ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများအား ဌာနမှ အပိုယာဉ်များ
ယူဆောင်သုံးစွဲခြင်း၊ ဇနီး၊ သားသမီးများကို မောင်းနှင်စေခြင်း၊
သတ်မှတ်ချက်ထက် စက်သုံးဆီ ပိုမိုသုံးစွဲခြင်း မပြုလုပ်ကြရန်
ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ညွှန်ကြားချက်
ထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများသည်
သတ်မှတ်ထုတ်ပေးထားသည့် ယာဉ်အရေအတွက်၊ ယာဉ်အမျိုးအစားကိုသာ
မောင်းနှင်သုံးစွဲကြရန်လည်း အစိုးရအဖွဲ့ရုံး
ညွှန်ကြားရေးမှူးချုပ်လက်မှတ်ဖြင့် ၀န်ကြီးဌာနများသို့ ပေးပို့သော
ညွှန်ကြားလွှာတွင်ဖော်ပြထားသည်။
ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးများသည်
ရုံးသုံး၊ အိမ်သုံးနှင့် ခရီးသွားရန် မော်တော်ယာဉ်သုံး စီး
အဆောင်အယောင်အဖြစ် ရရှိပြီး မော်တော်ယာဉ်တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀ စီ
အခမဲ့ထုတ်ယူခွင့်ရရှိထားသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို အစိုးရက
အကုန်အကျခံရပြီး ပြင်ပယာဉ်မောင်းသုံးဦးအတွက် လစာငွေတစ်သိန်းခန့်စီကိုလည်း
အစိုးရကထုတ်ပေးရသည်။ ၀န်ကြီးတစ်ဦးစီသည် အိမ်အကူနှင့် ခြံစောင့်တစ်ဦးစီပါ
ခန့်ထားခွင့်ရရှိထားပြီး ၎င်းတို့အတွက် လစာငွေကိုလည်း အစိုးရက ကျခံရသည်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏
ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေပုဒ်မ ၂၁ နှင့်
ပုဒ်မ ၂၂ တွင် ၀န်ကြီးနှင့် ဒုတိယ၀န်ကြီးများသည် အဆောင်အယောင်အဖြစ်
မော်တော်ယာဉ် သုံးစီး၊ ယာဉ်မောင်းသုံးဦး၊ ယာဉ်တစ်စီးလျှင် တစ်လ
စက်သုံးဆီဂါလန် ၆၀ နှင့် အမှန်တကယ်ကုန်ကျမည့် စက်ဆီ၊ ချောဆီများ
ခံစားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
အစိုးရအဖွဲ့၏ ညွှန်ကြားလွှာတွင်
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနပိုင်
ပါဂျဲရိုးမော်တော်ယာဉ်သည် စက်ဘီးစီးနင်းလာသူ နှစ်ဦးကို ဒဂုံမြို့နယ်၊
မြို့မကျောင်းလမ်းတွင် တိုက်မိခဲ့ရာ ယာဉ်တိုက်ခံရသူနှစ်ဦး သေဆုံးခဲ့သည်။
ထိုယာဉ်ကို စိစစ်တွေ့ရှိချက်များအရ Unique Marine Service ကုမ္ပဏီ
အကြံပေးအရာရှိ Mr. Jonathan Sivapunian ကို ငှားရမ်းထားကြောင်း
ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်တွင် ၀န်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော
အဆောင်အယောင်ယာဉ်များအပြင် ဌာနပိုင်ယာဉ်ကိုပါ
အပိုယာဉ်အဖြစ်သုံးစွဲနေသည်ဖြစ်၍ တိုင်ကြားမှုများရှိပါက ပြဿနာများ
ဖြစ်ပွားလာနိုင်ကြောင်း ညွှန်ကြားလွှာတွင် ဖော်ပြထားသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနသို့
အဆိုပါကိစ္စကို ဆက်သွယ်မေးမြန်းရာ ဌာနများပြားသည့်အတွက် ၎င်းအနေဖြင့် မသိရှိဘဲ
ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ မေးမြန်းရန် တာဝန်ရှိသူတစ်ဦးက
ပြန်လည်ဖြေကြားခဲ့သည်။ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ
““ယာဉ်မောင်းကို အမှုဖွင့်အရေးယူထားပါတယ်””ဟု တာဝန်ကျအရာရှိက
ပြန်လည်ဖြေကြားသည်။
ပြည်ထောင်စုအဆင့် ၀န်ကြီးများသို့ ပေးပို့သော
အစိုးရအဖွဲ့ ညွှန်ကြားလွှာသည် မှန်ကန်ပြီး လုပ်သင့်လုပ်ထိုက်သော
ကိစ္စရပ်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးက
သုံးသပ်သည်။““အသုံးစရိတ်တွေ၊ ဆီစရိတ်တွေက စာရင်းဇယားအရ
သိပ်များနေတာတွေ့ရတယ်။ နောက်တစ်ခုက နေပြည်တော်မှာ ဆီမှောင်ခိုတွေ
သိပ်များနေတာ တွေ့ရတယ်””ဟု ဒေါက်တာဗညားအောင်မိုးက ဆက်လက်ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးတစ်ဦးအတွက်
ပေးအပ်ထားသည့် စက်သုံးဆီ အသုံးစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့်
အခြားအသုံးစရိတ်များအတွက် ကုန်ကျခံရငွေမှာ များပြားနေပြီး
အဆိုပါအသုံးစရိတ်များမှာ သာမန်အသုံးစရိတ်အတွင်း ထည့်သွင်းထားသဖြင့်
လွှတ်တော်မှ ဖြတ်တောက်၍မရကြောင်း ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၁၁ ရက်
အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ဆွေးနွေးခဲ့သည်။
လက်ရှိအချိန်တွင်
အစိုးရအဖွဲ့အတွင်းဝန်ကြီးနှင့် ဒုတိယ၀န်ကြီး စုစုပေါင်း ၉၇ ဦး ရှိသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်အချို့သည် ပြင်ပယာဉ်မောင်း နှင့် ၀န်ထမ်းများအား
မခန့်ထားဘဲ ၀န်ကြီးဌာနမှ ၀န်ထမ်းများကိုသာ တာဝန်ပေးစေခိုင်းပြီး လစာငွေကို
ထုတ်ယူသုံးစွဲမှုများရှိနေကြောင်း နေပြည်တော်ဝန်ကြီးဌာနနှင့် နီးစပ်သည့်
အသိုင်းအ၀ိုင်းမှ သိရသည်။
7day Daily
No comments:
Post a Comment