Saturday, March 1, 2014

မြန်မာပြည်ရောက် ကျွန်မအိုင်ဖုန်း

ပြီးခဲ့သည့်လက မြန်မာနိုင်ငံ ရန်ကုန်အနှံ့ ခြေဆန့်စဉ် ဧည့်လမ်းညွှန်ကို ကျွန်မအား ဓာတ်ပုံတစ်ပုံ ရိုက်ပေးရန် ပြောမိသည်။ ကျွန်မက သူ့ကို အိုင်ဖုန်း (iPhone) ကမ်းပေးလိုက်ပြီး “ဘယ်လို ရိုက်ရတယ်ဆိုတာ သိရဲ့လား” ဟုလည်း မေးလိုက်သည်။ သူက ဘဝင်မကျသလိုဖြင့် “သိပါတယ်” ဟု တုံ့ပြန် ပြောလိုက်သည်။
ကျွန်မ ဆိုလိုသည်က ယခင် အိုင်ဖုန်းကို မသုံးဖူးသောကြောင့် ဓာတ်ပုံ ရိုက်တတ်ပါ့မလား ထင်ပြီး မေးလိုက်ခြင်း ဖြစ်သည်။ ကျွန်မသည် ထိုကဲ့သို့သော အမေးမျိုးကို မိခင် ဖြစ်သူကိုလည်း မေးခဲ့ဖူးသည်။ သူတကယ်လို့ ခလုတ် မနှိပ်တတ်ဘူး ဆိုလျှင် ကျွန်မက လက်တွေ့ သင်ပြ ပေးလိုသောကြောင့် ဖြစ်ပါသည်။

Apple ကုမ္ပဏီထုတ် အိုင်ဖုန်းကို မြန်မာပြည်တွင် မရောင်းကြောင်း ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တစ်ဦးက ပြောဖူးသည်။ ရန်ကုန်တွင် Apple ကုမ္ပဏီက တရားဝင် ရောင်းချခွင့် ပြုထားသည့် အရောင်းဆိုင် နှစ်ဆိုင် ရှိသည်။ သို့သော် ထိုဆိုင်များတွင် Mac ကွန်ပျူတာများ ကိုသာ ရောင်းချကြသည်။
ကျွန်မ၏ ဧည့်လမ်းညွှန် သူရိန်မြင့် ပြောသည့်အတိုင်း ဆိုလျှင် မြန်မာနိုင်ငံတွင် iPhone 5C ကို လူကြိုက်အများဆုံး ဖြစ်ကြောင်း သိရသည်။ ထိုဖုန်းဈေးကလည်း ဒေါ်လာ ထောင်ဂဏန်းခန့် ရှိသည်။ iPhone 5C ကိုပင် ဒေါ်လာ ၁၄၀၀ ခန့် ပေးမှရသည်။ မြန်မာနိုင်ငံတွင် ထိုဖုန်းများကို တရားဝင် မရောင်းဟု ဆိုလိုက်သဖြင့် ခိုးကြောင်ခိုးဝှက် လမ်းကြိုလမ်းကြားတွင် ရောင်းသည်ဟု မထင်စေလိုကြောင်း၊ ဖုန်း အရောင်းဆိုင်များတွင် ဗြောင်ရောင်းချ နေကြကြောင်း သူရိန်က ပြောသည်။ သို့သော် ပြည်သူတွေက အိုင်ဖုန်းတွေကို အမှန်တကယ် ဝယ်သုံးနိုင်ကြသလား၊ လိုချင်ရုံ ဆန္ဒ သက်သက်လား စဉ်းစားစရာ ဖြစ်သည်။
မြန်မာနိုင်ငံ၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ နောက်တစ်နှစ် ဇန်နဝါရီလတွင် အစိုးရသစ်ဖြင့် ကဏ္ဍသစ် တစ်ရပ် ဖွင့်လှစ်လိုက်သည်။ ရွေးကောက်ပွဲကို အပြစ် အနာအဆာ မရှိဟု အများက လက်ခံခဲ့ကြသည်။ သမ္မတသစ် ဦးသိန်းစိန် တက်လာပြီး ယခင် တပ်မတော် အရာရှိဟောင်းများ၊ လက်ရှိ တာဝန် ထမ်းဆောင်ဆဲ အရာရှိများ အစိုးရ အဖွဲ့ထဲတွင် ပါဝင်လာခဲ့ကြသည်။ ဦးသိန်းစိန်၏ အုပ်ချုပ်မှု ပုံစံမှာ နိုင်ငံကို ပြည်ပနိုင်ငံများနှင့် ဆက်သွယ်နိုင်ရန် တံခါးဖွင့် ပေးလိုက်သည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များနှင့် နယ်ပယ်ကဏ္ဍ အသီးသီးတွင် ရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း ဖိတ်ခေါ်လိုက်လေသည်။
မြန်မာနိုင်ငံသည် ပွင့်လင်း မြင်သာမှု မရှိသေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲဟု ဆိုရမည်။ ဖုန်းလုံးရေ မည်မျှ ထုတ်ရောင်းပြီးပြီ ဆိုသည့် သတင်း အချက်အလက်များ ကိုလည်း ထိန်းချုပ်ထားသည်။ ယမန်နှစ် ပထမနှစ်ဝက်လောက် အထိ မြန်မာနိုင်ငံတွင် ဖုန်းလုံးရေ ၁၆၀,၀၀၀ ခန့်သာ ရောင်းချခဲ့သေးကြောင်း ဈေးကွက် သုတေသန ဌာနတစ်ခု ဖြစ်သည့် IDC (International Data Corporation) အဖွဲ့က ဆိုသည်။ မြန်မာနိုင်ငံနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ကာလတွင် ဗီယက်နမ်နိုင်ငံ၌ ဖုန်းလုံးရေ ၁၂ သန်းခန့်၊ အိန္ဒိယတွင် ဖုန်းလုံးရေ ၂၃ သန်းခန့်နှင့် တရုတ်နိုင်ငံတွင် ဖုန်းလုံးရေ ၂၄၀ ရောင်းချခဲ့ပြီး ဖြစ်ကြောင်း နှိုင်းယှဉ်ကြည့်နိုင်သည်။
“တံခါးဖွင့်ပေးလိုက်တယ် ဆိုပေမယ့် ဈေးကွက်က တကယ့်ကို သေးသေးလေး ရှိသေးတယ်” ဟု IDC မှ သုတေသီ တစ်ဦးဖြစ်သူ မယ်လစ်ဆာချောင်းက ကျွန်မကို ပြောခဲ့သည်။ ၂၀၁၃ ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံ၏ ဈေးကွက်ရှယ်ယာ အများဆုံး သိမ်းပိုက်သွားသူမှာ Huawei ကုမ္ပဏီ ဖြစ်သည်။ ဖုန်းတစ်လုံးကို စတင်ရောင်းစက ဒေါ်လာ ၁၁၀ ခန့်နှင့် စတင် ရောင်းချခဲ့သည်။ Samsung ကုမ္ပဏီက ဒုတိယ လိုက်သည်။ သူနောက်တွင် HTC ရှိသည်။ မြန်မာနိုင်ငံတွင် Apple က အဆင့် ၇ လောက်တွင် ရှိသည်။ ဈေးကွက်၏ တစ်ရာခိုင်နှုန်း လောက်ကိုသာ ရရှိထားခြင်း ဖြစ်ကြောင်း ချောင်းက ဆိုသည်။
တနင်္လာနေ့က ၂၀၁၃ ခုနှစ် စတုတ္ထ လေးလပတ်တွင် အိုင်ဖုန်းလုံးရေ ၅၁ သန်းခန့် ရောင်းချပြီးခဲ့ကြောင်း Apple ကုမ္ပဏီက ထုတ်ပြန် ကြေညာခဲ့သည်။ ကျွမ်းကျင်သူ ပညာရှင်များက ၅၅ သန်းခန့် ရောင်းချနိုင်လိမ့်မည်ဟု မျှော်မှန်း ထားသော်လည်း စံချိန် မချိုးနိုင်ခဲ့ပေ။
“ချမ်းသာတဲ့သူတွေ အမြင့်ဆုံး ဖုန်းတွေကို ကိုင်မသုံးတော့မှာကို စိုးရိမ်မိတယ်” ဟု Sanford C. Bernstein အဖွဲ့မှ ဘဏ္ဍာရေး ကျွမ်းကျင် ပညာရှင် တိုနီဆက်ကိုနာဂီက Times မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ သူက အမေရိကန် ပြည်ထောင်စုနှင့် အနောက် ဥရောပ ဈေးကွက်ကို ရည်စူးပြီး ပြောကြားခြင်း ဖြစ်သည်။
အိုင်ဖုန်းကို လိုအပ်ချက် အများဆုံး နိုင်ငံများတွင် တရုတ်၊ လက်တင် အမေရိက၊ ရုရှားနိုင်ငံတို့ ပါဝင်သည်။ Apple ကုမ္ပဏီသည် အာရှအတွက် အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် China Mobile ကုမ္ပဏီနှင့် စီးပွားဖက် မဟာမိတ် ဖွဲ့ထားလိုက်သည်။ ထိုကုမ္ပဏီက တစ်ဆင့် တရုတ်နိုင်ငံသို့ အိုင်ဖုန်းများ ရောင်းချပေးသည်။
iPhone 5C သည် တရုတ်နိုင်ငံတွင် ဒေါ်လာ ၈၇၀ ခန့် ပေးရပြီး မြန်မာနိုင်ငံတွင် ဒေါ်လာ ၄၀၀ ခန့် ပေးရသည်။ အာရှသားတွေ မကပ်နိုင်သော ဈေးဖြစ်ပြီး သိပ်ပြီး မက်မက်မောမောလည်း မရှိသည့် အနေအထား ဖြစ်သည်။ အာရှတံတိုင်းကို ဖြိုရန် Apple အနေနှင့် အများကြီး ကြိုးပမ်း ရလိမ့်မည်။ အနောက်နိုင်ငံများတွင် ပေါက်သည် ဆိုသော်လည်း သူ့ဈေးကတော့ အလွန်ကြီး နေသေးသည်။
မြန်မာနိုင်ငံတွင် အိုင်ဖုန်းကို တရားဝင် မရောင်းဟု ဆိုသော်လည်း သူတို့ပေး ဝယ်သုံး နေကြရသည့် ဈေးက အလွန် မြင့်မားလှသည်။ အမေရိကန် ပြည်ထောင်စု၊ ဟောင်ကောင်၊ စင်ကာပူနှင့် အခြား နိုင်ငံများမှ တစ်ဆင့် ပြန်ဝယ်ကာ ရောင်းနေသည့် တရားမဝင် ဈေးကွက်က တစ်ဆင့် ဝယ်ယူ သုံးစွဲ နေကြရသောကြောင့် ဖြစ်ကြောင်း ချောင်းက ဆိုသည်။ အိုင်ဖုန်းကိုင်လျှင် ဂုဏ်ရှိသည်ဆိုစေ သတ်မှတ်ထားသည့် ဈေးကြောင့် အာရှသားများ ကြားတွင် အခြားပြိုင်ဘက် ကုမ္ပဏီများနှင့် Apple သည် ယှဉ်ပြိုင်ရဦးမည့် အနေအထားတွင် ရှိနေသည်။
မြန်မာနိုင်ငံသည် ထူးထူးခြားခြား ဆဲလ်ဖုန်း အလွန်ရှားသော နိုင်ငံ ဖြစ်နေသည်။ လွန်ခဲ့သည့် နှစ် အနည်းငယ်က စစ်တပ်နှင့် အချိတ်အဆက်သာ မရှိဘူးဆိုလျှင် ဖုန်းကိုင် သုံးနိုင်မည့် အနေအထားတွင် မရှိပေ။ နောက်ပိုင်း ဖုန်းတစ်လုံးလျှင် ဒေါ်လာ သုံးထောင်ခန့် ပေးပြီး အသုံးပြု လာကြရသည်။ သို့သော် အခြေအနေက ပြောင်းလဲလာသည်။ ယခု SIM ကတ် တစ်ကတ်ကို ဒေါ်လာ ၂၀၀ ခန့်ဖြင့် ဝယ်သုံးနိုင်လာကြသည်။
အဝင်ဖုန်းကို သူတို့ ပိုက်ဆံ မပေးရပေ။ ပြင်ပ အထွက်ဖုန်း ခေါ်လျှင် တစ်မိနစ်ကို ငါးဆင့်ခန့် ပေးရသည်။ နောက်ပိုင်း အစိုးရက ပြည်သူလူထု စိတ်ဝင်စားလာစေရန် စတန့်ထွင်ပြီး SIM ကတ်များကို ရောင်းချသည်။ အစိုးရက ကံစမ်းမဲ ဖောက်သလိုလို SIM ကတ်များကို မဲဖောက်ပေးပြီး မဲပေါက်သူကို တစ်ကတ်လျှင် နှစ်ဒေါ်လာခန့်နှင့် ရောင်းချပေးသည်။ ဖုန်းသုံးရန် ပုံစံဖြည့်ပြီး အစိုးရကို ကြိုတင်ငွေ ပေးထားရသည်။ တစ်လလျှင် တစ်ကြိမ်ခန့်သာ မဲဖောက်ပေးသဖြင့် မဲမပေါက်သူများသည် နောက်တစ်ကြိမ် ပုံစံဖြည့်ပြီး ထားခဲ့ရသည်။
မြန်မာနိုင်ငံတွင် ဆဲလ်ဖုန်း အော်ပရေတာ အဖြစ် ဝန်ဆောင်မှု ပေးနေသော ပြည်တွင်းဌာန နှစ်ခု ရှိသည်။ ရရှိသည့် သုံးစွဲနိုင်မှု အနေအထားနှင့် ဝန်ဆောင်မှုက ညံ့ဖျင်းလှသည်။ ပြီးခဲ့သည့်နှစ် ဇွန်လက အစိုးရသည် နော်ဝေးနိုင်ငံမှ Telenor ကုမ္ပဏီနှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ကို လုပ်ပိုင်ခွင့် လိုင်စင် ၁၅ နှစ် ချပေးလိုက်သည်။
ထိုကုမ္ပဏီများသည် မြန်မာနိုင်ငံ ဆက်သွယ်ရေး လောကကို ခိုင်မာတောင့်တင်းစေရန် အားဖြည့် လုပ်ဆောင်ကြရမည် ဖြစ်သည်။ တစ်ချိန်က စက်ဘီးများကို တစ်နိုင်ငံလုံး နေရာအနှံ့ တွေ့ရသလို ဆဲလ်ဖုန်းများလည်း နိုင်ငံ တစ်ဝန်းလုံး ပျံ့နှံ့ လာတော့မည်မှာ သေချာသည်။ သို့သော် မော်တော် ဆိုင်ကယ်နှင့် ကားများ ပေါများ လာသဖြင့် စက်ဘီးများ ခေတ်နောက်ကျ ကျန်ခဲ့သည်ကိုလည်း သတိပြုရမည် ဖြစ်သည်။
ဆဲလ်ဖုန်းများ တိုးတက် ပြောင်းလဲ ကိုင်ဆောင်နိုင်မှုသည် မြို့ပြတွင် ထင်သာမြင်သာ အရှိဆုံးဖြစ်သည်။ လူတိုင်း ဆဲလ်ဖုန်းကိုင်ပြီး မသုံးနိုင်ဟု ဆိုသော်လည်း ကိုင်သုံးနိုင်သူတိုင်း သုံးစွဲနေကြသည့် ဖုန်းများမှာ နောက်ဆုံးပေါ် မော်ဒယ်လ်သစ် အဆင့်မြင့် ဖုန်းများ ဖြစ်ကြောင်း ကျွန်မ ခရီးစဉ် တစ်လျှောက်တွင် တွေ့မြင်ခဲ့ရပါသည်။
ရှေးဟောင်းမြို့တော် ဖြစ်ပြီး ဗုဒ္ဓ ဘုရားပုထိုးပေါင်း ရာနှင့်ချီ ရှိနေသော ပုဂံသို့ ရောက်သည့် အခါတွင် ကျွန်မ အိုင်ဖုန်းကို သုံးပြီး ဓာတ်ပုံများ ရိုက်ခဲ့သည်။ နိုင်ငံခြားသား ဧည့်သည်များကို အသုံးအဆောင် အမှတ်တရ ပစ္စည်းလေးများရောင်းသည့် ကလေး တစ်ယောက်က ကျွန်မပခုံးပေါ်မှ ကျော်ပြီး ကျွန်မ ကိုင်ထားသော ဖုန်းကို ကြည့်၍ “ဟာ အိုင်ဖုန်းပါလား” ဟု ပြောကာ စိတ်မသက်မသာနှင့် ညည်းပြီး ထွက်သွားသည်။

The Voice Weekly

No comments:

Post a Comment