မြန်မာနိုင်ငံမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့
နိုင်ငံရေး၊ စီပွားရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို
ဂျပန်နိုင်ငံက အကူအညီ ပေးသွားမယ်လို့ သမ္မတ
ဦးသိန်းစိန်က ပြောပါတယ်။
နှစ် ၄၀ ပြည့် အာစီယံ- ဂျပန် ထိပ်သီးအစည်းအဝေး နဲ့
ဂျပန်- မဲခေါင် အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ
ဦးသိန်းစိန်ဟာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ လာအိုဝန်ကြီးချုပ်၊
ဗီယမ်နမ် ၀န်ကြီးချုပ်နဲ့ ဂျပန်ဝန်ကြီးချုပ်
ရှင်ဆိုအဘေးတို့ကို တွေဆုံစဉ်မှာ မြန်မာနိုင်ငံရဲ့
နိုင်ငံရေး စီးပွားရေး ကဏ္ဍတွေ အတွက် ဂျပန်က
ကူညီမယ့်အကြောင်းကို ကျေးဇူးတင်တယ်လို့ သမ္မတက ပြောပါတယ်။
“ဂျပန်ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံရဲ့
အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ နိုင်ငံရေး စီးပွားရေးနဲ့
ငြိမ်းချမ်းရေး ကိစ္စတွေမှာ အကူအညီပေးသွားမယ်လို့
ပြောပါတယ်။ ဒီအတွက်လည်း မြန်မာပြည်သူတွေ ကိုယ်စား
ကျေးဇူးတင်ပါတယ်။”
မြန်မာနိုင်ငံမှာ အဓိက အကောင်အထည်ဖော်နေတဲ့ သီလ၀ါ
အထူးစီးပွားရေးဇုန်မှာ အခြေခံ အဆောက်အဦ
တည်ဆောက်ရေးတွေနဲ့ မြန်မာနိုင်ငံရဲ့
ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀
နီးပါး ဂျပန်က ချေးပေးမယ်လို့ ဂျပန်ကလာတဲ့ သတင်းတွေမျာ
ဖော်ပြထားပါတယ်။
လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီတွေ
ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပြီး အခြားကဏ္ဍပေါင်းစုံမှာ
ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေတဲ့ အချိန်လည်း
ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ နှစ် ၄၀ ပြည့် အာစီယံ- ဂျပန်
ထိပ်သီးအစည်းအဝေး နဲ့ ဂျပန်- မဲခေါင် အစည်းအဝေးကို
တက်ရောက်ပြီး ဂျပန်ဝန်ကြီးချုပ် နဲ့ လည်း
သီးခြားတွေ့ဆုံခဲ့ပါ သေးတယ်။ မြန်မာနိုင်ငံအနေနဲ့
မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်ရေးမှာ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ဖို့ အပြည့်အဝ ပူးပေါင်း သွားမှာ
ဖြစ်ကြောင်းလည်း သမ္မတကပြောခဲ့ပါတယ်။
ဂျပန်အစိုးရကတော့ အာဆီယံ ဒေသအတွင်း
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝဘေးဒဏ် ကာကွယ်ရေးတွေအတွက် ၅
နှစ်စီမံကိန်း အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံကျော်ကို
ကူညီသွားမယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကျင်းပတဲ့ အာဆီယံ
ဂျပန်ဆွေးနွေးပွဲမှာ ကတိပေးသွား ပါသေးတယ်။
by dvb

No comments:
Post a Comment