“အိမ်နီးချင်းကို ရွေးချယ်မရ” ဆိုသည်မှာ စင်ကာပူနိုင်ငံ လက်ကိုင်ထားသော
သဘောတရားတစ်ခု ဖြစ်ပြီး ထိုသဘောတရားကို အခြေခံကာ နိုင်ငံကြီးပွား
တိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင် ခဲ့သည်ဖြစ်ရာ
အင်အားကြီး အိမ်နီးချင်းများနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ အတွက်
သင်ခန်းစာယူရမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တို့ကို ရွေးချယ်မရ၊
နဂိုကတည်းက ရှိနေပြီးဖြစ်သည့် အတွက် ထိုအိမ်နီးချင်းတို့ကို သတိထားပြီး
မိမိအခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံရမည် ဟူသော
သဘောပင်ဖြစ်သည်။
လူဦးရေ ငါးသန်းခန့်သာ ရှိကာ ရန်ကုန်မြို့ခန့်သာ ရှိသော
ကျွန်းနိုင်ငံငယ်လေး စင်ကာပူသည် ယင်းထက် အဆများစွာ ကြီးမားသော၊ သယံဇာတ
ကြွယ်ဝသော၊ လူဦးရေ အဆပေါင်းများစွာ များပြားသော အိမ်နီးချင်းများ အကြား
ရှင်သန်ရပ်တည်ရေးကို ရေရှည်ရေတို မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်
ကျင့်သုံးနေရသော နိုင်ငံဖြစ်သည့်အတွက် “You cannot choose your neighbors”
ဆိုသည့် စကားမှာ စင်ကာပူ၏ နိုင်ငံခြားရေးမူဝါဒ၊ လူဝင်မှုကြီးကြပ်ရေး မူဝါဒ၊
ပြည်ထဲရေးမူဝါဒ၊ ကာကွယ်ရေးမူဝါဒ စသော ပြည်သူ့ရေးရာ မူဝါဒများစွာတို့၏ အသက်
ဖြစ်လာသည်။
စင်ကာပူနိုင်ငံ တည်ထောင်စ ၁၉၆၅ ကာလများက ရန်ဘက်ပြိုင်ဘက် သဖွယ် ဖြစ်ခဲ့ပြီး
နောက်ပိုင်းတွင် ပြန်လည် သင့်မြတ်လာသည့်တိုင် အငြင်းပွားမှုများ
ကျယ်ကျယ်လောင်လောင် ဖြစ်ဆဲ မလေးရှားနိုင်ငံ၊ လူဦးရေသန်း ၂၅၀ ခန့်
အင်ဒိုနီးရှားနိုင်ငံ တို့သည် မလေးစကားပြော အနွယ်များ ဖြစ်သည်။
စင်ကာပူနိုင်ငံ လူဦးရေတွင် ဒုတိယအများဆုံးမှာ မလေးများ ဖြစ်သည့်အတွက်
နိုင်ငံတွင်း အဓိက မျိုးနွယ်ကြီးများဖြစ်သည့် တရုတ်၊ မလေးနှင့်
အိန္ဒိယတို့အကြား လူဦးရေ အချိုးအစား ပြောင်းလဲမသွားရေးကို အဓိက ဂရုစိုက်ကာ
မျက်ခြည်မပြတ် ကြည့်နေရသည်မှာလည်း စင်ကာပူနိုင်ငံ ရှင်သန်ရပ်တည်ရေး မူဝါဒ၏
အဓိကအစိတ်အပိုင်း ဖြစ်သည်။
သေးငယ်ပြီး သဘာဝသယံဇာတ မရှိသောကြောင့် ကုန်သွယ်ရေး၊ ငွေအရင်းအနှီးများ ရရေး
စသော စီးပွားရေးတွင် အခြားနိုင်ငံများကို အားကိုးရသည့် စင်ကာပူသည်
နိုင်ငံတည်ငြိမ်မှသာ ရင်းနှီးမြှုပ်နှံ လိုသူများအား
ဆက်လက်ဆွဲဆောင်နိုင်မည် ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို လိုလားသလို
အိမ်နီးချင်းများနှင့် ချစ်ကြည်ရေး ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်သည်မှာ
အထူးမှတ်သားစရာ ဖြစ်သည်။ ငြိမ်းချမ်းရေးကို လိုလားသော်လည်း မိမိနိုင်ငံကို
ထိပါးလာလျှင် မှတ်လောက်သားလောက်အောင် တုံ့ပြန်နိုင်ရန် သေးငယ်သော်လည်း
ခေတ်မီ ထက်မြက်သည့် အဆိပ်ပြင်း တပ်မတော်တစ်ရပ် ထားရှိခြင်းဖြင့်
ငြိမ်းချမ်းရေးကို အကောင်းဆုံး ထိန်းသိမ်းထားသည်။ စင်ကာပူနိုင်ငံသား
အရွယ်ရောက်သူ အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးသောကြောင့်
တပ်မတော်၏ အရန်အင်အားသည် တစ်နိုင်ငံလုံးပင် ဖြစ်ပြီး တပ်မတော်နှင့်ပြည်သူ
တစ်သားတည်း ဖြစ်စေသည်။
“ကြက်ဥအားလုံးကို ခြင်းတောင်းတစ်လုံးတည်းတွင် မထည့်ရ” ဟူသော စကားအတိုင်း
အိမ်နီးချင်းနိုင်ငံများ အပေါ်တွင်သာ ကိုယ့်ကံကြမ္မာကို ပုံမထားဘဲ ဒေသ
အပြင်ဘက်မှ အင်အားကြီးနိုင်ငံများ ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ
စသော နိုင်ငံများနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးများ တည်ဆောက် ထားရှိသလို
စစ်ရေး ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခြင်း တို့ဖြင့်
မိမိရွေးချယ်ပိုင်ခွင့် တို့ကို စင်ကာပူသည် ဖြန့်ကြက်ထားသည်။
မိမိထက် အင်အားကြီးသော နိုင်ငံများနှင့် အိမ်နီးချင်း ဖြစ်နေရသောနိုင်ငံငယ်
များသည် သာမန်မတွေးဘဲ တီထွင်ဖန်တီးမှု ရှိရှိဖြင့် မူဝါဒများ ရေးဆွဲ
ဖော်ဆောင်နိုင်ခြင်းဖြင့် အချုပ်အခြာအာဏာ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲပြီး
အမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အဆိုပါ နိုင်ငံများနှင့် အကျိုးတူ
Win-Win ဆောင်ရွက်နိုင်ကြောင်း စင်ကာပူထံမှ သင်ခန်းစာ ယူနိုင်ပါသည်။
မြန်မာနိုင်ငံသည် လူဦးရေ သန်း ၁၃၀၀ ကျော်ရှိသည့် ကမ္ဘာ့မဟာအင်အားကြီး
လောင်းလျာ တရုတ်နိုင်ငံ၊ လူဦးရေ သန်း ၁၂၀၀ ကျော်ရှိသည့် အစဉ်အလာ
အင်အားကြီး အိန္ဒိယ၊ ရှမ်းပြည်နယ် အရွယ်အစားလောက်သာ ရှိသော်လည်း
မြန်မာလူဦးရေ၏ သုံးဆခန့် လူဦးရေဖြင့် လူဦးရေ ပေါက်ကွဲကြီးထွားနေသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပြည်ပရန်တို့ကို နေရာပေးခဲ့သည့် ထိုင်းနိုင်ငံ
တို့နှင့် နယ်ချင်းရှည်လျားစွာ ဆက်စပ်နေသည် ဖြစ်သောကြောင့် “ရွေးချယ်မရသော
အိမ်နီးချင်းများ” သဘောတရားကို အခြေခံကာ မူဝါဒများ ရေးဆွဲ အကောင်အထည်ဖော်
သင့်ကြောင်း သတိပေးလိုက်ပါသည်။
အယ်ဒီတာ (၂၇.၂.၂၀၁၄)
The Voice Weekly
No comments:
Post a Comment