ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ
ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့
စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ
အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The
Voice သို့ ပြောကြားသည်။
အဆိုပါ ငံပြာရည်တံဆိပ်ကို ထိုင်းဘာသာစကားနှင့်သာ ရေးသားထားပြီး
တံဆိပ်ရုပ်ပုံမှာ အဖြူရောင် စားဖိုမှူး တစ်ဦးက ပုစွန်ကို ထမ်းထားသည့်ဟန်
ဖြစ်ကြောင်း၊ ငံပြာရည်ပုလင်း အရွယ်အစားသည် ၇၅၀ မီလီလီတာ ရှိပြီး
ပုလင်းနှင့် တံဆိပ်တွင် တူသော်လည်း အရောင်နှင့် အနံ့မှာ မူလငံပြာရည်
ပုလင်းနှင့် သိသိသာသာ ကွဲပြားကြောင်း ၎င်းကပြောကြားသည်။
ရန်ကုန်မြို့ မင်္ဂလာဈေးကွက်အတွင်း ရောင်းချနေသော ယင်းငံပြာရည်
ပုလင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ချိသူ ရွှေဆည်တော် ၉၉၉
ရောင်းဝယ်ရေး ကုမ္ပဏီက ယင်းသို့ တွေ့ရှိသဖြင့် စားသုံးသူ ကာကွယ်ရေးအသင်းထံ
အကြောင်းကြား ခဲ့ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့
ပြောဆိုသည်။
“ဝယ်ခဲ့တဲ့ အလုံးရေကိုတော့ အတိအကျ ပြောခွင့်မရှိဘူး။ ပြောလို့လည်း မရဘူး၊
အချိန်မီသိခဲ့လို့ ဈေးကွက်ထဲကိုတော့ မဖြန့်ခဲ့ဘူး။ တခြားသူတွေ
ဝယ်မိမှာစိုးလို့ စားသုံးသူ ကာကွယ်ရေး အသင်းကတစ်ဆင့် အသိပေးတာပါ” ဟု
၎င်းကဆက်လက် ပြောဆိုသည်။
အဆိုပါ ငံပြာရည်သည် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့်
ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လက်မှတ် ရရှိထားသော ငံပြာရည် ဖြစ်သော်လည်း
ယခုကဲ့သို့ အတုပေါ်ထွက် လာခြင်းကြောင့် ပြန်လည် ဓာတ်ခွဲစမ်းသပ်သွားမည်
ဖြစ်ကြောင်း FDA ၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့
ပြောကြားသည်။
စားသုံးသူ ကာကွယ်ရေးအသင်းနှင့် ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီတို့သည်
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အဆိုပါ ငံပြာရည်တံဆိပ်နှင့် ပတ်သက်ပြီး ညှိနှိုင်း
ဆွေးနွေးသွားရန် ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းထံမှ
စုံစမ်းသိရှိရသည်။
၂၀၁၃ ခုနှစ်အတွင်းက ငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသည်ဟု သတင်းများ
ထွက်ခြင်းနှင့် ပတ်သက်ပြီး ငါးပိဈေးကွက် နိမ့်ကျသွားပြီးနောက်
ယခုနှစ်ဆန်းပိုင်းတွင် ယင်းကဲ့သို့ ငံပြာရည်အတု စစ်ဆေးတွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment