ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က
ပါလီမန်ကို ဒီနေ့ ဖျက်သိမ်းလိုက်ပေမယ့် ဘန်ကောက်မြို့မှာ
အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က အောက်လွှတ်တော်မှာရှိတဲ့
အကြီးဆုံး အတိုက်အခံ ဒီမိုကရက်ပါတီက အမတ်အားလုံး
နုတ်ထွက်ခဲ့ပြီး
ဒီနေ့ အဆုံးသတ်တိုက်ပွဲအဖြစ် ဆန္ဒပြကြဖို့ စည်းရုံးနေချိန်မှာ ၀န်ကြီးချုပ်က ပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တာပါ။
ရုပ်မြင်သံကြားမိန့်ခွန်းမှာ ၀န်ကြီးချုပ် ယင်းလပ်က “ပါလီမန်ကို ယခုအချိန်ကစပြီး ဖျက်သိမ်းလိုက်ပြီး အခြေခံဥပဒေ ပုဒ်မ ၁၈၀ အပိုဒ်ခွဲ ၂ အရ ၀န်ကြီးချုပ်နဲ့ အဖွဲ့အားလုံး သက်ဆိုင်ရာ ရာထူးတွေကနေ ဆင်းပေးပါမယ်” လို့ ကြေညာပါတယ်။
နိုင်ငံရေးအုပ်စုတွေ အားလုံး၊ ပါတီတွေအားလုံးကို ပြဿနာကို အဖြေရှာတဲ့နေရာမှာ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲနည်းလမ်းကိုပဲ အသုံးပြုကြဖို့ ၀န်ကြီးချုပ်က တိုက်တွန်း လိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေအရ ပါလီမန် ဖျက်သိမ်းပြီးရင် ကြားဖြတ် ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမှာ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီက လွှတ်တော်အမတ်တွေ ဦးဆောင်တဲ့ ဆန္ဒပြသမားတွေက ပါလီမန်ကို ဖျက်သိမ်းလိုက်ပေမယ့် ယင်းလပ်အစိုးရအဖွဲ့ကပဲ ကြားဖြတ်အစိုးရအနေနဲ့ ဆက်ရှိနေမှာ ဖြစ်လို့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ဆန္ဒပြခေါင်းဆောင် ဆူသက်က ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို လက်မခံဘဲ လူကောင်းလူမှန်တွေနဲ့ ဖွဲ့စည်းမယ့် ပြည်သူ့ကောင်စီကိုပဲ လက်ရှိ အစိုးရနေရာမှာ အစားထိုးဖို့ တိုက်တွန်းနေပါတယ်။
ဝန်ကြီးချုပ် ယင်းလပ်ကတော့ ဒီ တောင်းဆိုချက်ဟာ အခြေခံဥပဒေနဲ့ မကိုက်ညီဘူး၊ ဒီမိုကရေစီ နည်းလမ်းလည်း မကျဘူးဆိုပြီး ပယ်ချထားပါတယ်။
ဒီ ဆန္ဒပြပွဲတွေဟာ ဆင်းရဲသားထောက်ခံတဲ့ ၀န်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ကို ထောက်ခံတဲ့သူတွေနဲ့ ဘန်ကောက်မြို့ပေါ်က ပညာတတ် လူလတ်တန်းစားတွေကြားထဲမှာ ၁၀ နှစ် ကြာ ပြိုင်ဆိုင်မှုတွေရဲ့အကျိုးဆက်အရ နောက်ဆုံး ထိပ်တိုက်တွေ့မှု ဖြစ်ပါတယ်။
နောက်ဆုံး ပဋိပက္ခတွေအတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး ဖြစ်ပြီး လူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဘန်ကောက်မြို့ပေါ်က ဒီနေ့ဆန္ဒပြပွဲတွေမှာ လူပေါင်း ၅ သောင်းလောက် ပါဝင်နေတယ်လို့ ရဲတွေက ဆိုပါတယ်။
ယင်းလပ် ဦးဆောင်တဲ့ ပွေထိုင်းပါတီဟာ ၂၀၁၁ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ပြီး ဆင်းရဲသား လူဦးရေများတဲ့ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်မဲဆန္ဒနယ်တွေမှာ အား ကောင်းပါတယ်။
အကြီးဆုံး အတိုက်အခံ ဒီမိုကရက်ပါတီဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လုံး ရွေးကောက်ပွဲတွေမှာ တကြိမ်မှ အနိုင်မရခဲ့ပါဘူး။ လက်ရှိ အစိုးရနဲ့ အလုပ်ဆက်လုပ်ဖို့ မဖြစ်နိုင်တော့တာကြောင့်လို့ ဆိုပြီး ဒီမိုကရက်ပါတီဝင် အောက်လွှတ်တော်အမတ်တွေ ၁၅၃ ယောက်လုံး မနေ့က နုတ်ထွက်ခဲ့ပါတယ်။
By ဒီဗွီဘီ

No comments:
Post a Comment