လှိုင်သာယာမြို့နယ် ပန်းလှိုင်မြစ်ကူးတံတားအနီး ကျူးကျော်တဲထိုးသူများသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ကျူးကျော်တဲများ ဆောက်ခွင့်ပြုသည်ဟုဆိုကာ ကျူးကျော်တဲ အလုံးရေ
တစ်ထောင်ကျော် ထိုးထားပြီး ရွှေလင်ပန်းစက်မှုဇုန်အနီးတွင်လည်း
အခြားကျူးကျော်တဲထိုးသူများက ကျူးကျော်တဲ အလုံးရေ တစ်ထောင်ကျော်
ထိုးထားကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်အတွင်း
ကျူးကျော်တဲများ ၀င်ရောက်ဆောက်လုပ်နေမှုကို အာဏာပိုင်များက
တားဆီးနိုင်ခြင်းမရှိ၍ ကျူးကျော်တဲ ဆောက်လုပ်သူများက နေ့ရော၊ ညပါ
ဝင်ရောက်ဆောက်လုပ်နေကြသည်။ ကျူးကျော်တဲ(အသစ်)အလုံးရေ နှစ်ထောင်ဝန်းကျင်အထိ
ရှိလာပြီး ဒေသခံများနှင့်လည်း မကြာခဏ ပြဿနာဖြစ်ပွားလျက်ရှိသည်။
ပန်းလှိုင်မြစ်ကူးတံတားအနီး
နေရာများနှင့် တွံတေးမြို့သို့သွားရာ လမ်းဘေးမြေနေရာများတွင်
ကျူးကျော်တဲထိုးသူများက ဒီဇင်ဘာတွင် တဲအလုံးရေ တစ်ထောင်ကျော်
ဝင်ရောက်ဆောက်ထားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်က
ကျူးကျော်တဲထိုးခွင့်ပြုသောကြောင့် ကျူးကျော်တဲများ ထိုးရခြင်းဖြစ်ကြောင်း
ပန်းလှိုင်မြစ်ကူးတံတားအနီး ကျူးကျော်တဲထိုးသူများကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည်
ဒီဇင်ဘာ ၁၄ ရက်တွင် ကော့မှူးမြို့နယ်သို့ သွားရောက်ပြီး အပြန်တွင်
ပန်းလှိုင်မြစ်ကူးတံတားအနီး ကျူးကျော်တဲထိုးသူများက
ဒေါ်အောင်ဆန်းစုကြည်ကားကို လမ်းပိတ်ဆို့တားဆီးကာ ၎င်းတို့၏ အခက်အခဲများကို
ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ကားပေါ်မှ မဆင်းဘဲ ကားမှန်ချကာ
ကျူးကျော်တဲထိုးသူများ ပြောသည့် စကားများကိုသာ နားထောင်ခဲ့ခြင်းဖြစ်ပြီး
၎င်းတို့အား တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိဟု သတင်းရရှိသည်။
““ဒီမှာတော့
ဒေါ်အောင်ဆန်းစုကြည်က ဆောက်ခိုင်းလို့ဆိုပြီး တဲတွေဆောက်နေကြတာ။ သူတို့ကတော့
အဲဒီလိုပြောပြီး ဆောက်နေတာပဲ””ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သော
ကိုကျော်စိုးကပြောသည်။
ကျူးကျော်တဲထိုးသူများသည်
တွံတေးမြို့နယ်ပိုင် မြေကွက်များပေါ်သို့ လာရောက်၍ ကျူးကျော်တဲများ
ထိုးခြင်းကြောင့် ဒီဇင်ဘာ ၁၂ ရက်တွင် တွံတေးမြို့နယ်ရဲတပ်ဖွဲ့အပါအ၀င်
ဒေသခံများနှင့် ကျူးကျော်တဲထိုးသူများ ထိပ်တိုက်တွေ့ခဲ့သည်။
လှိုင်သာယာမြို့နယ်တစ်ခုလုံးတွင်
ယခင်ကတည်းက ကျူးကျော်တဲထိုးနေထိုင်သည့် တဲအလုံးရေ ၃၀၀၀
ဝန်းကျင်ခန့်ရှိပြီး၊ ယခု ကျူးကျော်တဲထိုးနေသည့် တဲအလုံးရေ
နှစ်ထောင်ဝန်းကျင်ခန့်ရှိနေသည်။ ယခင်က လှိုင်သာယာစက်မှုဇုန်အတွင်းရှိ
လမ်းဘေးနေရာများ၊ မြောင်းဘေးနေရာများတွင် ကျူးကျော်တဲများ ထိုးနေရာမှ
ယခုအခါ ကျူးကျော်တဲထိုးသူများက အိုးအိမ်ပိုင်မြေနေရာများ၊
စက်ရုံပိုင်မြေနေရာများ၊ ဒေသခံလယ်သမားများပိုင် မြေနေရာများပါ
ကျူးကျော်တဲများ ၀င်ရောက်ဆောက်လုပ်လာခြင်းဖြစ်သည်။
““ကျူးကျော်တဲထိုးတဲ့သူတွေကို
အကြမ်းဖက်ပြီး မဖြေရှင်းပါဘူး။ တရားဥပဒေအရပဲ အရေးယူဆောင်ရွက်သွားမှာပါ””ဟု
လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးထိန်ဝင်းက ပြောသည်။
ဒီဇင်ဘာ
၂၇ ရက် ညတွင် ယောအတွင်းဝန်ဦးဘိုးလှိုင်လမ်းနှင့် ကနောင်မင်းသားကြီး
လမ်းထောင့်တွင်ရှိသော မြေနေရာများကို ကျူးကျော်များက ၀င်ရောက်ကာ
တဲများထိုး၍ ရွှေလင်ပန်းဒေသခံ ရွာသားများနှင့် ကျူးကျော်များ
ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက် ညတွင်လည်း
ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအနီးတွင်
ကျူးကျော်များက ၀င်ရောက်၍ တဲများထိုးသောကြောင့် ရွှေလင်ပန်းရွာသားများနှင့်
ရုန်းရင်းဆန်ခတ် ထပ်မံဖြစ်ပွားခဲ့သည်။
ကျူးကျော်တဲထိုးသူများသည်
၎င်းတို့တဲများ ထိုးပြီးသွားပါက နောက်ထပ်ကျူးကျော်များထံ ပြန်လည်၍ ငှားခြင်း၊
ရောင်းချခြင်း စသည်တို့ ပြုလုပ်နေခြင်းကြောင့် နေရာအနှံ့အပြားတွင်
ကျူးကျော်တဲများ လိုက်လံထိုးနေခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ်
ဒေသခံများက ပြောသည်။
ကျူးကျော်တဲထိုးသူအများစုသည်
ဧရာဝတီတိုင်းမှဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးအိမ်မဲ့များဖြစ်ကာ
ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကာ ကျပန်းလုပ်ကိုင်နေသူများဖြစ်သည်။
၎င်းတို့သည် လှိုင်သာယာမြို့နယ်တွင် အိမ်ငှားဖြင့် နေထိုင်ကြသူများဖြစ်သည်။
အိမ်ငှားခပေးရန်အတွက် အခက်အခဲရှိသောကြောင့် ယခုကဲ့သို့ ကျူးကျော်တဲများ
ထိုးရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
““ကျူးကျော်တွေကို ဘယ်လိုမျိုးအရေးယူရမယ်ဆိုတာ ဆွေးနွေးနေကြပါတယ်””ဟု လှိုင်သာယာမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7day Daily

No comments:
Post a Comment