ရခိုင်ပြည်နယ် မြေပုံမြို့နယ်သို့ ရေကြောင်းဖြင့် ၀င်ရောက်လာသော
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးအား ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက
ပြင်ဝိုင်းကျေးရွာ အနီးတွင် ဖမ်းဆီးရရှိခဲ့ရာ လိုအပ်သော
စားနပ်ရိက္ခာများပေးကာ နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။
ထိုသို့ ၀င်ရောက်လာခြင်းနှင့် ပတ်သက်၍ မြေပုံမြို့နယ် ရဲစခန်းမှ
စခန်းမှူး ဦးကျော်ဇေယျက "သူတို့ကတော့ လှေပျက်လို့ ၀င်လာတာလို့ ပြောတယ်။
ဒေသခံတွေကိုမြင်တော့ အကူအညီတောင်းတယ်။ ဒေသခံတွေကလည်း ကျွန်တော်တို့ကို
အကြောင်းကြားတဲ့အတွက် ကျွန်တော်တို့ သွားရောက်မေးမြန်းပြီး လိုအပ်တဲ့
စားနပ်ရိက္ခာတွေ ပေးတယ်။ စက်တွေကို ပြင်စေတယ်။ ဆီထည့်ပေးတယ်။
စက်လှေကိုလည်း
လိုအပ်တာ ပြင်ပေးလိုက်တယ်။ အဲဒီနောက် မြေပုံကနေ မိုင် ၂၀ အထိ
လုံခြုံရေးလှေ နှစ်စီးနဲ့အတူ လိုက်ပို့ပေးလိုက်တယ်။ သူတို့က
ရေလုပ်သားတွေပါ။ ငါးဖမ်းတဲ့ တံငါသည်တွေ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်သား ၁၆ ဦးတို့သည် စက်လှေဖြင့်
ရောက်ရှိလာခြင်းဖြစ်ပြီး ရေကြောင်းလုံခြုံမှု အားနည်းသည့်အတွက်
ထိုသို့ဝင်ရောက်လာနိုင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ထိုသို့
ဝင်ရောက်လာခြင်းများကို ကာကွယ်ရန် လိုအပ်နေမှုကို မြင်တွေ့နေရသည်ဟုလည်း
ပြောဆိုကြသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့မှ ဒေသခံတစ်ဦးက "ဘင်္ဂလားပင်လယ်ကနေ
ဝင်ချင်သလိုမျိုး ၀င်လို့ရနေတယ် ဆိုတာကို ပြနေတာဖြစ်တယ်။ မြေပုံအထိ
ဝင်ရောက်နိုင်တယ် ဆိုကတည်းက လုံခြုံမှု မရှိဘူးဆိုတာကို ပြသနေတာဖြစ်တယ်။
ဒီကိစ္စဟာ သိပ်ပြီးအရေးကြီးပါတယ်။ ပင်လယ်ပြင်လုံခြုံမှု မရှိသရွေ့ အမြဲတမ်း
ခိုးဝင်နေကြဦးမှာပဲ။ သိပ်ပြီးအရေးစိုက်ဖို့ လိုတယ်။ ဒီလိုခိုးဝင်လာရင်
လက်နက်တွေ ပါလာမှာကို ပိုပြီးစိုးရိမ်ရတယ်" ဟု ပြောကြားခဲ့သည်။
by eleven
No comments:
Post a Comment