ဖားကန့်တွင် ၃၇ တန် ရှိသော ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက်
၎င်းကျောက်စိမ်းတုံးကို မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA
တို့မှ အကျိုးအမြတ်ခွဲဝေမည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ အစိုးရကသာ
ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ
ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးကပြောသည်။
““ဒါက နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တဲ့အတွက် နိုင်ငံတော်ကပဲ ထိန်းသိမ်းမှာပါ””ဟု အထက်ပါအရာရှိကဆိုသည်။
ပြင်ပတွင် အဆိုပါကျောက်စိမ်းတုံးမှာ တန်ငါးဆယ်နီးပါးရှိသည်ဟု
ခန့်မှန်းနေသော်လည်း တာဝန်ရှိသူများက ၃၇ တန် သာရှိသည်ဟု ကနဦး
ခန့်မှန်းတွက်ချက်ထားသည်။
ေ ဖေဖော်ဝါရီ ၉ ရက်က ဖားကန့်မြို့နယ် ဝေခါကျောက်မှော်တွင် ၃၇ တန်ရှိ
တန်ဖိုးမြင့်ကျောက်စိမ်းတုံး တွေ့ရှိပြီးနောက် ယင်းကျောက်စိမ်းတုံးကို
မြန်မာစစ်တပ်နှင့် ယင်းဒေသမှ အာဏာပိုင်များက ထိန်းသိမ်းထားသည်ဟု ပြင်ပတွင်
သတင်းများထွက်ပေါ်နေခြင်းကို အထက်ပါအရာရှိက ငြင်းဆိုခြင်းဖြစ်သည်။ အဆိုပါ
ကျောက်စိမ်းတုံးကြီး၏ အစိတ်အပိုင်းအချို့မှာ မြေကြီးထဲတွင်
ရှိနေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။
ေ ကျောက်စိမ်းတုံးကြီးတွေ့သည်ဟု သတင်းများပေါ်လာလာချင်း
လုံခြုံရေးဆောင်ရွက်ရန် စစ်တပ်များရောက်ရှိနေသည်ဟု ကချင်ပြည်နယ်မှ
ဒေသခံများက ပြောဆိုနေကြပြီး နိုင်ငံတကာ သတင်းမီဒီယာများကလည်း
ကျောက်စိမ်းတုံးကြီးလုံခြုံရေးအတွက် စစ်တပ်အား အမြန်စေလွှတ်ထားကြောင်း
ဖော်ပြသည်။
ကချင်ပြည်နယ် ၀န်ကြီး လဂျွန်ငန်ဆိုင်းက အေပီသတင်းဌာနကို ပြောကြားရာတွင်
အလျား ၁၈ ပေ ခန့် ရှိမည်ဟု ထင်ရသော အဆိုပါကျောက်တုံးကြီးကို
မြေပေါ်သို့ရောက်လာအောင် လုပ်ရဦးမည်ဟုဆိုသည်။
““အခု ဒီကျောက်ကို စစ်သားတွေကစောင့်နေပါတယ်။ နောက်မှ ဘာလုပ်မလဲဆုံးဖြတ်မယ်””
ယင်းကျောက်စိမ်းတုံးကို ဖားကန့်မြို့နှင့် ၁၅ မိုင်ခန့်ဝေးသော
ဝေခါရွာမှော်တွင် စတင်တူးဖော်တွေ့ရှိခဲ့သော ကျော်နိုင်ဝင်းအား
ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းထွက်နေ၍ မေးမြန်းရာ ဖားကန့်ရဲစခန်းတွင်
ခေတ္တခဏခေါ်ယူ မေးမြန်းစစ်ဆေးခြင်းသာ ပြုလုပ်ခဲ့ပြီး ယင်းနေ့ကပင်
ပြန်လွှတ်ပေးခဲ့ကြောင်း ဖားကန့်ရဲစခန်းမှ တာဝန်ကျရဲအုပ်ကပြောသည်။
ကျောက်စိမ်းတူးဖော်ရရှိသူကိုမူ အကျိုးခံစားခွင့် မည်သို့ပေးမည်ကို
တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
၃၇တန်ရှိ ကျောက်စိမ်းတုံးကိုမူ ဖားကန့်မြို့နယ်၊
ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်
ဒေသခံရဲတပ်ဖွဲ့များက ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ထားဆဲဖြစ်ပြီး
သတ္တုတွင်းဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ကျောက်စိမ်းတုံးကို
လာရောက်တိုင်းတာစစ်ဆေးမှုများပြုလုပ်မည်ဟု သိရကြောင်း အထက်ပါရဲအုပ်ကဆိုသည်။
လက်ရှိ ဝေခါမှော်အနီးတွင် စစ်တပ်အပါအ၀င် ဒေသခံအာဏာပိုင်များက
လုံခြုံရေးအပြည့်အ၀ ရယူထားပြီးတစ်နိုင်တစ်ပိုင် ကျောက်မျက်တူးဖော်သူနှင့်
ရေမဆေးကျောက်ရှာသူများ လာရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားကြောင်း
ဖားကန့်မြို့နယ်မှ ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်
ဦးစိုးနိုင်ကပြောသည်။
““ဒီရက်ပိုင်း ဖားကန့်မှာ ရေမဆေးရှာသမားတွေ နေစရာထိုင်စရာကိုမရှိဘူး လိုက်ဖမ်းနေတယ်”” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကေအိုင်အေတပ်မတော်တို့
ကာလရှည်တိုက်ပွဲများဖြစ်ပွားနေသောကြောင့်
ကုမ္ပဏီပိုင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်
ကျောက်စိမ်းအများဆုံးထွက်ရှိရာနိုင်ငံဖြစ်ပြီး အများစုမှာ
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ထွက်ရှိသည်။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ
ပညာရှင်များ၏ခန့်မှန်းချက်အရ မြန်မာသည် ကျောက်စိမ်းမှရရှိသောငွေ
အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့်ရှိပြီး ဂျီဒီပီခေါ် တိုင်းပြည်တွင်
ထုတ်လုပ်မှုဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။
သို့ရာတွင် ကျောက်စိမ်းလုပ်ငန်းမှာ ရှုပ်ထွေးအငြင်းပွားဖွယ်ရာလုပ်ငန်းတစ်ခု
ဖြစ်ပါသည်။ ကျောက်တွင်းစီးပွားရေးလုပ်ငန်း အများစုကို မြန်မာစစ်တပ်နှင့်
နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးသမားများက
ထိန်းချုပ်ထားပြီး အကောင်းဆုံးကျောက်များကို တရုတ်နိုင်ငံသို့
ခိုးထုတ်လေ့ရှိကြသည်။ ကျောက်သမားအများစုမှာ ဖားကန့်ကျောက်တွင်းသို့လာပြီး
ကျောက်အောင်သည့်ဘ၀ကို စိတ်ကူးယဉ်ကာ ဘိန်းဖြူသားကောင်များအဖြစ်သို့
ရောက်ကုန်ကြသည်။
““အဲဒီနေရာက မြန်မာစစ်တပ်က ကြီးစိုးထားတဲ့နေရာပေါ့။
သဘာဝသယံဇာတတွေရှိတဲ့နေရာတွေကို သူတို့က
ဗျူဟာမြောက်တဲ့လုံခြုံရေးယူထားဖို့ကြိုးစားနေကြောင်းပြနေတာ””ဟု ဘားမား
ကမ်ပိန်းယူကေမှ မက်ခ်ဖာမနာကပြောကြားသည်။
7day Daily
No comments:
Post a Comment