည် ခရီးသည်ပေါများချိန် ဖြစ်ရာ
ထိုအချိန်မျိုးတွင် ခရီးသည် ပိုမိုရရှိမှသာ ယာဉ်မောင်း၊ ယာဉ်အကူတို့အတွက်
မိသားစု စားဝတ်နေရေး လုံလောက်နိုင်မည် ဖြစ်သဖြင့် ခရီးသည် ပိုမို
ရရှိရေးသည်သာ ၎င်းတို့အတွက် အရေးကြီးဆုံး ဖြစ်နေသည်ဟု ဆိုသည်။
“ကားချင်း ယှဉ်ဖိုက်နေတဲ့ အချိန်မှာ ဆင်းမယ့် မှတ်တိုင်ကို အနားကပ်မှ
ပြောတာမျိုး၊ ဆင်းတဲ့အခါ၊ တက်တဲ့အခါမှာလည်း လေးနေတာမျိုးက ဒေါသထွက်တာပေါ့”
ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဆူးလေ ဘုရားသို့ ပြေးဆွဲနေသည့်
ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦးက ပြောဆိုသည်။
အချို့ခရီးသည်များမှာ
အတက်၊ အဆင်းပြုလုပ်သည့် ယာဉ်တံခါးပေါက် အနီးတွင်ပင် ပိတ်ရပ်နေခြင်းများ
ရှိတတ်ပြီး ထိုသူတို့အတွက်ကြောင့်လည်း ကျန်သော ခရီးသည်များပေါ်တွင်ပါ
ရိုင်းစိုင်းစွာ ပြောဆိုမိတတ်ကြောင်း၊ ယင်းအပြင် ယာဉ်စီးခ ပေးရန်
ပျက်ကွက်သူများ ကြောင့်လည်း အဆင်မပြေ ဖြစ်ရကြောင်း ၎င်းက ဆိုသည်။
“တချို့နေ့တွေ အုံနာခတောင် မရတာမျိုး ရှိတတ်တယ်။ အဲဒါမျိုး နေ့တွေမှာ
ပိုက်ဆံ ပိုတောင်းတာမျိုး တွေလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လူရရင်
ပြီးရောဆိုပြီး ၁၅၀ တန် ခရီးကို ၁၀၀ နဲ့ ခေါ်တင်တာတွေလည်း ရှိပါတယ်” ဟု ၎င်းက
ပြောဆိုသည်။
ခရီးသည်တင် ယာဉ်များ မှတ်တိုင်တွင် ရပ်နားခြင်း မရှိဘဲ ကျော်ရပ်ခြင်း၊
မရောက်ခင် ရပ်ခြင်းများကြောင့် ဝေဖန်မှုများ ရှိနေသော်လည်း ဘတ်စ်ကား
မှတ်တိုင် အများစုတွင် ဈေးသည်များ၊ အနှေးယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့်
တက္ကစီယာဉ်များဖြင့် ပြည့်နေတတ်သည်။ ထို့အပြင် အချို့သော ခရီးသည်များမှာ
မိမိရောက်ရှိနေသည့် နေရာမှ စောင့်ဆိုင်းနေသည်မျိုးလည်း ရှိသည်။
ထိုအခါမျိုးတွင် အဆင်ပြေသည့် နေရာတွင်သာ ရပ်နားရသဖြင့် လမ်းပိတ်ဆို့မှု
ဖြစ်ပွားရကြောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ဆိုသည်။“တချို့ကလည်း
နေရာရချင်တော့ မှတ်တိုင်မရောက်ခင်ကနေ ကြိုစောင့် ကြတယ်။ တချို့ကျတော့
အရိပ်ရှိတဲ့ နေရာကပဲ ရပ်စောင့်ကြတာမျိုးလည်း ရှိတယ်” ဟု ၎င်းက သူ၏ အခက်အခဲကို
ပြောဆိုသည်။ ယင်းသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ချိုးဖောက်မှုကြောင့်
သက်ဆိုင်ရာများက ဖမ်းဆီး အရေးယူမှုများ ကြုံတွေ့ ရနိုင်သော်လည်း ဝင်ငွေ
ပိုမို ရရှိရေးအတွက် အများနည်းတူပင် ချိုးဖောက် နေရကြောင်း ၎င်းက ထပ်မံ
ပြောဆိုသည်။
ခရီးသည်များအနေဖြင့် မကျေနပ်မှုများကို တိုင်ကြားသည့်အခါတွင် အမှန်တကယ်
အပြစ်ကျူးလွန်သဖြင့် အရေးယူခံရသလို လုပ်ကြံ တိုင်ကြားမှုများလည်း
ရှိနေနိုင်သောကြောင့် အပြစ်ပေး အရေးယူသည့်အခါတွင် နှစ်ဦးနှစ်ဖက်လုံးကို
ခေါ်ယူ တွေ့ဆုံ စစ်ဆေးသင့်ကြောင်း အရှေ့ပိုင်းခရိုင် မော်တော်ယာဉ်လိုင်းမှ
ယာဉ်မောင်းတစ်ဦးက ထပ်မံ ပြောဆိုသည်။
ယာဉ်တစ်စီးနှင့် တစ်စီး ယှဉ်ပြိုင် မောင်းနှင်မှုများနှင့်
ခရီးသည်များအပေါ် ဆက်ဆံရေး မပြေလည်မှုများ အပါအဝင် ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ချိုးဖောက်မှုများ လျော့နည်းသွားစေရန် လက်ရှိ ကျင့်သုံးနေသည့်
ရရှိငွေ၏ အချိုးကျကို ခွဲဝေပေးသည့် စနစ်မှ လခစား စနစ်သို့ ပြောင်းလဲလျှင်
ရနိုင်မည်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်အချို့က သုံးသပ်ကြသည်။
သို့သော်
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အနေနှင့် အလုပ်အပေါ် အလေးထားမှု
လျော့ကျစေနိုင်သည့်သလို ဝင်ငွေ ရရှိမှုလည်း လျော့ကျ သွားစေနိုင်သည်ကို
ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
“ယုံကြည်ရမယ့်၊ ကောင်းတဲ့ ဝန်ထမ်းက ရှားတယ်လေ။ ဥပမာ- တစ်ရက်ကို ခရီးစဉ်
ငါးခေါက် ဆွဲရမယ် ဆိုပါတော့၊ မြန်မြန်ပြီးပြီးရောဆိုပြီး လူမတင်ဘဲ
မောင်းနေရင် ဘယ်လိုလုပ်မလဲ” ဟု တောင်ဥက္ကလာမှ ဘုန်းကြီးလမ်းသို့
ပြေးဆွဲနေသော အမှတ်(၃၁) မထသယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ
ဦးကိုကိုနိုင်က ဆိုသည်။
သို့သော် ထိုသို့ လုပ်ကိုင်ရန် မလွယ်သေးကြောင်း မော်တော်ယာဉ်လုပ်ငန်း
ပေါင်းစုံထိန်းသိမ်းရေး ကော်မတီ (မထသ) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လခစားစနစ် လုပ်လိုက်ရင်တော့ အခုဖြစ်နေတဲ့ ပြဿနာတွေ အများစုကို ပြေလည်စေမယ်
ဆိုတာတော့ သေချာပါတယ်။ အများပိုင် ကုမ္ပဏီလိုမျိုး ဖွဲ့ပြီးမှ ရမယ်။
ဒါပေမဲ့ ယာဉ်တွေရဲ့ တန်ဖိုးတွေ မတူညီတာကြောင့် အကျိုးအမြတ် ခွဲဝေတဲ့ အခါမှာ
အခက်အခဲ ရှိနေတယ်” ဟု မထသ စည်းကမ်းထိန်းသိမ်းရေး ဌာနမှူး ဦးကာကျော်က
ဆိုသည်။
ယင်းအပြင် ယာဉ်မောင်းနှင့် ယာဉ်အကူများ အနေဖြင့် ဝင်ငွေ
ပိုမိုရရှိရေးကို အကြောင်းပြကာ ယာဉ်အချင်းချင်း ပြိုင်ဆိုင်
မောင်းနှင်ခြင်း၊ ခရီးသည်အပေါ် မောက်မာစွာ ပြောဆို ဆက်ဆံခြင်းများ အပါအဝင်
မည်သည့် စည်းကမ်း ချိုးဖောက်မှုကိုမျှ လက်ခံမည် မဟုတ်ဘဲ သတ်မှတ်ထားသည့်
စည်းကမ်းချက်များနှင့် မညီညွတ်ပါက အရေးယူနေပါကြောင်း ၎င်းက ပြောဆိုသည်။
မထသ(ဗဟို) အနေနှင့် ယာဉ်ပေါ်တွင် မီးသတ်ဆေးဘူး မပါရှိခြင်း၊ ဝတ်စုံ
မဝတ်ခြင်းနှင့် တံခါးဖွင့် မောင်းနှင်ခြင်းစသည့် ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ချိုးဖောက်မှုဆိုင်ရာ ၃၆ ခုအတွက်၂၀၁၄ ခုနှစ်အတွင်း(ဇန်နဝါရီလ
၂၈ ရက်အထိ) အမှုပေါင်း ၄၉၄ ခုကို အရေးယူ ဆောင်ရွက်နေကြောင်း
စာရင်းဇယားများတွင် ဖော်ပြထားသည်။ ယင်းတို့အနက် ဝတ်စုံ မဝတ်ခြင်းအတွက်
အရေးယူမှုမှာ အများဆုံးဖြစ်သည်။
ပါရမီယာဉ်လိုင်းမှ အထွေထွေ မန်နေဂျာ ဦးမြင့်ကြည်ကမူ ခရီးသည်များ၏
မကျေလည်မှုများအတွက် ယာဉ်ပေါ်တွင် ကပ်ထားသော ဖုန်းနံပါတ်များထံ တိုင်ပါ
ဟုဆိုသည်။ ယင်းတို့အတွက် မထသ (ဗဟို) ထုတ်ပြန်ထားသော စည်းကမ်းချက်များ
အတိုင်း အရေးယူသည်ဟု The Voice သို့ ပြောကြားသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည်ဟု တစ်လောကလုံးကို အသံဟစ်ထားသော သမ္မတ
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရန်ကုန် ယာဉ်လိုင်းများမှာ အခြေအနေ
ဆိုးလာသည်။ အထူးအမည်တပ် ယာဉ်လိုင်းများ ပေါ်လာပြီးနောက် ယင်းအချိန်က
ပြောင်းလဲ တိုးတက်ခဲ့သော တစ်ဦး နှစ်ရာကျပ်သာ တစ်သမတ်တည်း ကျန်တော့ပြီး
ကျန်သည့် ဝန်ဆောင်မှုများမှာ လူသိ သူသိပင် ပျောက်ကွယ်သွားသည်။
ကားများ ပိုစုတ်လာသည်။ စပယ်ယာများ စည်းကမ်း ပိုမဲ့ လာသည်။ အစိုးရသစ်
လက်ထက် အများပြည်သူသုံး ယာဉ်လိုင်းများ၏ အနေအထားမှာ အဆိုးဆုံး ရောက်နေသည်။
ခရီးသည်များ၏ တကယ့်အခြေခံ ရပိုင်ခွင့်များပင် ပြောင်ပြောင်တင်းတင်း
ချိုးဖောက်ခံနေရသည်။ အချို့နိုင်ငံပိုင် လုပ်ငန်းများ အရှုံးခံ လုပ်ကိုင်၊
ဝန်ကြီးဌာနများ အကြွေးတင်နေချိန်တွင် ရန်ကုန်လိုင်းကားစီး ခရီးသည်များမှာ
အပစ်ပယ်ခံများ ဖြစ်နေသည်။ ဖြစ်လိုရာဖြစ်။
မေးခွန်းထုတ်လျှင် မည်သည့်အချိန်တွင် မည်သို့ ဖြစ်လာမည်ဟု မသေချာသေးသော စီမံကိန်းများအကြောင်း မစားရ ဝမခန်း ထွက်လာလိမ့်မည်။
ယာဉ်မောင်း၊ ယာဉ်အကူများ အပါအဝင် ခရီးသွားပြည်သူများ အားလုံးအတွက်
စိတ်အနှောင့်အယှက် ဖြစ်နေရသည့် ယာဉ်ကြော ပိတ်ဆိုမှု ဖြေလျော့နိုင်ရန်တွက်
BRT (Bus Rapid Transit) စနစ်ကို ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့နှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဆွေးနွေးလျက် ရှိကြောင်း
နိုင်ငံပိုင် သတင်းစာအချို့တွင် ရေးသားထားသည်။
လက်ရှိတွင်မူ ယာဉ်ရုတ်တရက် ဘရိတ် အုပ်လိုက်မှုကြောင့် အမျိုးသမီးတစ်ဦး
နဖူးကွဲသွားရပြီ ဖြစ်သည်။ ထိုအမျိုးသမီးမှာ ရုတ်တရက် ဘာမျှပင်မပြော။
တောင်းပန်ခြင်းလည်း မရှိ၊ ထမင်းရှင်ဟု လူကြားကောင်းအောင် ရေးထားသာ
ခရီးသည်တွင် သွေးကျလာသော်လည်း စိတ်ပူဟန် လုံးလုံးမရှိသော စပယ်ယာက
ခရီးသည်ကို နီးရာ ဆေးခန်းသို့ ခေါ်သွားသည်။ ခရီးသည် အမျိုးသမီးအပြင်
ကျန်သည့် ခရီးသည်များလည်း ခွန်းတုံ့ မပြန်ဝံ့။
ထို့ကြောင့် ရန်ကုန်လိုင်းကားစီး ခရီးသည်များ အချင်းချင်း တွတ်ထိုး ပြောဆိုလေ့ရှိသည်မှာ “လိုင်းကားစီးရင်း ခန္တီပါရမီ ဖြည့်ပါ”
Written by
အောင်မျိုးထက်
The Voice Weekly
No comments:
Post a Comment