ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်သူတွေက တစ်ဖက်၊ အစိုးရကို
ထောက်ခံသူတွေက တစ်ဖက် (ရှပ်နီနှင့် ရှပ်ဝါများ) တိုက်ခိုက်မှုတွေ မကြာခဏ
ဖြစ်ပေါ်နေရခြင်းမှာ ထိုင်းနိုင်ငံ၏ အခြေခံဥပဒေ အားနည်းချက်ကြောင့်ဟု
ဆိုနိုင်သလို ယင်းအားနည်းချက်သည် နိုင်ငံ၏ အနာဂတ်ရေးမှာလည်း ရင်လေးဖွယ်ရာ
ဖြစ်တော့သည်။ အကယ်၍များ ဘုရင်ကြီး နတ်ရွာစံ၊ ကံတော်ကုန်သွားခဲ့သည် ရှိသော်
ဒီမိုကရေစီအရေးမှာ မတွေးဝံ့အောင်ဖြစ်သည်။ ဘုရင် ဘူမိဘောသည် သက်ရှိထင်ရှား
ရှိနေပါသေးသည်။ သို့သော် သူ့သြဇာအာဏာ တွေကတော့ ဆုတ်ယုတ် လျော့ပါးလာကြောင်း
ထင်ရှားလှသည်။ သူ့ရုပ်သွင်ကလည်း အားအင်ချည့်နဲ့လာပြီး နားလည်း ကောင်းစွာ
မကြားတော့။ သို့သော် မွေးနေ့ညက စည်းလုံး ညီညွတ်ကြရန် စာတော့
ဖတ်ပြသွားခဲ့သည်။ ဘုရင်နှင့် သက်တော် ၈၁ နှစ်အရွယ် ရှိလာပြီဖြစ်သော
မိဖုရားကြီး သီရိခေတ် တို့နှစ်ဦးစလုံးကို ကြည့်ရသည်မှာ အားအင်တွေ
ဆုတ်ယုတ်ပြီး နွမ်းလျနေကြသည်။ သို့ကြောင့်ပင် ပြည်သူများကို
ရှောင်ရှားနေခြင်းဖြစ်မည်။ သူတို့သည် မြို့တော်ဘန်ကောက်တွင် မနေထိုင်ကြပေ။
တောင်ဘက် ပင်လယ်ကမ်းခြေ အနီးရှိ နန်းတော်တွင် သွားရောက် နေထိုင်ကြသည်။
ဘုရင်က နားအေးပါးအေး မြို့တော်နှင့်ဝေးရာ သွားနေသလို သူ့အပါးတွင်
ခစားသူတွေကလည်း နည်းလာသည်။ ဘုရင့်အပါးတော်မြဲ နိုင်ငံရေးအတိုင် ပင်ခံ၊
ယခင်တပ်မတော်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ် လုပ်ခဲ့ဖူးသည့် လူယုံတော်
ပရမ်တင်ဆူလာနွမ်ဒါ ကလည်း အသက် ၉၃ နှစ် ရှိနေပြီဖြစ်ကာ ကျန်းမာရေးလည်း
မကောင်းတော့ပေ။ သို့ဖြစ်ရာ သူလည်း စစ်တပ်ကို ထိန်းချုပ်ဆဲဖြစ်သည်ဟု ပြောရန်
အကြောင်းမရှိ။ ဘုရင်၏ ဘဝတစ်လျှောက်လုံး အားကိုးအားထား ပြုခဲ့ရသူ
ထိုင်းသာသနာပိုင် ဆရာတော်ဘုရားကြီး မှာလည်း သက်တော် ၁၀၀ တွင် ပျံလွန်တော်မူ
သွားခဲ့သည်။
၆၇ သန်းသော ပြည်သူတို့အနေနှင့် နောက်ထပ် ဘုရင်တစ်ပါး အပေါ်တွင်
စိတ်ဝင်စားမှု အလွန်နည်းပါး လှသည်။ ဘူမိဘောဘုရင်မင်းမြတ် သာလျှင်
သူတို့အတွက် တိုင်းပြည်ကို ကျောထောက်နောက်ခံ၊ စံပြုလောက်သည့် ပုဂ္ဂိုလ်၊
ထိုင်းနိုင်ငံကို ကိုယ်စားပြုသည့် မင်းမြတ်တစ်ပါးဟု ထင်မှတ်ထားကြသည်။
သို့ဖြစ်ရာ ဘုရင်ကြီး ကံတော်ကုန်သွားပါက နောက်တက်လာမည့် အိမ်ရှေ့မင်းသား
ဝဇီရာလောင်ကွန် ကိုပင် ပြည်သူတို့က လက်မခံနိုင်လောက်အောင် ဖြစ်နေကြသည်။
တစ်နည်း အားဖြင့် ပြောရလျှင် အိမ်ရှေ့စံကို ထိုင်းတွေက အထင် မကြီးဘဲ
ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။
ဥရောပတိုက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ စည်းမျဉ်းခံဘုရင်စနစ်က
ထိုင်းနိုင်ငံကဲ့သို့သော ပြဿနာ မျိုးနှင့် ရင်ဆိုင်ရခြင်း မရှိစေရန်အတွက်
ကြိုတင်ကာကွယ်မှုတွေ လုပ်ထားသည်။ ဥပမာ- ဗြိတိန်တွင် ချားလ်စ်မင်းသားကို
ပြည်သူတွေက မကြိုက်၊ စိတ်ဝင်စားခြင်း မရှိသော်လည်း အင်္ဂလန်ပါလီမန်နှင့်
ရွေးကောက် တင်မြှောက်ထားသည့် ခေါင်းဆောင်များက သူ့ကို ရုပ်ပြ သဘောသာ
ထားကြခြင်းဖြစ်သည်။ နိုင်ငံအုပ်ချုပ်ရေးထဲ မင်းမျိုးမင်းနွယ်များကို
နေရာမပေးဘဲ ရုပ်ပြသဘော ထားနိုင်ခဲ့ခြင်းကြောင့် ဗြိတိန်သည်
ဘုရင်စနစ်စိုးမိုးနေဆဲဟု ဆိုနိုင်သော်လည်း ဘုရင်သည် နိုင်ငံရေးကို
လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုနိုင်ပေ။
ထိုင်းနိုင်ငံသည် ဗြိတိန်နိုင်ငံ အဆင့်သို့ တက်လှမ်း နိုင်ခြင်း
မရှိသေးပေ။ ဘုရင်စနစ်ကို အဘယ်ကြောင့် ချုပ်ငြိမ်းအောင် မပြုလုပ်ခဲ့သနည်း
ဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားတို့၏ ဆန္ဒကြောင့်လည်း ဖြစ်နိုင်ပေသည်။ ၁၉၄၆
ခုနှစ်တွင် ဘူမိဘော ထီးနန်းတက်လာကတည်းက ဘုရင်၏ စိုးမိုးမှုအာဏာသည်
မြင့်မားလာခဲ့ရသည်။
ဘူမိဘောသည် ဘော့စ်တွန်တွင် ပညာသင်ကြားခဲ့ပြီး ဟားဗတ်ကျောင်းထွက်ဖြစ်သည်။
ခေတ်မီဆေး ပညာကို သင်ကြားခဲ့သူလည်းဖြစ်သည်။ သူသည် ဆွစ်ဇာလန်နိုင်ငံတွင်
ကြီးပြင်းခဲ့ရပြီး ပညာတတ်ဆွေကြီး မျိုးကြီး ဖြစ်သောကြောင့်လည်း သူ့ကို
ထိုင်းပြည်သူများက အသိအမှတ် ပြုကြခြင်း ဖြစ်ပေလိမ့်မည်။ အမှန်တကယ် ဘူမိဘော
ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ရ ခြင်းမှာ အသက်ငါးနှစ် အရွယ်ကတည်းကဟု
ဆိုရမည်။
ဒုတိယကမ္ဘာစစ် ပြီးသည့်နောက်တွင် ထိုင်းနိုင်ငံ၌ တကွဲတပြားဖြစ်နေသည်ကို
စုစည်းပေးနိုင်သူ တစ်ဦး လိုအပ်နေခဲ့သည်။ ဘူမိဘောသည် အစဉ်အလာအတိုင်း
ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် ဘုရင်တစ်ပါး ဖြစ်သည်။ စစ်တပ်နှင့် ပူးပေါင်းပြီး
တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်ခဲ့သည့် ဘုရင်တစ်ပါးဟုလည်း ဆိုနိုင်သည်။
စစ်အေးခေတ်ကာလ ထိုင်းနိုင်ငံတွင် စစ်တပ်သည် အရေးပါလာသည်ဟု ဆိုရမည်။
အမေရိကန်ပြည်ထောင်စု ကလည်း ထိုင်းစစ်တပ်ကို အထောက်အပံ့များ ပေးထားသည်။ ၁၉၆၀
ပြည့်နှစ်တွင် ရွေးကောက် တင်မြှောက်ထားသည့် အစိုးရအပေါ် ပြည်သူတွေက
ထောက်ခံမှု အားနည်းသေးသည်ဟု ဆိုရမည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေး
အကျပ်အတည်းနှင့် ရင်ဆိုင်ရတိုင်း ဘုရင်က
စစ်တပ်အကူအညီဖြင့် ပြည်သူ ရွေးကောက် တင်မြှောက်ထားသည့် နိုင်ငံရေးသမား
များကို ထိန်းကျောင်း သွားခဲ့ရသည်ချည်း ဖြစ်သည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံ၏
ပါလီမန်ဒီမို ကရေစီဆိုသည်မှာ စစ်တပ်နှင့် ဘုရင့်သြဇာ မကင်းဟုပင်
ဆိုနိုင်သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အရပ်သား အစိုးရအာဏာကို ပြန်လည်
သိမ်းပိုက်ခဲ့ရမှုမျိုး ဘူမိဘောလက်ထက်တွင် ဆယ်ကြိမ်မကရှိ နေကြောင်း ကိုလည်း
တွေ့ရသည်။ အထူးသဖြင့် ၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲတွင် ဘုရင်ကိုယ်တိုင်
ပတ်သက်မှုမှာ အသိသာ အထင်ရှားဆုံးဖြစ်သည်။
ပြီးခဲ့သည် ဆယ်နှစ်ခန့်ကတည်းက ကျန်းမာရေး မကောင်းသဖြင့် ဘူမိဘောသည်
ပြည်သူကြားသို့ အရောက်အပေါက် နည်းလာကြောင်း တွေ့ရသည်။ ဘုရင်သည် ယခင်က
ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ နှင့် သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်
ရှေ့တန်းထွက်ပြီး တစ်တပ်တစ်အား ပါဝင်ခဲ့သူဖြစ်သည်။ ဘုရင်က တိုင်းပြည်တွင်
အာဏာကို စစ်တပ်နှင့် ပူးပေါင်းပြီး အခိုင်အမာ ချထားသောကြောင့်
အရပ်သားအစိုးရ မည်မျှပင် တက်လာသည် ဆိုစေ အပြည့်အဝ အာဏာလွှဲအပ်ရန် အရေးမှာ
အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။
အရပ်သား နိုင်ငံရေးသမားများသည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဒီမိုကရေစီကို
တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်သွားစေရန် ဖော်ဆောင်နိုင်လိမ့်မည်ဟု မှတ်ယူ
ခဲ့ကြသည်။ သို့သော် ထိုင်းနိုင်ငံရေး ပါတီများနှင့် ပါလီမန် အတွင်း၌လည်း
လာဘ်စားမှုများ၊ ခြစားမှုများ လွန်ကဲ နေသောကြောင့် ထိုင်းပြည်သူများသည်
နိုင်ငံရေးသမား ဆိုသူများထက် စစ်တပ်နှင့် ဘုရင် အပေါ်တွင်သာ ယုံကြည်မှု
လွန်ကဲနေကြောင်း တွေ့ရသည်။ ဘူမိဘော အုပ်စိုးသည့် ကာလအတွင်း ကံကောင်းသည်ဟု
ဆိုရမည်လော၊ ကံဆိုးသည်ဟု ဆိုရမည်လော နိုင်ငံရေးသမား တွေကလည်း တစ်နည်းမဟုတ်
တစ်နည်းနှင့် ပြဿနာ တက်ကာ ကျဆုံးသွား ခဲ့ရသည်က များသည်။ ယခုအထိ
ဖြူစင်ရိုးသား သန့်ရှင်းသည့် ခေါင်းဆောင်ကောင်း တစ်ယောက်မျှ
မပေါ်ထွက်နိုင်သေးခြင်းမှာ ထိုင်းနိုင်ငံရေး အတွက် ရင်လေးဖွယ်ရာဟု ဆိုရမည်
ဖြစ်သည်။
သက်ဆင်ရှင်နာဝါထရာကို ၂၀၀၁ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်
တင်မြှောက်ခဲ့ကြသည်။ ထိုကာလတွင်သာ စစ်တပ်နှင့် နန်းတော်ကို အဆက်ပြတ် စေရန်
ကြံဆောင်နိုင်ခဲ့သည်ဟု ဆိုရမည်။ သက်ဆင်သည် သူအုပ်စိုးစဉ် ကာလတွင်
အလွန်အောင်မြင်ခဲ့သူ တစ်ယောက်ဟု ဆိုရမည်။ ထိုင်းနိုင်ငံ စီးပွားရေးကလည်း
တိုးတက်ဖွံ့ ဖြိုးလာပြီး ထောင်စုနှစ်အတွင်း ချဉ်းကပ်လာချိန်၌ ဘုရင်နှင့်
ဗိုလ်ချုပ်ကြီးများ ချုပ်ကိုင်ထားသည့် အာဏာသည် နိုင်ငံရေးသမား သက်ဆင်
လက်အတွင်း ပြန်လည် သက်ဆင်းတော့မည်လော၊ ဘုရင် စနစ် ချုပ်ငြိမ်းတော့မည်လော၊
အာဏာရှင်တို့ခေတ် ကုန်တော့မည်လော စသည့် သို့လော သို့လော ယူဆချက်များ
ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည်။ တစ်နည်းအားဖြင့် ထိုင်းနိုင်ငံကို
အာရှကျားတစ်ကောင် အဖြစ် ပုံဖော်ဆောင် နိုင်မည့်သူမှာ
အရပ်သားအုပ်ချုပ်မှုနှင့် အရပ်သားအစိုးရသာ ဖြစ်သည်ဟု ထင်မြင်ယူဆလာချိန်သို့
ရောက်လာခဲ့သည်။
သက်ဆင်သည် ဘူမိဘောခေတ်ကို သိမ်းပိုက်နိုင်လျှင် အနာဂတ်တွင် သူ့အတွက်လည်း
ဘီလီယံပေါင်း များစွာ ကြွယ်ဝချမ်းသာသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။
သက်ဆင်သည် တိုင်းပြည်တွင် ဘုရင့်နေရာကို အစားထိုးဝင်ပြီး နေရာဝင်ယူလိုသူ
ဖြစ်လာသည်။ အရှေ့တောင်အာရှတွင် မိမိ သြဇာအာဏာ အပြည့်ဖြင့် အုပ်ချုပ်နေကြသော
ဆူဟာတို၊ မဟာသီယာမိုဟာမက် နှင့် လီကွမ်ယု တို့ကဲ့သို့ သူလည်း လွတ်လပ်စွာ
စိုးမိုး အုပ်ချုပ်နိုင်သူ ဖြစ်ချင်လာသည်။
တစ်နည်းအားဖြင့် သူက ဘူမိဘော၏ စည်းမျဉ်းခံ ဘုရင်စနစ်ကို
ကျောထောက်နောက်ခံ ပြုနေရသူ ဖြစ်လာသည်။ ဘုရင့်မိသားစု (အထူးသဖြင့်
အိမ်ရှေ့မင်သား အပါအဝင်) ထင်တိုင်းသုံးနိုင်ရန် လိုသည့်ငွေကို သူက
ဖြည့်ပေးနေရသည်။ စစ်တပ်ကလည်း သူတို့နှစ်သက်သော သူတွေကိုသာ
နိုင်ငံရေးလောကအတွင်း အတင်း သွတ်သွင်း နေကြသည်။
ဘုရင်ဘက်က ကြည့်လျှင် သက်ဆင်ထိုသို့ သြဇာအာဏာ ထူထောင်လာခြင်းသည်
စော်ကားခြင်းသာ ဖြစ်သည်။ ဘုရင် သက်ရှိထင်ရှား ရှိနေသမျှ သက်ဆင်
ထင်ရာစိုင်းပြီး လုပ်ချင်တိုင်း လုပ်ခွင့်ရမည်မဟုတ်ပေ။ ဘုရင်ကြီး နတ်ရွာစံ
ကံတော်ကုန်သွားလျှင်တော့ သူ ထင်တိုင်းလုပ်၍ ရကောင်းရနိုင်သည်။ သို့ဖြစ်ရာ
၂၀၀၅ ခုနှစ် ရွေးကောက်ပွဲတွင် သက်ဆင်သည် ဒုတိယတစ်ကြိမ် ပြန်လည်ပြီး
ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီး နောက် ဘုရင်က သက်ဆင်ကို
ကြောက်လာဟန်တူသည်။ စစ်တပ်ကို အာဏာသိမ်းခိုင်းပြီး သက်ဆင်လည်း
ပြည်ပြေးဘဝသို့ ရောက်ရှိသွားခဲ့သည်။
သက်ဆင်သည် စစ်ဗိုလ်ချုပ်များ၏ အာဏာ လမ်းကြောင်းကို ဖြတ်တောက်ချင်သူ
ဖြစ်သည်။ ထို့ပြင် အိမ်ရှေ့မင်းသား လောင်ကွန်၏ သြဇာအာဏာ ကိုလည်း
သူကထိန်းချုပ်ပြီး ရွေးကောက်ခံ နိုင်ငံရေးသမားများ ဗဟိုပြုသည့်
အုပ်ချုပ်ရေးကို ထူထောင်ရန် ကြိုးပမ်း လုပ်ဆောင်သူ ဟုလည်း ဆိုနိုင်သည်။
သို့ဖြစ်ရာ နန်းတော် အထောက်အပံ့နှင့် တက်လာသော အာဏာသိမ်းပွဲ အလွန်
အစိုးရတိုင်းသည် သူတို့ အလိုမကျလျှင် ပြုတ်ကျရမည့် အနေအထား ဟုလည်း
ဆိုနိုင်သည်။
ဘူမိဘော ကံတော်ကုန်သွားလျှင် ထီးနန်းဆက်ခံမည့် အသက် ၆၁ နှစ်အရွယ်
လောင်ကွန်သည် ဗြိတိန်မှ ချားလ်စ်မင်းသားနှင့် အလားသဏ္ဌာန်တူသော သူတစ်ဦးသာ
ဖြစ်နေပေလိမ့်မည်။ သူ့ဖခင်ကဲ့သို့ သြဇာအာဏာ လွှမ်းမိုး ထက်မြက်လာနိုင်စရာ
အကြောင်းလည်း သိပ်မမြင်ပေ။ နန်းတော်တွင် သူ့နောက်ကြောင်း တွေကလည်း
သိပ်လေးစားစရာ မကောင်းဟု ဆိုနိုင်သည်။ အထူးသဖြင့် သူနန်းတက်လျှင် မည်သူ
တောင်ညာစံ ဖြစ်မည်နည်း ဆိုသည့် ပြဿနာဖြစ်သည်။ သူ့တွင် ရွေးစရာ
သုံးယောက်ဖြစ်နေသည်။
အစဉ်အလာအရ ဘုရင်နတ်ရွာစံလျှင် အိမ်ရှေ့ မင်းသားက ထီးနန်းဆက်ခံရစမြဲ
ဖြစ်သော်လည်း တော်ဝင်အာဏာ၊ ဒီမိုကရေစီ နိုင်ငံရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏
အခန်းကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေး စသည်တို့မှာ မည်သို့မျှ မရေရာသည့်
အနေအထားတွင် ရောက်နေသည်။ ဝီကီလိခ် ပေါက်ကြားမှုတွင် ဘုရင်နှင့်
အိမ်ရှေ့စံကို မနှစ်သက်သူများ စာရင်းတွင် အပါး၌ ခစားသူများက အများဆုံး
ဖြစ်နေကြောင်း တွေ့ရသည်။ ထို့ကြောင့် အိမ်ရှေ့မင်း၏ အနာဂတ်မှာ မရေရာဟု
ဆိုရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် သက်ဆင် မျိုးစေ့ချသွားသည့် ဘုရင် စနစ်ဆန့်ကျင်ရေး
ဝါဒီတွေကလည်း မည်မျှလောက်ပေါ များနေပြီဟု မသိနိုင်။ ဘုရင်ထောက်ခံသူ
အုပ်စုနှင့် မထောက်ခံသူအုပ်စုများ ပေါ်လာလျှင် ကြားညှပ်နိုင်သည့်
အိမ်ရှေ့မင်းသား၏ အရေးမှာ စဉ်းစားစရာဖြစ်သည်။
မည်သို့ဆိုစေ ဘုရင်ခေတ်နှင့် ဘုရင့်အာဏာ သည် တစ်နည်းနည်းဖြင့် ကုန်ဆုံး
ပျောက်သွယ်သွားရ မည်သာ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အာဏာရှင်ခေတ် ထူထောင်ရန်
အမွေဆက်ခံမည့် (မြောက်ကိုရီးယား ကဲ့သို့) အာဏာရှင်စနစ်လည်း မရှိ၊
တက်လာသမျှ အစိုးရ တိုင်းကလည်း မတည်မမြဲ ဖောက်လွဲဖောက်ပြန်၊ ဘုရင့်
အာဏာကလည်း စစ်တပ်နှင့် အပြန်အလှန် မှီခိုနေရ၊ ပြည်သူတွေ ကလည်း ဒီမိုကရေစီ
အကြောင်းပြ၍ တက်လာသမျှ အစိုးရကို မောင်းချနေသောကြောင့် ထိုင်းအနာဂတ်အရေးမှာ
တွေးဆစရာ ဖြစ်ပါတော့သည်။
by the voice

No comments:
Post a Comment