Sunday, February 23, 2014

ရခိုင် ပညာရည်ချွန်ဆုနှင့် ထူးခြားထူးချွန်ဆုပေးပွဲ အခမ်းအနား ရန်ကုန်တွင် ပြုလုပ်

ရခိုင်သဟာယအသင်း(ရန်ကုန်)နှင့် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)တို့မှ ပူးပေါင်း ကျင်းပပြုလုပ်သော ၂၀၁၃ ခုနှစ် ပညာရည်ချွန်နှင့် ထူးခြားထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တွင် ယနေ့ ကျင်းပ ပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားကို ရွှေတိဂုံအရှေ့ဘက်မုဒ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ယနေ့ နေ့လယ် ၁ နာရီမှညနေ ၄ နာရီထိကျင်းပပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား လူကြီးများ၊ ဆုရကျောင်းသူ ကျောင်းသားများနှင့် မိဘများ၊ ထူးချွန်ဆုရသူ အရပ်ဘက်မှ ပုဂ္ဂိုလ်များ အပါအ၀င် စုစုပေါင်း လူပေါင်း ငါးရာကျော်ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နာယက ဆရာတော် တိပိဋကဓရ/ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍညဂါရိက ဘဒ္ဒန္တဣပါလမှ အဖွင့်အမှာ စကားပြောပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သတ်ပြီး ရခိုင်သဟာယအသင်းဥက္ကဌ ဦးလှမောင်သိန်းက နိရဉ္စရာသို့ ယခုလို ပြောကြားသည်။
”ကျနော်တို့ ရခိုင်ပြည်နယ်ဟာ ပညာရေးပိုင်းမှာ  အဘက်ဘက်က နိမ့်ကျနေပါတယ်။ ခုလို ပညာရည်ချွန် ဆုပေးပွဲတွေ ပြုလုပ်ခြင်းအားဖြင့် ပညာရေး အခန်းကဏ္ဍကို မြေတောင် မြောက်ပေးရာ ရောက်မယ်။ ဒြါ့ပင် နောက်လာမယ့် မျိုးဆက်သစ်တွေကို အားကျအတုယူစေချင်တယ်။ အဘက်ဘက်က ထူးချွန်ပြောင်မြောက်တဲ့ ရခိုင်အမျိုးသားတွေ ပေါ်ပေါက်လာရေးအတွက် ခုလို ပညာရည်ချွန်ဆုနဲ့ ထူးခြား ထူးချွန် ဆုပေးပွဲတွေကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယခုနှစ် ၂၀၁၃ ခုနှစ် ပညာရေးချွန်ဆုပေးပွဲနှင့် ထူးခြားထူးချွန် ဆုပေးပွဲ အခမ်းအနားတွင် တက္ကသိုလ် ၀င်တန်း အောင်မြင်ခဲ့ကြသူများထဲမှ ခြောက်ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၈)ဦးနှင့် သုံးဘာသာဂုဏ်ထူးရှင် (၁၉) ဦးတို့အား အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။
ယင်းအပြင် ၂၇ ကြိမ်မြောက် Sea Game မှ ထူးချွန်ဆုရသူများ အပါအ၀င် လူမှုနယ်ပယ်အသီးသီးမှ ထူးချွန်သူ (၂၂)ဦးကိုလည်း ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
Yangon
ထူးချွန်ကျောင်းသားတစ်ဦးဖြစ်သည့် (၆) ဘာသာ ဂုဏ်ထူးရှင် မောင်ကျော်ကျော်မြင့်ကလည်း ဆုချီးမြှင့်ခြင်းခံရသည့် အပေါ် ယခုလို နိရဉ္စရာသို့ ပြောကြားသည်။
”ကျနော် ခုလိုထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာတာဟာ ကျောင်းက သင်လိုက်တဲ့ သင်ခန်းစာတွေကို နေ့စဉ်မှန်မှန် ပြုလုပ်ပြီး ဆရာ ဆရာမ စကားကို မြေ၀ယ်မကျ နားထောင်ခဲ့လို့ဖြစ်ပါတယ်။ ဒီလို ကြိုးစားနေချိန်မှာ ရခိုင်ပြည်ထဲမှာ ဖြစ်ပွါးခဲ့တဲ့ အရေးအခင်းတွေကြောင့် နှစ်လလောက် စာသင်ချိန်တွေ ပျက်ခဲ့ရပါတယ်။ ဒီ့အပြင်မေးခွန်းတွေကလည်း ပြည်နယ်နဲ့ တိုင်းအလိုက် ကွာခြားမူတွေကြောင့် အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ မေးခွန်းတွေကိုတော့ တစ်နိုင်ငံလုံး တစ်ပြေးညီထုတ်စေချင်ပါတယ်။ ခုလို ဆုချီးးမြှင့်ခံရတဲ့ အတွက် စီစဉ်ကြတဲ့ လူကြီးတွေကို အထူးကျေးဇူးတင်သလို ဆုရရှိတဲ့ အတွက်လည်း အထူး ၀မ်းသာပါတယ်” ဟု ပြောကြားသည်။
ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသာရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်သဟာယ အသင်း ဥက္ကဌ ဦးလှမောင်သိန်း၊ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်) ဥက္ကဌ ဒေါ်မြညွှန့်၊ ပါမောက္ခ ဒေါ်စောမြရီတို့လည်း တက်ရောက်ခဲ့ကြသည်။

Narinjara

No comments:

Post a Comment