တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ ငါးသောင်းနီးပါး နှစ်စဉ်
တက်ရောက်လျက်ရှိသော ရန်ကုန်နှင့် မန္တလေး အဝေးသင် တက္ကသိုလ်များကို
နိုင်ငံတကာ အဝေးသင် ပညာရေး အဆင့်တိုးမြှင့်နိုင်ရန် သင်ကြားနည်းနှင့်
အကဲဖြတ် စိစစ်ခြင်းတို့ကို အဆင့်မြင့် ပညာရေး တာဝန်ရှိသူများ၊
အစိုးရအဖွဲ့များနှင့် ဆွေးနွေးနေကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။
အဝေးသင်
တက္ကသိုလ်များ သင်ကြားရေးအတွက် ဘာသာရပ်များ တိုးချဲ့သွားမည့်အပြင်
အွန်လိုင်း သင်ကြားမှုကို ပိုမိုအသုံးပြုရန် ဆွေးနွေးနေကြောင်း၊
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ အခြေစိုက် ပညာရေး မြှင့်တင်မှု
အကောင်အထည်ဖော်ရေး ကော်မတီက ရေးဆွဲနေသော အဆင့်မြင့် ပညာရေး မူဝါဒတွင်
အဆိုပါ တက္ကသိုလ်များကို ပညာသင်ယူမှု အခွင့်အလမ်း ပိုရနိုင်သော Open
University အဖြစ် ပြောင်းလဲသွားရန် ထည့်သွင်းထားကြောင်း ၎င်း ထပ်လောင်း
ပြောကြားသည်။
“တက္ကသိုလ်ဝင်ခွင့်ရော၊ ဆရာခန့်ထားရေး ပိုင်းတွေရော
အခုမှဆွေးနွေးနေတုန်း ရှိသေးတယ်” ဟု ပါမောက္ခချုပ် ဒေါက်တာလှတင့်က
ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ အဆင့်မြင့် ပညာရေးတွင်
တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၏ သုံးပုံတစ်ပုံ နီးပါးသည် အဝေးသင်
တက္ကသိုလ်များကို မှီခိုနေရသော်လည်း ရရှိခဲ့သော ဘာသာရပ်ဆိုင်ရာ
ဘွဲ့လက်မှတ်များမှာ လုပ်ငန်းခွင်နှင့် တိုက်ရိုက် ချိတ်ဆက်ရန်
အခက်အခဲများစွာ ရှိနေသေးသည်။
အဝေးသင် တက္ကသိုလ်များတွင် သင်ကြားနေသော
ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစား အားထုတ်မှုပိုင်း
လျော့နည်းလာမှုကြောင့် ယခုပညာသင်နှစ် စာမေးပွဲမှ စတင်ကာ အောင်ချက်
ရာခိုင်နှုန်းကို တင်းကျပ်စွာ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

No comments:
Post a Comment