ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ နီးပါး အကွာအဝေးရှိတဲ့
မယ်လဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်
မီးလောင်ပျက်စီးသွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။ဒီနေ့
နေ့လယ် ၂ နာရီက မယ်လဒုက္ခသည်စခန်း ဇုန်စီ ၃ မှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့
အိမ်ခြေ ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး မီးကူးမှာကို စိုးရိမ်တဲ့အတွက်
ဖျက်ရတဲ့ အိမ် ၄၀ လောက်ရှိတယ်လို့ စခန်းအတွင်းရေးမှူး ၂ နော်ဒေးဒေးဖိုး က
ပြောပါတယ်။
“စလောင်တာက ရပ်ကွက်ထဲက ဘော်ဒါဆောင် တခုကနေလို့ ကြားတယ်။
မီးလောင်တဲ့ အိမ်က ၁၂၀ လောက်ရှိတယ်။ အဲဒါအပြင် အမိုးတွေဖျက်ပစ်လိုက်တဲ့
အိမ်တချို့ရှိသေးတယ်။ မီးလောင်တဲ့ အနီးအနားတ၀ိုက်က ဖျက်ဆီးလိုက်တဲ့
အိမ်တွေက ၃၀၊ ၄၀ လောက်ရှိတယ်။ ထိခိုက် ဒဏ်ရာက ၂ ယောက် ကလေးတယောက်
လူကြီးတယောက်ပါ။”
၂ နာရီလောက်မှာ မီးစလောင်ပြီး ၃ နာရီခွဲလောက်မှာ
မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ကလေး တဦးနဲ့
လူကြီးတဦး ထိခိုက်ဒဏ်ရာရရှိပြီး လူကြီးဖြစ်သူဟာ
ဒဏ်ရာအနည်းငယ်ပြင်းတဲ့အတွက် မယ်လဆေးရုံမှာ ဆေးကုသ ခံယူနေရတယ်လို့
ပြောပါတယ်။
မီးသတ်ကား ၆ စီးလောက် လာရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။
နေအိမ်တွေ
မီးလောင်ပျက်စီးသွားသူတွေဟာ နီးစပ်ရာ အသိမိတ်ဆွေအိမ်မှာ ခိုလှုံနေကြတယ်လို့
နော်ဒေးဒေးဖိုးက ပြောပါတယ်။ ဆောင်းရာသီဖြစ်တာကြောင့် အစားအသောက်အပါအ၀င်
စောင်၊ အနွေးထည် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့
၂၀၁၂ ဧပြီလကလည်း ဇုန်စီ ၁ မှာရှိတဲ့ ကျမ်းစာသင်ကျောင်း မီးလောင်ခဲ့လို့
ကျောင်းသုံးပစ္စည်းတွေအပါအ၀င် စာနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
မယ်လဒုက္ခသည်စခန်းမှာ လူဦးရေ ၅ သောင်းဝန်းကျင် ခိုလှုံနေထိုင်ပါတယ်။
အလားတူ
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်
ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာ
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၃၀၀၀ ကျော် ပျက်စီးပြီး ဒုက္ခသည်
သောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
by dvb

No comments:
Post a Comment